စက်တင်ဘာ ၁၁ ၊ ၂၀၂၅
GG (VOM)
ပဲခူးမြို့ ၊ မြို့ရှောင်လမ်းရှိ ဝင်းစတားဆီဆိုင်အနီးမှာ ဆီဘောက်ဆာကားက ဝင်တိုက်မိလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသားတယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့သူဆီကသိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြို့ရှောင်လမ်းမှာ မောင်းနှင်တဲ့ ဆီဘောက်ဆာကားက ကလေးငယ်လိုက်ပါစီးနင်းလာတဲ့ဆိုင်ကယ်ကို ဝင်တိုက်မိရာကနေ နှစ်ယောက်လုံးသေဆုံးခဲ့ရတာဖြစ်ကြောင်း ၊ ကားသမားကိုဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။
” ကျွန်တော်တို့ ဆီအကြောင်းကြားတာက ၄ နာရီထိုးပြီးချိန်ပါ။သွားတော့ဆုံးနေပြီ အလောင်းကောက်ပြီးသယ်လာခဲ့တာ။သိရတာတော့ ဆိုင်ကယ်ကလည်း ရှောင်တယ် ၊ ကားကလည်း ရှောင်တာမှာ နှစ်ဖက်လုံးက ရှောင်ကြရင်း တိုက်မိတာလို့သိရတယ်။နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ဒီနေ့သဂြိုလ်တယ်။ကလေးနဲ့ အမျိုးသားက ဘာမှမတော်ဘူး။ကျောင်းဆင်းချိန်လမ်းကြုံလို့ လိုက်ပို့တာ။ ” လို့ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်က နန်းတော်ကုန်းရွာကဖြစ်ပြီး ပဲခူးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ( ဘက) တခုမှာ တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ကြောင်း နဲ့ သေဆုံးအမျိုးသားကလည်း အဆိုပါ ဘက ကျောင်းမှာ ပရဟိတအဖြစ် ကူညီလုပ်ကိုင်ပေးနေတဲ့အမျိုးသားဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ယာဥ်တိုက်မှုအပေါ် မြို့ခံတယောက်က ” မြို့ရှောင်လမ်းက လမ်းကကျဥ်းတာကို ကုန်ကားတွေ ဆီဘောက်ဆာကားတွေ မတရားမောင်းကြတာ။တခုခုဆို ယာဥ်တိုက်မှု ဖြစ်ပြီ။ပြည်သူတွေရှိတဲ့နေရာကို အရှိန်ထိန်းမောင်းဖို့လိုပါတယ်။ခုတော့မဖြစ်သင့်တာဖြစ်ရတယ်။ကလေးရော လိုက်ပို့တဲ့သူပါ သေသွားရတယ်။” လို့ ပြောပါတယ်။
လက်ရှိမှာ ယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ ဆီဘောက်ဆာကားသမားကို သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်ကာ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
စက်တင်ဘာ ၁ရက်နေ့ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာတော်ရွာ၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမှာ ဆီဘောက်ဆာကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိလက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မိရာကနေ မီးလောင်မှုဖြစ်ပွားပြီး လူနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
ဓာတ်ပုံ – သုဘ လူမှုကူညီရေးအသင်း