ဖားကန့်မှာ လက်နက်ကြီးကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရ

စက်တင်ဘာ ၉ – ၂၀၂၅
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက် အစောပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၁ နာရီဝန်းကျင်က ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ ရပ်ကွက် (၃) မှာ လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဇံချောင်းကျေးရွာက ပြင်းထန်ဒဏ်ရာ ရရှိသူ လေးယောက်အနက် တယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကနဦး စာရင်းအရကတော့ သေဆုံးသူ အပါအဝင် ခုနစ်ယောက် ဒဏ်ရာရ။ ဒါပေမယ့် ညတွင်းချင်း ဆေးခန်းပို့တာနဲ့ အသေးစား ထိတာတွေရှိတယ်။ ဒါကြောင့် စုစုပေါင်း ဒဏ်ရာရ ၁၀ ယောက်လို့ ပြောတာပါ။ ဘဇံချောင်းကျေးရွာက ပြင်းထန် ဒဏ်ရာရ လေးယောက်မှာ တယောက်သေတယ်။ အဲဒီတော့ သေဆုံး တယောက်၊ ဒဏ်ရာရ ကိုးယောက်လောက်ရှိမယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်နက်ကြီး ကျရောက်မှုကြောင့် စာသင်ကျောင်း၊ ဈေးဆိုင်နဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့သလို ဆိပ်မူကျေးရွာ ရပ်ကွက် (၃) က နွားနှစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ၊ ဘုရားကုန်းဘက်မှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ဖားကန့်မြို့မှာ နလအတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သလို လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မြို့မ ဆွတ်ဂျာကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို စက်တင်ဘာ ၇ ရက်နေ့ကလည်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ်လ ၇ ရက်နေ့ကလည်း ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ဆုတောင်းကုန်းရှိ KBC ဘုရားကျောင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်နက်ကြီးမကျခင် ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားနေတဲ့ အမှိုက်ပုံကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၃ ရက်နေ့ကလည်း ရှရော်ခကျေးရွာနဲ့ ဆန်းကြွယ်ကျေးရွာမှာ လက်နက်ကြီးကြောင့် နှစ်ယောက် သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ် ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း မျောက်ဖြူ၊ ရှရော်ခနဲ့ ဆွတ်ဂျာကုန်း ကျေးရွာတွေမှာ လက်နက်ကြီးကြောင့် ခြောက်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်မြို့မှာ တိုက်ပွဲဧရိယာ ပိုမို ကျယ်ပြန့်လာလျက်ရှိတာမှာ နလအတပ်ဟာ အမှိုက်ပုံ၊ ဖားကန့်သင်္ချိုင်း၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ မှော်မောင်းလျှံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ယူမာ စတဲ့ ကျေးရွာတွေတဝိုက် စစ်ရေးလှုပ်ရှားနေသလို အဲဒီ ကျေးရွာ၊ ရပ်ကွက်တွေ အနီးဝန်းကျင်မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် မနာ၊ ဖားပြင်၊ ရှရော်ခ၊ တောင်ပြို၊ မှော်၀မ်းကြီး၊ မှော်၀မ်းလေး၊ ဆွတ်ငိုင်ယန်၊ အမှိုက်ပုံနဲ့ ဆန်းကြွယ် စတဲ့ ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ဒေသခံ ၃၀၀၀ ဝန်းကျင် စစ်ဘေး တိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ ဖားပြင် ကူးတို့ဆိပ်၊ မမုံ ကူးတို့ဆိပ်တို့မှ ဥရုချောင်းကိုကူးကာ ဆိပ်မူဘက်ခြမ်း၊ ဖားကန့်ဘက်ခြမ်းတို့ကို စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်၊ မနက် အစောပိုင်းကစပြီး နလအတပ်တွေဟာ မမုံ – ဖားပြင်ကျေးရွာနဲ့ ဖားကန့်သွားလမ်းပေါ်က ဆန်းကြွယ် – မှော်တောင်း ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။
ဒါအပြင် မနေ့ စက်တင်ဘာ ၈ ရက်‌နေ့ကလည်း ဖားကန့်၊ ဆန်းကြွယ်ရွာနဲ့ မျောခြံဘက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေသလို အဲဒီနေ့ ညပိုင်းမှာပဲ မော်မောင်းလျှံအခြမ်းက တုံးစန်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ နလအတပ်ဟာ မြန်မာနိုင်ငံတဝန်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်လည်ရယူဖို့ အရှိန်အဟုန် မြှင့်တင်လာနေတာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းက ဖားကန့်အပြင် ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာလည်း တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW