ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅
ရတီ(VOM)
နီပေါနိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီးနောက် နီပေါဝန်ကြီးချုပ် ကေအီရှာမာအိုလီဟာ ဒီကနေ့မှာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။
လူမှုကွန်ရက်မီဒီယာ ပိတ်ပင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မနေ့က ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကြား ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၁၉ ယောက် သေဆုံးပြီးနောက် ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာပါ။ အသက် ၇၃ နှစ်ရအရွယ် ဝန်ကြီးချုပ် အိုလီက ဆန္ဒပြပွဲများအတွင်း သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်လု့ ပြောပါတယ်။
“ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နောက်ထပ်ခြေလှမ်းတွေလှမ်းတွေအတွက် ဝန်ကြီးချုပ်ရာထူးကနေ ဒီကနေ့ နုတ်ထွက်လိုက်ပြီ ” လို့ နီပေါသမ္မတ Ram Chandra Poudel ထံ ပေးတဲ့ နုတ်ထွက်စာမှ ဝန်ကြီးချုပ် အိုလီက ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ခတ္တမန္ဒူမှာ လူ ၁၇ ယောက် သေဆုံးခဲ့ပြီး အရှေ့ပိုင်း ဆန်ဆာရီ ခရိုင်မှာ နောက်ထပ် နှစ်ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ခတ္တမန္ဒူရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကတော့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် အပါအဝင် လူ ၄၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ Facebook၊ YouTube နှင့် X အပါအဝင် ဆိုရှယ်မီဒီယာဆိုဒ်အများအပြားကို ပိတ်ပင်ထားမှုအား ဒီကနေ့မှာ အစိုးရ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဆန္ဒပြမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တည်ရှိနေတဲ့ နီပေါနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးနိုင်ငံရေး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးမသေချာမရေရာမှုတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။
နီပေါနိုင်ငံ အဓိကနိုင်ငံတကာဝင်ပေါက်ဖြစ်သော ခတ္တမန္ဒူလေဆိပ်မှာ လေယာဉ် ဆိုက်ရောက်ရာ အနီးနားရှိ ဒေသတွေမှာ ဆန္ဒပြသူတွေရဲ့ မီးခိုးငွေ့များကြောင့် လေယာဉ်ဆင်းသက်မှုတွေ ရပ်ဆိုင်းထားရပါတယ်။ အိန္ဒိယ-နီပေါနယ်စပ်အနီးရှိ မြို့အချို့မှ ရာနဲ့ချီလူတွေဟာလည်း ဆန္ဒပြသူတွေကို ထောက်ခံဖို ခတ္တမန္ဒူမြို့သို့ စတင်ချီတက်နေပြီလို့ ဆန္ဒပြသူတယောက်က ရိုက်တာကို ပြောပါတယ်။
“ကျွန်တာ်တို့ရဲ့အနာဂတ်အတွက် ဒီမှာရှိနေတာပါ ။ ဒီနိုင်ငံကို အဂတိလိုက်စားမှု ကင်းစင်စေချင်လို့ ပညာရေး၊ ဆေးရုံတွေ၊ ဆေးဘက်ဆိုင်ရာတွေနဲ့ တောက်ပတဲ့အနာဂတ်ကို လူတိုင်းရနိုင်စေမှာပါ” ဆန္ဒပြသူတယောက်က ပြောပါတယ်။
နီပေါမြို့တော်အပြင် အခြားမြို့တွေကိုပါ ပျံ့နှံ့သွားတဲ့ ဆန္ဒပြပွဲတွေကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်ဖို့ လူငယ်တွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်မှုကြောင့် စတင်ခဲ့ပြီး “Gen Z ဆန္ဒပြပွဲများ” လို့လည်း ဆိုကြပါတယ်။
Ref:CNA
Photo:AP
