အောင်ပန်းမှာ နွားပွဲစားအချင်းချင်း စကားများပြီး ကားနဲ့တိုက်သတ်

စက်တင်ဘာ ၈ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်၊ မနက်အစောပိုင်းက နွားပွဲစား အချင်းချင်း စကားများ ရန်ဖြစ်ရာက ကားနဲ့ တိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်ပန်းမြို့ကနေ ကလောမြို့ဘက်အထွက် ညောင်ပင်ထောင်ရပ်ကွက်၊ စာသင်ကျောင်းအနီး ကားလမ်းပေါ်မှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က အခင်းဖြစ်ပွားခဲ့တာလို့ သိရပြီး ကားနဲ့ အတိုက်ခံရသူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သူတို့နှစ်ယောက်က သူငယ်ချင်း၊ ပျော်ဘွယ်ဇာတိ၊ တရွာတည်းသားတွေ။ သူတို့ နွားပွဲစားအဖွဲ့တွေ KTV ကနေအပြန်မှာ အခုလိုဖြစ်တာ။ နွားသယ်တဲ့ ၁၀ ဘီးကားပေါ့။ အဲဒီကားနဲ့ အတူတူ ပြန်လာကြရင်း ကားပေါ်မှာ စကားများလာကြတာ။ နှစ်ယောက်လုံးကလည်း မူးနေတာ။ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းနားလည်း ရောက်ရော သေဆုံးသူက ကားပေါ်ကနေ ရန်ဖြစ်၊ ဆင်းသွားပြီး ကားနဲ့ လားရာတူ အရှေ့ဘက်ကို လျှောက်သွားတဲ့အချိန်မှာ နောက်ကနေ ကားနဲ့ တိုက်သတ်လိုက်တာပေါ့။ ကားပါ လမ်းဘေးမြောင်းထဲ ကျသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလို ကားနဲ့ တိုက်ပြီးတဲ့နောက် အလောင်းကို အဆိုပါကားနဲ့ပဲ အောင်ပန်းဆေးရုံကို ပို့ဆောင်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူက မြို့နယ်ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့တယ်လို့ သူက ပြောပါတယ်။
“အခင်းဖြစ်တဲ့အချိန် ကားပေါ်မှာ သူတို့ နှစ်ယောက်တည်းတော့ မဟုတ်ဘူး။ တခြား နှစ်ယောက်လောက်လည်း ပါလာသေးတယ်လို့ သိရတယ်။ ဒါပေမယ့် ဘယ်သူမှ တားချိန် မရလိုက်တာပေါ့။ အကုန်လုံးကလည်း မူးနေလောက်မယ်။ အခုတော့ အောင်ပန်းနယ်မြေ ရဲစခန်းက ဒီအမှုကို အရေးယူ ဆောင်ရွက်နေတယ်။ ကားကိုလည်း သိမ်းထားပြီးပြီ” လို့ သူက ပြောပါတယ်။
သေဆုံးသူနဲ့ ပြစ်မှု ကျူးလွန်သူဟာ ပျော်ဘွယ်မြို့နယ်၊ ဆတောင်ကျေးရွာမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပြီး အောင်ပန်းမြို့က လွယ်မယ်ကျေးရွာ နွားပွဲစျေးကို လာရောက်ကြသူတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခင်းဖြစ်ပြီး ဆေးရုံရောက်တော့ ရဲမှုခင်းဖြစ်တဲ့အတွက် အလောင်းကို ရင်ခွဲရုံကိုပို့ပြီး မနက်ကျတော့ ရင်ခွဲစစ်ဆေးတယ်။ ကာယကံရှင် မိသားစုက ပျော်ဘွယ်က ဖြစ်တဲ့အတွက် မိသားစုတွေကလည်း ပျော်ဘွယ်ကို ပြန်ခေါ်မယ်ဆိုတော့ ဒီနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ပျော်ဘွယ်ကို ပြန်ပို့နေပါပြီ” လို့ သူက ပြောပါတယ်။
သေဆုံးသူဟာ ကိုမျိုးသက် အသက် (၃၂) ဝန်းကျင်ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူကတော့ ကိုထွန်းဇော်ဟိန်း အသက် (၃၅) နှစ်ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW