ဗန်းမောက် တိုက်ပွဲအတွင်း ပြည်သူတွေ ပိတ်မိနေ

စက်တင်ဘာ ၁၇ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေကာ စစ်ရှောင်မရဘဲ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့မှာ အခြေစိုက်တဲ့ နလအတပ် ကာကင်းစခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး တခြားသော လက်နက်ကိုင် တပ်တချို့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်တချို့လည်း ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။
“အတိအကျ ပြောရရင် စက်တင်ဘာ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်း ၁ နာရီလောက်စပြီး မြို့ပြင်က ကာကင်းစခန်းတွေကို လက်နက်ကိုင် ပူးပေါင်းတပ်တွေက စတင် တိုက်ခိုက်လာတာပါ။ တိုက်ပွဲက အခုထိ ဖြစ်နေတုန်းပါပဲ။ လေကြောင်း၊ လက်နက်ကြီးရန်ကလည်း ရှိနေတယ်၊ နောက်တချက်က မြို့ပြင်ထွက်တဲ့ လမ်းတွေကိုလည်း ပိတ်ထားကြတော့ ဒေသခံ ၂၀၀၀ ကျော်လောက် မြို့ထဲမှာ ပိတ်မိနေတယ်။ ဘယ်မှ သွားလာလို့မရဘူး။ ဘေးလွတ်ရာ ရှောင်ချင်တာတောင် ရှောင်လို့မရဘူး ဖြစ်နေတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဆိုပါ စက်တင်ဘာ ၁၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း မြို့ပြင်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မနေ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဗန်းမောက်မြို့အတွင်း လက်နက်ကြီးကျည်တချို့ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော် သိရသလောက်ကတော့ နှစ်ယောက် ထိထားတာရှိတယ်။ တခြား ထိခိုက်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မကောင်းတော့ အခြေအနေ အသေးစိတ် မသိရသေးဘူး” လို့ သူက ပြောပါတယ်။
စစ်ရေး စတင်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာပဲ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အင်းတော်နဲ့ ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်းအပါအဝင် လမ်းပိုင်းအားလုံးကို စစ်ရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
“လက်နက်ကိုင် တပ်တွေကလည်း လမ်းတွေ ပိတ်ထားသလို နလအတပ်တွေကလည်း ပြည်သူတွေကို အပြင်ထွက်ခွင့် မပေးဘူး။ အခြေအနေက ဘာဆက်ဖြစ်မယ်ဆိုတာ မှန်းလို့မရသေးဘူး။ အားလုံးကတော့ ကိုယ့်အိမ်ထဲနေရင်း စိုးရိမ်စိတ်နဲ့ပေါ့။ အရင် စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်ခင်တုန်းကတော့ ဒီ ဗန်းမောက်မှာ တိုက်ပွဲ အနည်းအကျဉ်းလောက် ဖြစ်ခဲ့တာရှိတယ်။ ဒါပေမယ့် အခုလောက် မပြင်းထန်ဘူး။ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်လာတာ” လို့ သူက ပြောပါတယ်။
ဗန်းမောက်မြို့ဟာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ထိမ်းချုပ်ထားတဲ့မြို့ ဖြစ်တဲ့အပြင် ရှမ်းနီလူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြို့တမြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမောက်နယ် တနယ်လုံးမှာ လူဦးရေ တသိန်းကျော် ရှိပေမယ့် မြို့ပေါ် နေထိုင်သူ ဦးရေကတော့ ၅၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ သိရပြီး တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် အဆိုပါလူဦးရေရဲ့ ထက်ဝက်ကျော်လောက်ဟာ တခြားသော ဒေသတွေဆီ တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ စစ်ရေး မဟာဗျူဟာအရ အချက်အချာကျတဲ့ မြို့ထဲမှာပါဝင်သလို မန္တလေး – ဗန်းမောက် – ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ဒေသတခုဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က အင်းတော်မြို့ကို ရှစ်လကြာ တိုက်ယူပြီးနောက် အခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ မြို့အနီးက ဗန်းမောက်မြို့ကို ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဗန်းမောက်မြို့နယ်ရဲ့ စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ နလအဘက်ကရော လက်နက်ကိုင် တပ်တွေဘက်ကပါ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW