စက်တင်ဘာ ၁၇၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ ဝက်ဝံ – နောင်ချို လမ်းပိုင်း တွေမှာ လတ်တလောစစ်ဆေးရေး တင်းကြပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုးမှာ ဖမ်းခံရတဲ့ သူတွေ ရှိတယ်ဘို့ ကြားနေတာ။ မာရှယ်လောလိုတောင် ဖြစ်နေတယ်။ လူတိုင်း ကိုယ့်သားသမီးတွေကို ည ၆ နာရီကနေ မနက် ၆ နာရီထိ အပြင် မထွက်ကြဖို့ ပြောနေကြတာ” လို့ လားရှိုး ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လူ အပြင် ဆိုင်ကယ်တွေရော၊ ကားတွေရော၊ ကုန်ပစ္စည်း တွေရော စစ်ဆေးရေး တင်းကြပ်နေတာ ဖြစ်ပြီး လတ်တလော လူကြီး တွေလာလို့ ပို တင်းကြပ်နေတာလို့လည်း ကြားသိရတယ်လို့ သူက ပြောပါတယ်။
“အခုက နောင်ချိုမြို့နယ်၊ ကားလမ်းမပေါ် ရွာတွေက စစ်ရှောင်တွေ ရွာပြန်ရင်တောင် အရမ်းစစ်တယ်။ လမ်းတလျှောက် တဖွဲ့ပြီး တဖွဲ့ စစ်တယ်။ စစ်ရှောင် နေရာ ကနေ ရွာဘက် အိမ် သန့်ရှင်းရေး ပြန်လာလုပ်ဖို့တောင် မလွယ်ဘူး။ စစ်ဆေးရေး အထပ်ထပ်ပဲ” လို့ နောင်ချိုမြို့နယ်က စစ်ရှောင် ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကလည်း စစ်ရှောင် ယောက်ျာလေး နှစ်ယောက် ပြင်ဦးလွင် သွားလည်တာမှာ ဝက်ဝံဂိတ်မှာ ဖမ်းဆီးထားခံရတာရှိေပမယ့် မိဘ အုပ်ထိန်းသူတွေ လာပြောမှ ပြန်လွှတ်ပေးတာလို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နလအ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေလည်း အများအပြားရှိနေတာကြောင့် ပိုစိုးရိမ် ကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo: From Google
