သထုံထောင်က ထွက်ပြေးတဲ့ အချုပ်သား သုံးယောက် ပြန်အဖမ်းခံရပြီး လေးယောက် လွတ်မြောက်နေဆဲ

စက်တင်ဘာ ၁၇ – ၂၀၂၅
SN (VOM)
မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်က ထွက်ပြေးခဲ့တဲ့ အချုပ်သားတွေထဲက သုံးယောက် ပြန်လည် ဖမ်းဆီးခံခဲ့ရပြီး လေးယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်‌နေ့က သထုံမြို့နယ် တရားရုံးကို ရုံးထုတ်ခဲ့တဲ့ အကျဉ်းသားတွေကို ညနေ ၄ နာရီကျော် ဝန်းကျင်အချိန် သထုံအကျဥ်းထောင်က အချုပ်ဆောင်ကို ပြန်ပို့စဥ် အချုပ်ကား တံခါးအဖွင့်မှာ အကျဉ်းသား ခုနစ်ယောက် ထွက်ပြေးကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီ‌နေ့မှာပဲ သုံးယောက်ကို ချက်ချင်း မိတာပါ။ သူတို့ကို အဲဒီနေ့ မနက်ပိုင်း ၉ နာရီလောက်က ရုံးထုတ်တယ်။ ညနေ ၄ နာရီကျော်လောက်မှာ အချုပ်ဆောင်ကို ပြန်ပို့တဲ့အချိန်မှာ ကားတံခါးဖွင့်ဖွင့်ချင်း ခုန်ချ ထွက်ပြေးကြတာပါ။ လက်ထိပ်တွေလည်း ပြုတ်နေပြီးသား ဖြစ်တယ်လို့ သိရတယ်။ ထောင်ဝန်ထမ်းတွေနဲ့ ရဲတွေ လိုက်ဖမ်းတာ သုံးယောက်ကို ချက်ချင်းမိတယ်။ ကျန်တဲ့ လေးယောက်ကတော့ မမိသေးဘူး” လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က ရုံးထုတ်သူတွေထဲမှာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူ သုံးယောက်လည်း ပါဝင်သလို ခိုးဆိုးလုယက်မှု၊ လူသတ်မှုနဲ့ ဖမ်းဆီးခံရသူ တချို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
“ထွက်ပြေးတဲ့သူ၊ ပြန်အဖမ်းခံရတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကတော့ မသိရသေးဘူး။ နိုင်ငံရေး အကျဉ်းသားတွေလား၊ တခြား အကျဉ်းသားတွေ ဖြစ်မလားပေါ့။ အတိအကျ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။
အကျဉ်းသားတွေ ထွက်ပြေးသွားပြီးနောက် နလအတပ်တွေက သထုံမြို့ကို လုံခြုံရေး တင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အချုပ်သားတွေ ထွက်ပြေး လွတ်မြောက်သွားတာကြောင့် အဆိုပါဖြစ်စဉ်မှာ ရှိနေတဲ့ အကျဉ်းဦးစီးဝန်ထမ်း သုံးယောက်ကိုလည်း အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကနေ အကျဉ်းသားတယောက် ခြေချင်းနဲ့ ထွက်ပြေးမှု ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ရေးမြို့မရဲစခန်းက အချုပ်သား ခုနစ်ယောက် ရဲတပ်ဖွဲ့ထံမှ သေနတ်လုပြီး ပစ်ခတ် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ရေးမြို့မရဲစခန်းက အချုပ်သား ထွက်ပြေးမှု ဖြစ်စဉ်အတွင်း ဒုရဲအုပ်၊ ရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ နေရာမှာပင် သေဆုံးခဲ့ကြပြီး ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးကတော့ ညာဘက်ရင်အုံမှာ ကျည်ဆန် ထိမှန်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW