ဖားကန့်မှာ စစ်ရေးပိုတင်းမာလာပြီး ဝန်းကျင်ရွာအချို့ကို နလအ ပြန်ထိန်းချုပ်

စက်တင်ဘာ ၁၇ ၊ ၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ၊ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး ဒီနေ့စက်တင်ဘာ ၁၇ ရက်မှာတော့ စစ်တပ်စစ်ကြောင်းက ဆန်းကြွယ်ရွာကို ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
“ဆန်းကြွယ်ရွာကို စစ်တပ်က သိမ်းသွားပြီ။တိုက်ပွဲက နေ့ရောညရောကိုဖြစ်နေတာပါ။အခုတောင် လက်နက်ကြီးထုနေတယ်။စစ်တပ်ကအခု နေရာအစုံကို အင်အားတိုးချဲ့လာတယ်။ စစ်တပ်က ဒရုန်းကိုပိုပြီးအသုံးပြုတာတွေ့ရတယ်။ “လို့ ဖားကန့် ဒေသခံ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ်။
ဆန်းကြွယ်ရွာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြားမှာ လက်နက်ကြီးထိမှန်ဒဏ်ရာရသူတွေရှိသလို သေနဲ့ပစ်သတ်ခံရသူတွေလည်းရှိနေပြီး ၊ စစ်မရှောင်ရသေးတဲ့ဒေသခံအချို့ ရွာထဲပိတ်မိမှုရှိနေတယ်လို့သိရပါတယ်။
ဖားကန့်ဒေသမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြို့ပေါ်အပါအဝင် ကျေးရွာတွေဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရမှုတွေရှိနေ တယ်လို့သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတင် ဆိုင်းဂျာဘွမ် ၊ မနရွာ မှာ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားတယောက်သေဆုံးခဲ့ပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို မှော်ဝမ်း ရပ်ကွက်မှာလည်း အမျိုးသားတယောက်သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
” မနရွာမှာက တယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။သေတာကအသက်၂၇ပဲ ရှိသေးတယ်။ဆိုင်းဂျာဘွမ်ကတော့အသက်၅၀လောက်ရှိတဲ့အမျိုးသားထိတယ်။ဆန်းကြွယ်ဘက်မှာလည်းသေတာရောထိခိုက်ဒဏ်ရာရတာရောရှိပေမယ့် အတိကျမသိရသေးဘူး။မှော်ဝမ်းရပ်ကွက်မှာက အမျိုးသားတယောက်သေနတ်နှစ်ချက်ပစ်ခံရပြီးသေတာရှိတယ်။” လို့ ဖားကန့်မြို့ခံကပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်လာမှုနဲ့အတူ စစ်ရှောင်သူလည်း ပိုပြီးများလာကြောင်း ၊ ယခုတိုက်ပွဲ ဖြစ်နေတဲ့ ဆန်းကြွယ်၊ယူမာ၊ ဆိုင်းတောင် ၊ဖားပြင် ၊ မှော်ဝမ်းကြီး ၊မှော်ဝမ်းလေး စတဲ့ကျေးရွာတွေကပြည်သူတွေဟာ မြစ်ကြီးနားဘက်ကို နေ့စဥ်အမျှ စစ်ဘေးတိမ်းရှောင်မှုတွေရှိလာတယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့ပေါ်မှာ လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီး စစ်ဆေးမှုလည်း တင်းကြပ်လာတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
ဖားကန့်ဒေသက ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်တွေထဲမှာပါဝင်တာကြောင့် စစ်တပ်က ရွေးကောက်ပွဲကာလမတိုင်မီမှာ ဖားကန့်ဒေသကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်းအားတိုးမြှင့်ပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ -cj

Related posts

Leave a Comment

VOM News

FREE
VIEW