NDF ခမောက်ပါတီ ဖျက်သိမ်းခံရမှု ​ရွေး​ကော်ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည့် အလားအလာရှိ​နေ

စက်တင်ဘာ ၁၁ – ၂၀၂၅
SN (VOM)
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ဖျက်သိမ်းခံရတာနဲ့ ပတ်သက်လို့ NDF ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) ကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယူခံလွှာတင်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေရှိမလဲ ဆိုတာကို VOM က NDF ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးထက်အောင်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မေး – ပထမဦးဆုံးအနေနဲ့ ဆရာတို့ ဒီနေ့ အသနားခံစာတင်တာနဲ့ ပတ်သက်လို့ အခြေအနေ ထူးခြားမှု ရှိ၊ မရှိ သိချင်ပါတယ်ဆရာ။
ဖြေ – ကျွန်တော်တို့ မနေ့က CEC အစည်းအဝေး ထိုင်လိုက်ပြီးတော့မှ ပြန်ပြီး recover ဖြစ်နိုင်မယ့်လမ်းကြောင်း ဘာရှိမလဲလို့ ကြည့်လိုက်တဲ့အခါမှာလည်း မရှိဘူးပေါ့။ ရွေး/ကော် ဆုံးဖြတ်ချက်က အတည်ပဲ ဖြစ်တယ်ဆိုတာလည်း ပါပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ်အသနားခံစာတင်လည်း အဲဒါလုပ်တဲ့ mechanism (ယန္တရား) က ရှိမနေဘူးပေါ့။ အဲဒီတော့ တင်လည်းမထူးဘူး။ အလကားပဲ ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့က ဆုံးဖြတ်တယ်ပေါ့။ ဒါပေမယ့် ဆရာဦးခင်မောင်ဆွေကတော့ တင်စေချင်တာပေါ့။ ဆရာက ပါတီတည်ထောင်သူလည်း ဖြစ်တယ်ဆိုတော့ ဆရာ့သဘောကို လိုက်ပြီး လုပ်ပေးလိုက်တာပေါ့။ အဲဒီတော့ ဒီနေ့တော့ စာတင်ခဲ့တယ်၊ ဒီလောက်ပါပဲ။ ဒီနေ့က အကုန်လုံးကလည်း သတင်းစာရှင်းလင်းပွဲ ရှိနေတဲ့အခါကျတော့ မအားကြဘူးပေါ့။
မေး – ကျွန်မတို့ VOM က ဒီနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ UEC ကို မေးတဲ့အခါမှာ ရွေး/ကော်ဥပဒေအရ လုံးဝ မရပါဘူး။ ဒါက ဥပဒေအတိုင်းဖြစ်လို့ ပြင်လို့လည်း မရ၊ အယူခံလို့လည်း မရလို့ဘူးလို့ UEC က ပြောပါတယ်ဆရာ။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လို သဘောထားရှိပါသလဲဆရာ။
ဖြေ – ကျွန်တော်က အဲဒါကို မျှော်လင့်ထားပြီးသားလေ။ အဲဒီအတွက်ကြောင့်မို့လို့လည်း မနေ့က CEC မှာ တင်ချင်တဲ့သူတွေ တချို့တဝက် ရှိတယ်ပေါ့။ တချို့ကလည်း မတင်တော့ပါဘူးဆိုတဲ့ဟာ ဖြစ်တယ်ပေါ့။ ဆိုတော့ ကျွန်တော်ကတော့ ဖြစ်စဉ်က ဒီလိုရှိတယ်။ အဲဒီအပေါ်မှာ ပြန်ပြီး reverse လုပ်လို့ရတဲ့ဟာ မရှိဘူး။ အဲဒီ mechanism ရှိနေတာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ သွားတင်လို့ရှိရင်လည်း လုပ်ပေးချင်ရင်တောင်မှ ဥပဒေ ပြန်ပြင်ပစ်မှရမှာ။ အဲဒီလိုဆိုတော့ UEC ရဲ့အပေါ်မှာကလည်း ဥပဒေပြင်တဲ့အာဏာ မရှိဘူးလေ။ UEC က ရှိတဲ့ဥပဒေကို action ဖြစ်အောင် လုပ်နေတဲ့ အနေအထားပဲရှိတာဆိုတဲ့ အတွက်ကြောင့်မို့လို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောထားပြီးသား ဖြစ်ပါတယ်။ ဒီအဖြေက မျှော်လင့်ထားပြီးသားပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပြောရမယ်ဆိုလို့ရှိရင် ပြုဖွယ်ရှိသည့် ကိစ္စရပ်များအားလုံးကို ကုန်စင်အောင် လုပ်ခဲ့တယ် ဆိုတာမျိုး ဖြစ်အောင်ပဲ လုပ်လိုက်တဲ့ သဘောပါပဲ။
မေး – နောက်တခုကဆရာ။ လူဦးရေစာရင်း၊ ပါတီဝင်စာရင်းကို သတ်မှတ်ရက်အတွင်း တင်ဖို့ ပြောပေမယ့် ဆရာတို့ ပါတီဘက်က အချိန်မီ မတင်နိုင်ခဲ့လို့ အခုလို ပယ်ခံရတာလို့ UEC က ပြောပါတယ်ဆရာ။ ဘာကြောင့် အချိန်မီ မတင်နိုင်ခဲ့တာပါလဲဆရာ။
ဖြေ – ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲကတော့ ဘဏ္ဍာရေး အခက်အခဲပေါ့နော်။ ကျွန်တော်တို့ ရှိသမျှလူ အကုန်လုံးက ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လုပ်ကြရတာပေါ့။ အဲဒီအခါကျ‌တော့ ဒီလူစာရင်းတွေကို ရိုက်တဲ့အခါကျတော့ ကိုယ့်ပါတီဝင်ထဲက ကွန်ပျူတာ ရိုက်တတ်တဲ့သူတွေကို Work from Home သဘောမျိုးပေါ့။ Work from Home တောင် မဟုတ်ပါဘူး။ အားတဲ့အချိန်ရိုက်ပေါ့။ အဲဒီလိုမျိုး ပေးပြီးတော့မှ ရိုက်ခိုင်းတာဆိုတော့ သူတို့ကလည်း သူတို့အလုပ်နဲ့သူတို့၊ သူတို့ မိသားစုအရေးကိစ္စတွေကလည်း ရှိနေတော့ အားတဲ့အချိန်လေး ရိုက်ရတာပေါ့။ ဆိုတော့ ခရီးမတွင်ဘူးပေါ့။ ကိုယ့်ဆီကရှိတဲ့ အင်အားကို ရိုက်ရုံပဲဆိုတော့ သတ်မှတ်ရက် နီးပြီဆိုတော့မှ ရန်ပုံငွေလည်း တစ်စုံတရာ ရှိပြီဆိုတော့မှ လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပေါ့။ နီးတဲ့အချိန်ကျမှ လေးနေရာ၊ ငါးနေရာလောက် ခွဲပြီးတော့မှ ငါးမြို့နယ်လောက်ပေါ့လေ။ ကွန်ပျူတာရိုက်တတ် သူတွေကို ခေါ်ပြီးတော့မှ အနိမ့် ဘယ်လောက် ဆိုပြီးတော့မှ အသည်းအသန် ရိုက်ပြီးတော့ တင်တာပေါ့။ အဲဒီလို အမြန်ရိုက်ပြီး တင်တဲ့အခါကျတော့ မြို့နယ်ကုဒ် မှားတာတွေ ရှိတာပေါ့။ လက်ရေးနဲ့ ရေးထားတဲ့ဟာကို ကြည့်ပြီးတော့ စာရိုက်တာဆိုတော့။ တချို့တလေကကျတော့လေ ကွန်ပျူတာတော့ ရိုက်တတ်တယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ sence(အမြင်) မရှိတာပေါ့။ ပြောရမယ်ဆိုရင် ၁၂/ပဇတ ပေါ့။ ပုဇွန်တောင်ဆိုရင် လက်ရေးနည်းနည်း သော့တဲ့ဟာကျတော့ ပဇောက်လို့ မမြင်ဘဲနဲ့ ဗထက်ချိုင့် လို့မြင်ပြီး ဗထက်ချိုင့် လို့ ရေးတဲ့ဟာမျိုးတွေပေါ့။ အင်းစိန်ဆို အစန ဖြစ်ရမှာကို အဓန ဆိုတော့၊ ၁၂/ နောက်မှာ အဓန ဆိုတာ မရှိဘူးဆိုတဲ့ဟာ၊ အဲဒီလို knowledge(ဗဟုသုတ အသိ) မရှိတာတွေလည်း ပါတယ်။ ကျွန်တော်တို့ကလည်း အဲဒါ တခုချင်းစီကို ပြန်စစ်ပြီး လုပ်နိုင်တဲ့အချိန် မရှိတာပေါ့။ သူတို့ ပေးထားတဲ့အချိန် နည်းတာတော့ မဟုတ်ပါဘူး။ ဒါ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်ပါပဲ။
မေး – ဟုတ်ကဲ့ပါဆရာ။ အဲဒီတော့ ဆရာတို့အနေနဲ့ လက်ရှိမှာ ပါတီ ဖျက်သိမ်းခံလိုက်ရပြီ ဆိုတော့ ပြင်ပနိုင်ငံရေး ဘယ်လို ဆက်လုပ်သွားဖို့ ရှိပါသလဲ။ လွှတ်တော်ပြင်ပ လုပ်မလား၊ ပါတီသစ် တင်မလားပေါ့ဆရာ။
