လားရှိုးမြို့ပေါ်တချို့​နေရာ​တွေမှာ လျှပ်စစ်မီးမရလို့ မြို့ခံတွေအခက်တွေ့

စက်တင်ဘာ ၁၇၊ ၂၀၂၅။
NN(VOM)
လားရှိုးမြို့ပေါ်ရပ်ကွက်တချို့မှာ လျှပ်စစ်မီးပုံမှန်မရတော့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ကို နလအ တပ်ဖွဲ့က လွှဲပြောင်းယူချိန် ဧပြီလတုန်းက မြို့ပေါ်ရပ်ကွက်တွေမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပုံမှန် ရခဲ့ပေမယ့် စက်တင်ဘာလ ဆန်းပိုင်းကစပြီး လျှပ်စစ်မီး ပုံမှန်မရတော့ဘူးလို့ လားရှိုးမြို့ခံ တယောက် ကပြောပါတယ်။
“အရင်က လေးရက်မှာ တကြိမ်ရတာပေါ့။ နေ့တပိုင်းလောက်ရတယ်။ အခုက လုံး၀ မလာတော့ ။ ရေတင်ဖို့ ဖုန်းအားသွင်းဖို့တောင် အဆင်မပြေတော့ဘူး”
ဌာနဆိုင်ရာရုံးတွေမှာ လျှပ်စစ်မီးပုံမှန်ရပေမယ့် မြို့ပေါ်ရပ်ကွက်တွေမှာတော့ အလှည့် ကျစနစ်နဲ့သာ လျှပ်စစ်မီးရတယ်လို့ လားရှိုးမြို့ရပ်ကွက် (၄) မှာနေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
လျှပ်စစ်မီး မရတဲ့အတွက် ဖုန်း၊ အားသွင်းမီးလုံးနဲ့ Power Bank တွေကို အခကြေးငွေ ပေးပြီး အားသွင်း အသုံးပြုနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့အတွက် လျှပ်စစ်မီးဖြန့်ဝေတဲ့လုပ်ငန်းကို မြသင်းကြူကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေတာလို့ မြို့ခံတွေကပြောပါတယ်။
မီတာခ အနေနဲ့ အိမ်သုံးအတွက် တစ်ယူနစ်ကို ၂၀၀ ကျပ်နှုန်းကောက်ခံထားပြီး ရေခဲသေတ္တာ အသုံးပြုတဲ့ ဈေးဆိုင်တွေ အပါအဝင် လုပ်ငန်းသုံးအတွက် တစ်ယူနစ်ကို ၄၀၀ ကျပ်နှုန်း ပေးဆောင်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီလဆန်းပိုင်းမှာ မီတာခ ကောက်သွားတယ်ပေါ့နော်။ လုပ်ငန်းသုံး ဆိုင်သုံးဆိုပြီး ခွဲကောက်သွားတာ။ မီးကတော့ မရတာ နှစ်ပတ်ရှိသွားပြီး” လို့ လားရှိုးမြိုခံ တယောက် ကပြောပါတယ်။
လျှပ်စစ်လုပ်ငန်းနဲ့ နီးစပ်သူတွေကတော့ မြို့တွင်းရပ်ကွက်တချို့မှာ တိုက်ပွဲကာလ လျှပ်စစ်မီးကြိုးတွေ ခိုးယူခံရတာ၊ ထရန်စဖော်မာတွေ ဖြုတ်ယူခံရတာတွေကြောင့် မီးမရနိုင်သေးတာလို့ ပြောပါတယ်။
“မီးပေးချိန် လိုင်းအပြစ်ဖြစ်ရင် နောက်တစ်ပတ်ကူးသွားရော။ မီးကြိုးတွေ၊ ထရမ်စဖော်မာ တွေ အခိုးခံရတော့ မီးမပေးနိုင်တာလည်းရှိတယ်” လို့ လျှပ်စစ်လုပ်ငန်းနဲ့နီးစပ်သူ တယောက် ကပြောပါတယ်။
ငွေကြေးတတ်နိုင်သူတွေနဲ့ လုပ်ငန်းရှင်တွေက ဆိုလာလျှပ်စစ်တွေ တပ်ဆင် အသုံးပြု နိုင်ကြပေမယ့် အခြေခံ လူတန်းစားအများစုအတွက်တော့ လျှပ်စစ်မီးရဖို့ မျှော်လင့်နေ ကြရတယ်လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
မီးမလာတာကို အခွင့်ကောင်းယူပြီး ရပ်ကွက်တွေအတွင်း လျှပ်စစ်မီးကြိုး လိုက်လံခိုးယူတဲ့သူတွေ ရှိနေတာကြောင့် ရပ်ကွက်အလိုက် နယ်မြေအလိုက် အစောင့်တွေထားပြီး စောင့်ကြည့် နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW