စစ်ရေး ပိုမိုတင်းမာလာလို့ လေးကေ့ကော်ဒေသခံတွေတကျော့ပြန် စစ်ရှောင်

စက်တင်ဘာ ၈ ၊၂၀၂၅
GG (VOM)
ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်ဒေသကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်နေသလို DKBA နဲ့ BGF ဘက်ကလည်း အင်အားအများအပြားနဲ့ တပ်စခန်းအထိုင်တွေချထား တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။
လက်ရှိမှာ BGF က မြဝတီမြို့အထွက်မှ ကားလမ်းမတလျှောက် မေတ္တာလင်းမြိုင်၊လေးကေ့ကော်၊မယ်ထော်သလေးအထိကို အင်အားအများအပြားနဲ့ လုံခြုံရေးရယူထားပြီး DKBA က မင်းလက်ပံ၊ဖလူး၊ဖလူးကြီး၊ကျောက်​ခက်နဲ့ သေ့ဘောဘိုးကနေ ဝေါလေ လမ်းတလျှောက်ကို ထိန်ချုပ်ထားပြီး အင်အားအများအပြားနဲ့ အထိုင်တပ်စခန်း တွေချထားတယ်လို့သိရပါတယ်။
” ဒီနေ့မနက် လေးကေ့ကော်နဲ့ ရသေဂူအကြားကို နှစ်ကြိမ်ကြဲသွားတယ်။လူထိခိုက်ဘာညာတော့မကြားမိဘူး။အခုက DKBA နဲ့ BGF ကလည်း နယ်မြေတွေမှာ အင်အားအများအပြားသုံးပြီး တပ်စခန်းတွေချထားတယ်။အခု BGF နဲ့စစ်တပ်က စစ်ရေးရောလုံခြုံရေးရောပူးပေါင်းလုပ်နေသလို DKBA ဘက်ကလည်း ရွေးကောက်ပွဲလုပ်ရင်ကူညီမယ်တရားဝင်ပြောလာတယ်ဆိုတော့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်ပြီး ရှောင်ကြပြီပေါ့။ စစ်တပ်ကလည်းစစ်ကြောင်းထိုးနေ တယ်။တချို့ တော့မပြောင်းသေးဘူး ရှိကြသေးတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုပါရှိလာတဲ့အတွက် တိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့် လေးကေ့ကော်၊မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ထီးမယ်ဝါးခီး၊ဘဲဟိကလော်၊ ရသေ့ဂူ၊မင်းလက်ပံရွာဒေသခံ အများအပြား တကျော့ပြန်စစ်ဘေးတိမ်းရှောင်နေကြရပြန်တာဖြစ် တယ်လို့သိရပါတယ်။
အဆိုပါ ဒေသခံတွေ နေရပ်ကိုပြန်လည်ဝင်ရောက်နေထိုင်တာ လပိုင်းသာရှိသေးကြောင်း ၊ ယခုတတိယအကြိမ် ထပ်မံစစ်ဘေးရှောင်ကြရပြန်တာဖြစ်တယ်လို့သိရပါတယ်။
” ဒါကတတိယအကြိမ်သူတို့ရှောင်ရတာပါ။နယ်မြေအေးချမ်းလို့ဆိုပြီး ပြန်နေ​ကြတာ မကြာသေးဘူးအခုထပ်ပြေးရတာပါ။ခုပြေးတော့ လူရှိသလောက်နိုင်သလောက်ယူပြီးပြေးကြတယ်။သူတို့နေရပ်ပြန်ကြတော့ စစ်ရှောင်စခန်းတွေကလည်းဖျက်လိုက်ကြတော့ အခုသူတို့မှာ တောထဲဖြစ်သလိုနေနေကြရတယ်။မိုးတွင်းဆိုတော့ မိုးကာတွေလိုနေပါတယ်။” လို့ စစ်ရှောင်ကူညီနေသူကပြောပါတယ်။
လက်ရှိ လေးကေ့ကော်အပြင် ကျေးရွာတွေက စစ်ဘေးရှောင်တွေအတွက် နေထိုင်ရန်အတွက် မိုးကာအပါအဝင် ခြင်ထောင် ၊ စောင်တွေလိုအပ်ပြီး ရေရှည်စစ်ရှောင်ရမယ်ဆိုပါက စားနပ်ရိက္ခာ ၊ဆေးဝါး စတဲ့ပစ္စည်းတွေပါလိုအပ်လာနိုင်တယ်လို့သိရပါတယ်။
လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပွားတဲ့တိုက်ပွဲနဲ့လေကြောင်းရန်ကြောင့် ဒေသခံတွေဟာ နှစ်နဲ့ချီကြာ စစ်ရှောင်ခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်ကမှ နေရပ်ကို ဒေသခံပြည်သူတွေပြန်လည်နေထိုင်ကြတာဖြစ်ကြောင်း ၊ ယခုတကျော့ပြန် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြတာဖြစ် တယ်လို့သိရပါတယ်။
​စက်တင်ဘာလ ၅ ရက်နေ့ ညတုန်းကလည်း လေးကေ့ကော်ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဩဂုတ် ၂၈ ရက်မှာ နလအကကြေငြာခဲ့ပါတယ်။
ဓာတ်ပုံ – saw ba kaung

Related posts

VOM News

FREE
VIEW