နိုင်ငံရေးပါတီ လေးခုကို ပယ်ဖျက်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်

စက်တင်ဘာ ၁၀ – ၂၀၂၅
KKO(VOM)
ရွေး/ကော်(UEC)က နိုင်ငံရေးပါတီ လေးခုကို သတ်မှတ်ချက်မပြည့်မီဟုဆိုကာ ပယ်ဖျက်လိုက်မှုအပေါ် မြန်မာ့ပါတီနိုင်ငံရေးနယ်ပယ်လောက မှာဝေဖန်သံတွေထွက်ပေါ်နေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က စက်တင်ဘာ ၉ ရက်နေ့၊ညပိုင်းအချိန်မှာပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီ သုံး ခုဖြစ်တဲ့ ခမောက်လို့လူသိများတဲ့အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊အမျိုး သမီးပါတီ(မွန်)နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့တာပါ။
” UEC ကနိုင်ငံရေးပါတီ ၄ ခုကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီးအခုဖျက်သိမ်းလိုက်တယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲအနီးမှာ ဒီလိုမျိုးတွေဖြစ်လာမလားဆိုပြီး စိုးရိမ်‌နေကြတယ်ပေါ့၊ဒါကကျန်တဲ့နိုင်ငံရေးပါတီတွေအတွက်လည်းမျက်ခုံးလှုပ်စရာ‌ဖြစ်လာပါတယ်”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။
ရွေး/ကော်(UEC)က အခုလိုနိုင်ငံရေးပါတီ ၄ ခုကိုပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝါရင့်ပါတီနိုင်ငံရေးသမားတယောက်ဖြစ်သူ ဦးကိုကိုကြီးက မှတ်ချက်တစုံတရာပေးလိုခြင်းမရှိဘူးလို့ VOM ရဲ့မေးမြန်းမှုကိုယနေ့နံနက်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ရွေးကောက်ပွဲဝင်နိုင်တဲ့အဆင့်မရှိလို့ ပါဝင်ခွင့်မရှိဘူးလို့ ပြောချင်ပြောပေါ့၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြစ်မှုပြစ်ဒါဏ်မရှိဘဲ ပါတီဖျက်လို့ရလား၊ ရွေးကောက်ပွဲဝင်ခွင့်ရတဲ့ပါတီတွေကလည်း ဒီလိုမူကိုတောင်မှ ရအောင်မဖျက်နိုင်ဘဲ ပြိုင်ဘက်နည်းရင်ပြီးရောဆိုတဲ့စိတ်နဲ့ ကြိတ်ဝမ်းသာနေရင်တော့ ကောင်းသောယှဉ်ပြိုင်ခြင်းကို မလိုလားတဲ့ ဂုဏ်သိက္ခာမဲ့ ပါတီတွေသာ ဖြစ်လိမ့်မယ်၊ ဝိုင်းဝန်းလုပ်ဆောင်သင့်တယ် ” လို့ နိုင်ငံရေးခေါင်းဆောင်တယောက်က ပြောပါတယ်။
ဒါအပြင် ရွေး/ကော်(UEC)ရဲ့နိုင်ငံရေးပါတီပယ်ဖျက်လိုက်မှုမှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပါတီတွင်းမှာ စည်းဝေးတိုင်ပင်နေကြတဲ့အတွက် လတ်တလောမှာ မှတ်ချက်တစုံတရာ‌မပေးလိုသေးဘူး”လို့ VOM ကို ပြောပါတယ်။
ရွေး/ကော်(UEC)ဘက်ကတော့ အဲဒီပါတီတွေကို နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ရခြင်းဟာဟာသတ်မှတ်ပါတီဝင်ဦးရေမပြည့်မီခြင်းနဲ့ပါတီရုံးခန်းတွေသတ်မှတ်အရေအတွက်မပြည့်မီခြင်းတို့ကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။
ဒါကြောင့်ယခုနှစ်၊ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉ ပါတီအနက် ၆ ပါတီသာကျန်ရှိတော့တယ်လို့ သိရပါတယ်။
အဲဒါအပြင်ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့ ရုန်းကန်နေရပြီးကိုယ်စား လှယ်လောင်းစာရင်း တင်သွင်းဖို့တောင်အခက်အခဲရှိနေတယ်လို့ ပါတီနိုင်ငံ ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက VOM ရဲ့ မေးမြန်းမှုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဖြေကြားထားခဲ့ပါတယ်။
“UEC က နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၁၂/က အရ သတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီး နိုင်ငံရေးပါတီတခုချင်းစီအလိုက်ကိုပယ်ဖျက်လိုက်တာပါ။စုစုပေါင်းနိုင်ငံရေးပါတီ ၄ ခုပေါ့။နောက်တခုကဘာစိုးရိမ်စရာကောင်းလဲဆိုရင် ခြေ/ဥ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ မှာပြည်ခိုင်ဖြိုးပါတီကလွဲလို့ ကျန်တဲ့နိုင်ငံရေးပါတီတွေအားလုံးကိုဖျက်သိမ်းလိုက်တယ်ဆိုရင်လည်း ဒါကပွဲပြီးသွားပြီပေါ့။ ဘာသွားပြောမလဲ၊ ဘာမှပြောလို့မရဘူးလေ”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
ပြည်​ထောင်စု​ရွေး​​ကောက်ပွဲကော်မရှင်ကို ဒီဆုံးဖြတ်ချက်ဟာ အပြီးအပြတ်လား အယူခံဝင်လို့ရ​သေးလားလို့ သတင်းဌာန​တွေက​ မေး​ပေမယ့် လက်ရှိအချိန်ထိ ​ဖြေမ​ပေး​သေးပါဘူး။
နလအ အနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီး နိုင်ငံတဝန်းက မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ဒါအပြင် အပိုင်းလိုက်ဆက်လက်ကျင်းပမယ့်ရွေးကောက်ပွဲနေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW