ပဲခူးအနောက်ပိုင်းက အုတ်ဖိုနဲ့မင်းလှမှာ လေကြောင်းတိုက်ခိုက်ခံရလို့သုံးယောက်သေပြီး လေးယောက်ဒဏ်ရာရ

စက်တင်ဘာ ၈၊၂၀၂၅
GG(VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာအချို့မှာ စက်တင်ဘာ ၇ ရက်နေ့ညနေပိုင်းက စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး လူသုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
အုတ်ဖိုမြို့နယ်ထဲက ကိုင်းကြီးရွာ၊ ချင်းစု၊ ဒေါင်းစပါးကွင်းရွာဘက်မှာ ဗုံးကြဲခံရတာဖြစ်ပြီး အမျိုးသားသုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။
” မနေ့ကညနေ ၅ ကျော်လောက်မှာဖြစ်တာပါ။သေတဲ့အထဲမှာ ချင်းစုရွာကခုနှစ်တန်းကျောင်းသားလေးနဲ့ အမျိုးသားတယောက်သေတယ်။ကိုင်းကြီးရွာက တယောက်သေတယ်။ ပြေးရင်းလွှားရင်းကို ထိပြီးသေကြတာလို့သိရတယ်။ဒဏ်ရာရတဲ့နှစ်ယောက်က ကျတော့သားအဖတွေ၊ ဒေါင်းစပါးကွင်းရာဘက်ကပါ။ခုဖြစ်တဲ့နေရာတွေက pdf တွေလည်းလှုပ်ရှားတာရှိတယ်။” လို့ အုတ်ဖိုဒေသခံကပြောပါတယ်။
အဆိုပါကျေးရွာတွေဘက်မှာ လတ်တလော ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့သားအဖနှစ်ယောက်မှာ ဆေးဝါးကုသမှုခံယူနေတယ်လို့သိရပါတယ်။
အလားတူ မနေ့ကညနေပိုင်းမှာပဲ မင်းလှမြို့နယ်ထဲက ထောက်ကြန့်‌ကျေးရွာနဲ့ တောင်ပြတ်‌ရွာ‌ဘက်မှာလည်း.စက်တပ်လေထီးနဲ့ဗုံးကြဲခံခဲ့ရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
” အဲဒီရွာတွေက ရိုးမနဲ့နီးတဲ့နေရာတွေပါ။မြို့နဲ့ကျနည်းနည်းလှမ်းတယ်။မနေ့က စက်တပ်လေထီးနဲ့ကြဲတာ နှစ်ယောက်ထိတယ်။သေဆုံးတော့မကြားမိဘူး။ ” လို့ မင်းလှ ဒေသခံကပြောပါတယ်။
ပဲခူးအနောက်ပိုင်းရှိ အုတ်ဖိုမြို့နယ် ၊မင်းလှမြို့နယ် ၊လက်ပံတန်း မြို့နယ်တွေမှာ ယခုစက်တင်ဘာလ ပထမပတ်အတွင်းမှာပဲ ဒလန်အဖြစ်စွပ်စွဲခံရပြီးသတ်ဖြတ်ခံရသူ ငါးယောက်ထက်မနည်းလည်းရှိခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ကလည်း ပဲခူးအနောက်ပိုင်း လက်ပံတန်းမြို့နယ်ရှိ ဆင်တလင်းရွာမှာ ဒရုန်းဗုံးကြဲခံရပြီး အမျိုးသားတယောက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW