စက်တင်ဘာ ၁၇ – ၂ဝ၂၅
KKO(VOM)
ဒီနေ့နံနက်အစောကြီးပိုင်းအချိန်က ရန်ကုန်မြို့၊လသာမြို့နယ်၊(၈)ရပ် ကွက်အတွင်းရှိအထပ်မြင့်တိုက်တခုပေါ်ကနေလူတယောက်အောက်သို့ပြုတ်ကျခဲ့သော်လည်းကံကောင်းထောက်မစွာနဲ့အမိုးပေါ်တင်နေခဲ့လို့အသက်ဘေးကကံသီပြီးလွတ် မြောက်ခဲ့ပါတယ်။
ဖြစ်စဉ်က ယနေ့(စက်တင်ဘာ ၁၇ ရက်)နံနက် ၁ နာရီ ၅၈ မိနစ်အချိန်ခန့်ကလသာမြို့နယ်၊(၈)ရပ်ကွက်၊မဟာဗန္ဓုလလမ်းနဲ့ရွှေတိဂုံဘုရားလမ်းထောင့်ရှိအထပ်မြင့်တိုက်ပေါ်ကနေ လူတယောက်ပြုတ်ကျခဲ့ရာ အောက်ရှိဂမုန်းပွင့်အမိုးပေါ်သို့တင်နေခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။
“ပြုတ်ကျတာလား၊ခုန်ချတာလားတော့သေချာမသိရဘူး။သူအောက်ရောက်မှသာကျွန်တော်တို့အဖွဲ့တွေ့ရတယ်။မနက်၂ နာရီလောက်ကြီးကဖြစ်တယ်။အခုဆေးရုံပို့ပေးထားပါတယ်”လို့ လူမှုကူညီရေးသမားတယောက်က VOM ကို ပြောပါတယ်။
အထပ်မြင့်တိုက်ပေါ်ကနေပြုတ်ကျခဲ့သူဟာအမျိုးသားတယောက်ဖြစ်ပြီးဘယ်လိုအကြောင်းကြောင့်အခုလိုဖြစ်ရတယ်ဆိုတာတော့မသိရ သေးပါဘူး။မီးသတ်တပ်ဖွဲ့ကတော့သူ့မှာမစိုးရိမ်ရဒဏ်ရာသာရရှိခဲ့တယ်လို့ပြောပါတယ်။
“မနေ့က ၅၂ လမ်းဖြစ်စဉ်တခုဖြစ်ခဲ့တယ်။အဲဒီ ၅၂ လမ်းကလူနာပို့ပြီး ဆေးရုံကြီးပြန်ဖို့အလုပ်မှာ မနက် ၂ နာရီလောက်ကြီးလူနာတယောက်ဆေးရုံကိုရောက်လာတာတွေ့ရတယ်။တိုက်ပေါ်ကပြုတ်ကျတယ်လို့ပြောတယ်။အခုသတင်းမှာပါတဲ့လူနာဖြစ်ဖို့များပါတယ်”လို့လူမှုကူညီရေးသမားတယောက်ကဆက်ပြီး ပြောပြခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့အထပ်မြင့်တိုက်ပေါ်ကနေပြုတ်ကျပြီးအမိုးပေါ်တင်နေခဲ့တဲ့လူနာကိုခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပြီးလသာမြို့နယ် (၂)ရပ်ကွက်၊(၁၇)လမ်း(အထက်)၊ ပရဟိတအသင်းကသူနာတင်ယာဉ်နဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုအမျိုးသားပြုတ်ကျခဲ့တဲ့ အထပ်မြင့်တိုက်အပေါ်ဆုံးထပ်မှာကာရာအိုကေခန်းတွေနဲ့အခြားသောဖျော်ဖြေရေးလုပ်ငန်းတွေလည်းရှိနေတယ်လို့အခင်းဖြစ်ရာအနီးရှိ လသာမြို့အတွင်းမှာနေထိုင်ကြတဲ့သူတွေကပြောပါတယ်။
ဒါအပြင်ယခုဖြစ်စဉ်အပေါ် လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook ပေါ်မှာလည်းဝေဖန်မှတ်ချက်ပြုသူတွေလည်းများစွာရှိနေပါတယ်။
“ပြုတ်ကျတာလား၊ခုန်ချတာလားမသိဘူးပေါ့။ကျန်တဲ့ကိစ္စတွေစုံစမ်းစစ်ဆေးတာတွေကတော့ရဲဘက်ကပဲဆက်လုပ်သွားမှာပါ”လို့ လူမှုကူညီရေးသမားတယောက်က ထပ် လောင်း ပြောပြခဲ့ပါတယ်။
Photo – MFSD
