ဆူးငှက်
(၁)
“မိုးရေတွေ အဖွေးသားနဲ့
ထွန်ရေးသွား မပြင်နိုင်။
တဲဝက ထိုင်။
မိုးသီးကဖြိုင်၊ တိမ်စိုင်က မြှေး
လယ်ကွင်း ဒလဟာနဲ့
ဆင်တန်ဆာ ယဉ်ပါဘိတယ်
ပြည့်တွက်မို့လေး …”
ကျွန်တော်က … ကဗျာကို ဖတ်ရင်း ပျော်ရွှင်လာသည်။ လေးငါးခြောက်နှစ်သားအရွယ်မို့ ကဗျာပါ စာသားတွေ၏ အဓိပ္ပာယ်ကို ဂဃနဏ မသိ… ။သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ်ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ …
“ငှက်ကလေး သေးသွယ်
လှိုင်းကို စီးတော့မယ်၊
ချစ်စဖွယ် မြည်တဲ့တေး
ဝန်းကျင် အနှံ့ ကြွေး
ညနေအေး ဆည်းဆာရွှင်
သာလှပေတယ် ထင်
လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး
ခင်မင်မိတယ်လေး …” … တဲ့။
ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက ၁၀နှစ်ကျော် သက်တမ်းရှိပြီမို့ ဝါကျင်နေသည်။ ဦးလေးက ထိုသတင်းစာများ ကို သေချာထပ်စီထား၏။ အလွန်လည်း ရိုသေ၏။ သတင်းစာတွေက အရွယ်အစားကြီးပြီး ဟောင်းနွမ်းနေပြီမို့ ကျွန်တော် ယူ၍ ဖတ်သည် ကို ဝမ်းသာကျေနပ်သော်လည်း စုတ်ပြဲသွားမှာ စိုးရိမ်တကြီး ဖြစ်နေသည်။ သို့သော် သတင်းစာကို တစ်ရွက်ချင်း သေသေချာချာ လှန်၍ ဂရုတစိုက် ဖတ်တာမြင်တော့ စိတ်ချသည်။ ကျွန်တော်က ကျောင်းပိတ်ရက်ဆိုလျှင် ဦးလေး၏ အိမ်ကလေးသို့ အမြဲလိုလို ရောက်ဖြစ်၏။ သူ့အိမ်လေးက ၂ခန်း ၁ခန်း ရှည်ရှည်လေး …။ သည်အခန်းလေးထဲ ကုတင်ရှိသည်။ ကုတင်ဘေးမှာ သတင်းစာတွေကို အထပ်လိုက် စီစီ ရီရီ ပုံထားသည်။ လူတစ်ရပ်သာသာ အမြင့်ရှိသည့် စင်ပေါ်မှာလည်း မဂ္ဂဇင်းစာအုပ်ဟောင်းတွေ ရှိသည်။ မဂ္ဂဇင်းစာအုပ်ဟောင်းတွေက မြဝတီ၊ ရှုမဝ၊ သွေးသောက်တို့က အများဆုံးဖြစ်သည်။ သတင်းစာအဟောင်းတွေကတော့ … “လူထု” တစ်မျိုးတည်းဖြစ်၏။
ဦးလေး၏ အိမ်ကလေးက အများသုံး ရေတွင်းကြီးဘေးမှာရှိသည်။ နေ့လယ်နေ့ခင်း ရေချိုးသွားပြီဆိုလျှင် ရေတွင်းဆီ တော်တော်နှင့် မရောက်ဖြစ်တော့ …။ ရေလဲပုဆိုး စလွယ်သိုင်းပြီး သတင်းစာဟောင်းတွေ လှန်ဖြစ်တော့သည်။ ကျွန်တော်ဖတ်နေသော ကဗျာ၂ပုဒ်ပါသည့် သတင်းစာက ၁၉၅၄ ခု၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် လူထုသတင်းစာဖြစ်၏။ ဦးလေးဆီမှာ ၁၉၅၃ ခုလောက်မှစ၍ လူထုသတင်းစာ ပိတ်သိမ်းသည့် ၁၉၆၄ ခုနှစ်အထိ သတင်းစာတွေ စုထားသည်။ နေ့စဉ် အစုံအလင်တော့ မဟုတ် …။ သူကြိုက်သည့် ဆောင်းပါးနှင့် ကဗျာများပါသည့် သတင်းစာတွေဖြစ်မည်။ စောင်ရေ နှစ်ရာ သုံးရာတော့ ရှိမှာပေါ့ …။
မောင်လှဝင်း (မြင်းခြံ) ၏ အရက်ဆိုင်ထဲမှာ …
ဦးမောင်၏ နေ့မှာ ကဗျာ၊ ညမှာ အရက်
ကန်မြဲဆရာ၏ ပြည်သူတို့၏ အဖိုးအို
တံတားဦးဆရာ၏ နွားသုံးကောင်နှင့် လှည်းတစ်စီး
အင်းဝဆရာ၏ မုတ်သုန်ဦး
မြင်းခြံဆရာ၏ အောက်ပြုပ်သွားတဲ့ အညာသား စာရေးဆရာ
မောင်လွမ်းသူ၏ ခြောက်သွေ့သော အညာ
မောင်ခိုင်မာ၏ ရူးသွပ်သွားသော အနုမြူပါမောက္ခကြီး
တက္ကသိုလ် မောင်ထွန်းဝေ၏ ကြာပန်းပွင့်ချိန်
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အမျိုးသားနေ့ စည်တော်သံ
သခွပ်နီ(ရန်ကုန်)၏ ရဲရင့်သော သမိုင်း စသည့် ကဗျာတွေကို ဦးလေးက ညွှန်းသည်။
ထိုကဗျာများ အားလုံး လူထုသတင်းစာမှာ ပါသည်။ သရုပ်ဖော်ပုံတွေကလည်း ရင်ထဲ စွဲငြိသွား၏။
ကျွန်တော်သည် ကျောင်းပိတ်ရက်တိုင်း ဦးလေး၏ သတင်းစာပုံဆီ ရောက်သွားသည်။ ၁၀နှစ်ကျော် ၁၅ နှစ်ဝန်းကျင် အဟောင်း တွေမင့် သတင်းစာတွေက သမိုင်းအချက်အလက်တွေမို့ စိတ်ဝင်စားသည်။
“တရုတ်မြန်မာ နယ်နိမိတ် ရွာ ၃ရွာ၊ နှစ်ဦးနှစ်ဖက် လွှဲပြောင်းပေးလိုက်ကြပြီ” ဟူသော သတင်းမျိုးကိုတော့ သေချာ နားမလည် လို့ ဦးလေးကို မေးရ၏။ (မှတ်မှတ်ရရ ထိုသတင်းနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်လောက်ရောက်မှ ဦးတင်မောင်ရင်၏ ခေတ်မြန်မာတည်ဟန် စာအုပ်ကို ပြန်ဖတ်ရသည်။
“ဗုဒ္ဓဘာသာ၊ နိုင်ငံတော်ဘာသာဖြစ်ပြီ” ဟူသော သတင်းမျိုးကိုတော့ နားလည်မိ၏။ “ငလျင်ကြောင့် နာရီပိုင်းအတွင်း မြို့ပျက် ကြီး ဖြစ်ရတဲ့ စစ်ကိုင်း” ဟူသော သတင်းနှင့် “မန္တလေးယူနီဗာစီတီ၏ ပထမနေ့” ဟူသော သတင်းဆောင်းပါးမျိုးက ရသပါသည်။
ဖတ်လိုက်ရသည်နှင့် မြိုးမြိုးမျက်မျက်နှင့် ထင်းခနဲ၊ လင်းခနဲ ဖြစ်ရသည်က “အမျိုးသားယဉ်ကျေးမှုကို ခြံခတ်ထိုက်သလော” ဟူသည့် ဆောင်းပါးဖြစ်သည်။ ရေးသားသူက လူထုဒေါ်အမာဖြစ်သည်။ လူထုဦးလှ၏ “သတင်းစာဆရာ” ဟူသော ဆောင်းပါးကလည်း စိတ်ဝင်စားဖွယ်ပင် …။
ကျွန်တော်သည် လူထုသတင်းစာအဟောင်းတွေကို အမြဲလိုလို ဖတ်ရသည်။ သတင်းစာတွင် ပါဝင်ရေးသားကြသော ကဗျာဆရာ၊ ကာတွန်းဆရာ၊ ဆောင်းပါးဆရာ၊ စာရေးဆရာတွေကို ကျက်မိနေသည်။ သူတို့စာ၊ သူတို့ဆောင်းပါး၊ သူတို့ကဗျာ၊ သူတို့ ကာတွန်းတွေကတစ်ဆင့် ရင်းနှီးနေသည်။ ထိုမျှမက ကြည်ညိုနေမိ၏။ ၁၀နှစ်၊၊ နှစ် ၂၀ သက်တမ်းကြာ သတင်းစာအဟောင်းတွေမင့်၊ ထိုသတင်းစာပါ …“စာ”တွေက အခုအထိ အသိပညာ၊ အတွေးအခေါ်တွေ ဖြည့်ဆည်းပေးနေသည်ဟု ခံစားနေရသည်။ အထူးသဖြင့် “လှုပ်ရှားနေသော ကမ္ဘာ” ပင်တိုင်အခန်းကို ကြိုက်သည်။ မလွတ်တမ်း ဖတ်မိသည်။ နိုင်ငံတကာရေးရာများကို ပြည်သူလူထုဖက်က အမြင်ဖြင့် ရေးသားထားခြင်းဖြစ်၏။ အရေးအသား ရိုးရိုးရှင်းရှင်းနှင့် “ဖခင်အောင်နိုင်” အခန်းကိုလည်း ကြိုက်သည်။ ထိုအခန်းနှစ်ခန်းစလုံး ကို ရေးသားသူမှာ လူထုဒေါ်အမာဖြစ်သည်။
၁၉၅၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် လူထုသတင်းစာမှာ ဖခင်အောင်နိုင်၏ “ဈေးချိုတော်အတွင်း စီးပွားရေးအခြေအနေ” ဟူသည့် ဆောင်းပါးမှာ ယခုတိုင် လတ်ဆတ်နေဆဲပင်ဖြစ်သည်။ ဖတ်ကြည့်ပါဘိ။
ဈေးချိုတော်အတွင်း စီးပွားရေးအခြေအနေ
“ထွန်းရှိန်ရာ မင့်မလဲ လည်ပါပေ့ကွာ”
“ ကျွန်တော် မလည်ပါဘူး ခင်ဗျာ၊ ဈေးထဲက သူငယ်ချင်းတွေနဲ့ တွေ့လို့ ထိုင်နေ၊ စကားကောင်းနေကြတာနဲ့ ကြာသွားလို့ပါ”
“ဈေးချိုထဲ အရောင်းအဝယ်တွေ ဘယ်လိုနေလဲကွ”
“ငြီးလိုက်ကြတာခင်ဗျာ၊ ခြူသံပါလို့။ ဆိုင်တန်းတွေထဲလည်း မြင်းပြေးလို့ ရမတတ်ဘဲ။ ကျွန်တော်တို့ စကားကောင်းနေကြတာ အဲဒီအကြောင်းတွေ ပြောနေကြတာပဲခင်ဗျ”
“တို့မန္တလေးက မိုးတွင်းမှာတော့ ဈေးပါးတဲ့ လမျိုးပဲကွ သီတင်းဝါလကျွတ်မှ ဈေးကောင်းစမြဲ မဟုတ်လား”
“ဈေးသည်တွေက နှစ်စဉ်နှစ်တိုင်းလည်း ဒီလမျိုး ရှားပါးတာတော့ မှန်သတဲ့ ခင်ဗျ၊ နို့ပေမယ့် ဒီနှစ်အရောင်းပါးတာက ပိုဆိုးသတဲ့၊ ဈေးဦးမပေါက်တဲ့ ဆိုင်တွေ အပုံပဲ ရှိကြသတဲ့။ နှစ်တိုင်းနဲ့ စာလို့ကို မဖြစ်အောင် ပါးတယ်။ တော မဆူဖြိုးလို့ မြို့အရောင်း အဝယ်သမားတွေ ဒီလောက် ထိုင်းမှိုင်းတယ်လို့ ပြောပါတယ်”
“တောင်ပြုံးကတော့ နီးပြီကောကွာ”
“အဲတာကိုပဲ ဈေးသူဈေးသားတွေက စောင့်နေကြပါတယ်။ မိုးတွင်းကာလမှာ ဈေးရောင်းပါးပေမယ့် နှစ်တိုင်းတော့ ဝါခေါင် လဆန်း တောင်ပြုံးပွဲ စတော့မယ်ဆိုရင် မြန်မာပြည်နယ်တကာက နတ်ပွဲလာ ဧည့်သည်တွေ ရောက်လာတာမို့ ရောင်းပန်းဝယ်ပန်း တစ်ချီ ပွင့်တယ်။ ဒီနောက် နည်းနည်းထိုင်းသွားပြီး သီတင်းကျွတ်လဆန်းပြန်တော့ အလှူမင်္ဂလာတွေအတွက် ရောင်းပန်းဝယ်ပန်း ပွင့်ပြန်တယ် လို့ သူတို့ သတ်မှတ်ထားတယ်။ နို့ပေမယ့် ကနေ့တိုင်းပြည်အခြေအနေတွေ ထောက်ပြီး၊ ဒီနှစ်တောင်ပြုံးရာသီမှာ စိုစိုပြေပြေနဲ့ အရောင်း အဝယ်ကောင်းလိမ့်မယ်လို့ သူတို့က မထင်လှဘူး”
(၅.၇.၅၄) ၁၃၁၆၊ ဝါဆိုလဆန်း ၆ရက်၊ အင်္ဂါနေ့ထုတ် လူထုသတင်းစာမှ
“ဖခင်အောင်နိုင်” အခန်းမှ ထိုသို့သော ဆောင်းပါးများအပြင် ၁၉၅၇ ခု၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် လူထုသတင်းစာမှ “ဆိုင်းတန်းနေပြည်တော် အသံထွက် ရုပ်ရှင်ရုံကြီးကို ပြာသိုလပြည့်ကျော် ၄၊ ၅၊ ၆ ရက်နေ့များမှာ မန္တလေးစာရေးဆရာအသင်းက ကြီးမှူးကပြ မည့် ဂင်္ဂါမာလ ရေသည်ပြဇာတ်နှင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပြာသိုလပြည့်ကျော် ၇ ရက်နေ့မှစပြီး ဗြိတိသျှဘားမားရုပ်ရှင်က ဖူးစာနှစ်ခိုင် ဇာတ်ကား စတင်ပြသမည်ဆိုတဲ့ သတင်းမျိုးကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
(ဆက်ရန်)
ဆူးငှက်