ဖြေ – အဓိက ကတော့ နိုင်ငံရေးဆိုတာ process(လုပ်ငန်းစဥ်) ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဆက်သွားမယ်။ လက်ရှိ စုဖွဲ့မှုကို မပျက်ဘူး။ မပျက်ဘဲနဲ့ ကြားထဲမှာတော့ ပါတီလက်မဲ့ ဖြစ်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေး လက်ရှိအစုအဖွဲ့အနေနဲ့ လက်ရှိ လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့က ဖြစ်စေချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဒီ အစုအဖွဲ့ကနေပြီးတော့မှ ဘာတွေဘယ်လို ပူးပေါင်း၊ ဆောင်ရွက်ပြီးတော့မှ သွားမယ် ဆိုတာမျိုးပေါ့လေ။ နောက် တရက်၊ နှစ်ရက်နေရင် အစည်းအဝေးတွေလုပ်မယ်။ ကျွန်တော်တို့ဘက်က လုပ်ပေးရတဲ့ဟာ အကုန်လုံးကို လုပ်သွားမယ်ပေါ့။ ဒီဟာတွေ ပြီးသွားရင်တော့ လာမယ့် လွှတ်တော်တွေ ပြန်ပေါ်လာမယ်။ UEC လည်း ပြန်ဝင်မယ်ဆိုရင် အဲဒီအချိန် ကျွန်တော်တို့ ပါတီ အသစ်ပြန်ထောင်လို့ ရတဲ့အချိန် ပြန်ရောက်လာမှာပေါ့လေ။ အဲဒီအချိန်ကျလို့ရှိရင် ကျွန်တော်တို့ ဒီစုဖွဲ့မှုကနေ ပါတီအသစ် ပြန်ထောင်ပြီးတော့မှ နိုင်ငံရေးကို ဆက်လုပ်သွားပါမယ်။
မေး – ဟုတ်ကဲ့ပါဆရာ။ ဆရာ့အနေနဲ့ တခြား ဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားဆရာ။
ဖြေ – ကျွန်တော်တို့ကတော့ အမြဲတမ်း တိုင်းပြည်ကြီးကို ကောင်းစေချင်တယ်။ တိုင်းပြည်မှာရှိတဲ့ institution (အဖွဲ့အစည်း)တွေ အားလုံးသည် အင်မတန် တော်သင့် မှန်ကန်ပြီးတော့မှ အင်မတန် အားကောင်းတဲ့ institution တွေ ဖြစ်စေချင်တယ်။ ဒီအတွက်ကိုလည်း ကျွန်တော်တို့ဘက်က ကျွန်တော်တို့ နိုင်ငံရေး နည်းလမ်းအရ ဘယ်လိုပူးပေါင်းပါဝင် ဆောင်ရွက်ရမလဲ။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည် ကောင်းဖို့ကိုပဲ၊ ကျွန်တော်တို့ တိုင်းပြည်ကြီးက နှစ်ပေါင်း ဒီလောက်ကြာနေပြီ။ တိုင်းပြည်သည် အင်မတန် ကောင်းမွန်တဲ့ ပထဝီအနေအထားမှာလည်း ရှိတယ်။ ကောင်းမွန်တဲ့ လူဦးရေလည်း ရှိတယ်။ သယံဇာတတွေလည်း အင်မတန် ပေါကြွယ်ဝတယ်။ ဒီလို အခြေခံကောင်းတွေ ရှိပါရဲ့နဲ့ ကျွန်တော်တို့တိုင်းပြည် မဖွံ့ဖြိုး၊ မတိုးတက်သေးဘူးဆိုတဲ့ ဟာကိုက ကျွန်တော်တို့ ညံ့လို့ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ဒါကို ပို၍ပို၍ကောင်းသော၊ ကျွန်တော် အမြဲတမ်း ပြောနေတဲ့ဟာပေါ့၊ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲနဲ့ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးတော့ဘူး။ ကိုယ် ဘာလုပ်ပေးနိုင်သလဲ၊ အကောင်းဆုံးဖြစ်အောင် ဘာလုပ်မလဲ ဆိုတဲ့ အခင်းအကျင်းကိုပဲ ရှေ့ဆက်ပြီးတော့ သွားမှာပေါ့လေ။ တိုင်းပြည် ကောင်းသထက်ကောင်းအောင်၊ ဒီအခြေအနေကနေ ပိုပြီး တိုးတက်သထက် တိုးတက်သွားအောင် ကျွန်တော်တို့က ပါဝင်လို့ရတဲ့ ထောင့်ကနေ ပါဝင်သွားမှာပါ။
VOM ကကျေးဇူးတင်ပါတယ်ဆရာ။
ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) ကို အယူခံလွှာ တင်ထားပေမယ့် UEC ဘက်တော့ ဥပဒေအတိုင်း ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်ခွင့် မရှိ၊ အယူခံလို့လည်း မရဘူးလို့ ပြောဆိုထားပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW