Sky vila ပြိုကျကွန်ဒိုမှာ အလောင်းတွေ ဖော်လို့ရနေဆဲမို့ ၂၀၀ ဝန်းကျင်ရှိလာ

မန္တလေး၊ စက်တင်ဘာ – ၅- ၂၀၂၅
SA(VOM)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ စက်တင်ဘာ ၅ ရက်မနက်ပိုင်းက အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအပျက်အစီးတွေကြားကနေ ဒီကနေ့အချိန်ထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိတာမှာ ၂၀၀ ဝန်းကျင် ရှိပြီဖြစ်ပါတယ်။
Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၅.၉.၂၀၂၅ ရက်နေ့တွင် အဆောင် (A) မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ၁၀ :၀၅ အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ MFSD က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း Sky villa ကွန်ဒိုအပျက်အစီးတွေထဲက A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 က အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။
၁၁ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုအဆောက်အဦ ပြိုကျမှုကြောင့် A, B, C , D အဆောင်တွေမှာ နေထိုင်တဲ့သူ အများအပြားသေဆုံးခဲ့ရပြီး ဒီကနေ့စက်တင်ဘာ ၅ ရက်နေ့အထိ ကျား၊ မ ခွဲခြားမရတဲ့ ရုပ်အလောင်းကိုးလောင်းအပါအဝင် ကျားမခွဲခြားလို့ရတဲ့ ရုပ်အလောင်း ၁၉၀ ဦး ဝန်းကျင်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ကစပြီး မနေ့ စက်တင်ဘာ ၄ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု ၂၂၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်းဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW