သူတို့အိမ် အခန်း – ၈

ဆူးငှက်

ရွှေကြိုးသတ် မန္တလေး
———————-

အသစ်တည် မန္တလေးသည် ရွှေကြိုးသတ် နယ်မြေသဘောအရ တောင်အလား ဒုဋ္ဌဝတီမြစ်၊ မြောက်အလား မတ္တရာမြစ်၊ အရှေ့အလား နတ်ထိပ် တောင်ရိုးအထိ၊ အနောက်အလား ဧရာဝတီမြစ်တို့ ဖြစ်ကြောင်း ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ကောဇာ သက္ကရာဇ် ၁၂၁၈ ခု တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ထိုး ကျောက်စာတွင် အသေးစိတ် ရေးထိုးထားသည်။ ကျောက်စာပါ နယ်မြေဒေသများကို မြေပုံအမျိုးမျိုးဖြင့် အတိအကျပင် မြစ်၊ ချောင်း၊ အင်းနှင့် တူးမြောင်း၊ ဆည်၊ ကန်၊ ကျေးရွာအမည်များဖြင့် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားသည်။ စကေးကိုက် အကွာအဝေး၊ အကျယ်အဝန်းပြ မဟုတ်ဘဲ ပကတိအရှိမျက်မြင်ကိုသရုပ်ဖော် ရေးဆွဲသည့် ရှေးမြန်မာ မြေပုံရေးဆွဲပုံစနစ်အတိုင်း ရေးဆွဲထားသည့် မြေပုံများဖြစ်သည်။ ထိုမြေပုံများအရ မန္တလေးရွှေကြိုးသတ် နယ်နိမိတ်မှာ အလျားမိုင် ၃ဝ၊ အနံရှစ်မိုင်မျှ ကျယ်ဝန်းသည်ကိုတွေ့ရပေမည်။

လေးပြင် လေးရပ်
——————

ရတနာပုံမန္တလေးဟု ခေါ်တွင်သည့် ရွှေမြို့တော်ကြီးက ကျုံးလေးဘက်လေးတန် ကာရံ၍ အုတ်မြို့ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားသည်။ စတုရန်းပုံ အုတ်မြို့ရိုးကြီးက ရှေးမြန်မာ မျက်မြင် အတိုင်းအထွာနှင့်ပင် တောင်မြောက်၊ အရှေ့အနောက် တည့်တည့် မတိမ်းမစောင်း တည်ထားခဲ့သည်။ (ယခုခေတ် GPS နှင့် ကြည့်လျှင် တောင်မြောက်ညွှန်းပြ သံလိုက်အိမ်မြှောင်နှင့် ဒီကရီ အနည်းငယ်လောက်သာ တိမ်းစောင်းသည်ကို တွေ့ရသည်။) နန်းမြို့တော်ကြီးမှာတစ်ဖက်လျှင် တာ ၆ဝဝ အညီအမျှဖြင့် စုစုပေါင်းတာ ၂၄ဝဝ ရှိ၏။

မြို့တည်သည့် သာသနာသက္ကရာဇ် ၂၄ဝဝ ကို အမှတ်အသားပြုခြင်း ဖြစ်သည်။ (တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင် ၁၉ လက်မဖြင့်တွက်လျှင် မြို့ရိုးတစ်ဖက် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်မျှရှိပြီးလေးဘက် ပေါင်း ၅ မိုင် နှင့် ၁ ဖာလုံရှိသည်။) မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝ ကျော်) ဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ၁၂ ပြစီဖြင့် စတုရန်း ပြကွက်ကြီးပေါင်း ၁၄၄ ကွက် လျာထားသည်။ မြို့ပြင်၌လည်း ၎င်းအတိုင်းအထွာ ပြများအတိုင်း လမ်းများ ဖောက်ကာအရှေ့၊ အနောက်၊ တောင်၊ မြောက် ကန့်လန့်ဖြတ် လမ်းများဖြင့် စတုရန်းပုံ ဝင်းကြီးများကို ဖွဲ့စည်းသည်။

မန္တလေးတောင်တော်၏ အရိပ်ကိုခိုလှုံသည့် နိမိတ်ကို ဆောင်သည့်အနေဖြင့် နန်းမြို့တော်က မြောက်ဖျား မန္တလေးတောင်ခြေ၌ တည်ရှိပြီး မြို့၏ အခင်းအကျင်းက တောင်မြောက်အလျားခြောက်မိုင်ခွဲခန့်၊ အရှေ့အနောက် အနံလေးမိုင်ခန့် ရှိသည်။ မြို့ကို လေးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ ၅၄ ဌာနကို အမည်သမုတ် ခေါ်တွင်စေခဲ့၏။ နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက် ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသော အပိုင်းကို အနောက်ပြင်၊ မြောက်ဘက် ကျသော အပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်း သတ်မှတ်သည်။

အတိအကျ ဆိုရပါမှု အရှေ့ဘက်မြို့ရိုးနှင့် အနောက်ဘက်မြို့ရိုးကို မူတည်ပြီး အရှေ့ဘက်မြို့ရိုးအတိုင်း တောင်မြောက်မျဉ်းဖြောင့် ဆွဲ၍ မျဉ်းအရှေ့ဘက်ကို အရှေ့ပြင်၊ မျဉ်းအနောက်ဘက်ကို တောင်ပြင် သတ်မှတ်သည်။ ထို့အတူ အနောက်မြို့ရိုးအတိုင်း တောင်မြောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲစေပြန်ပြီး မျဉ်းအနောက်ဘက်ကို အနောက်ပြင်၊ မျဉ်းအရှေ့ဘက်ကို တောင်ပြင် သတ်မှတ်ပြီး၊ မြောက်ဘက်တွင်မူ အနောက်ဘက် မြို့ရိုးအလိုက် မဟုတ်ဘဲ မြောက်ဘက်မြို့ရိုးအတိုင်း အရှေ့သို့ လေးပြတိတိ တက်ပြီးမှ မြောက်တည့်တည့် မျဉ်းဖြောင့် ဆွဲစေသည်။ ထိုမျဉ်းဖြောင့်နှင့် အရှေ့မြို့ရိုး မျဉ်းဖြောင့်ကြားမှာ မြောက်ပြင် ဖြစ်၏။

အရှေ့ အနောက် တောင် မြောက်
——————————–

ထို့ကြောင့် အဓိကဖြစ်သော ရွှေမြို့တော်၏ ပန္နက်ပုံကလည်း အရှေ့အနောက် တောင်မြောက် ဖြောင့်ဖြောင့်တွေ၊ ထိုပန္နက်ပုံကိုအခြေခံကာ ဖောက်သော လမ်းတွေကလည်း အရှေ့အနောက် တောင်မြောက် တည့်တည့်တွေ၊ ထိုလမ်း ထိုဝင်းများကို ရပ်ကွက်ကြီးအဖြစ် ပိုင်းခြားပုံကလည်း အရှေ့အနောက် တောင်မြောက် မျဉ်းဖြောင့် မျဉ်းမတ်တွေ ဖြစ်သောကြောင့် မန္တလေးတွင် နေရာကို ညွှန်းဆိုသောအခါ အရှေ့အနောက် တောင်မြောက်နှင့်သာ ညွှန်းဆိုသည်။ အရှေ့ဘက်ရပ်ကွက်၊ တောင်ဘက်ကအိမ်၊ ဈေးချိုတောင်ဘက်၊ ဘုရားကြီးမြောက်ဘက်၊ ဓာတ်စက်ရုံ အရှေ့ဘက်၊ ကျုံးတောင်ဘက် စသည်ဖြင့် ညွှန်းလေ့ရှိသည်။ ဒါက အရှင်းလင်းဆုံး ညွှန်ပြမှုဖြစ်သည်။ ထို့ကြောင့် အရပ်ထဲတွင်လည်း အရပ်မျက်နှာနှင့်သာ ညွှန်ကြသည်။ အိမ့်တောင် ပညောင်ကိုင်းကမြည်၊ သူတို့ချင်း ကျိတ်ကြသံ တကျီကျီ ဟု မြို့မငြိမ်း၏ ခင့်အိပ်မက် သီချင်းတွင် ပညောင်ပင်၏ တည်နေရာကို အိမ်၏ တောင်ဘက်က ဟု ညွှန်းသည်။ ဝက်မစွတ် ဝန်ထောက်မင်းကလည်း နာမည်ကျော် ဝက်မစွတ်ဝန်ထောက်၏ နေ့စဉ်မှတ်တမ်း စာအုပ်များထဲတွင် ကျုံးတောင်ဘက် ဆုတောင်းပြည့်ဘုရားအနီးရှိ သူ့ဝင်းကို အရှေ့ဝင်း၊ ဘူတာကြီးအနောက်ဘက် ယိုးဒယားဈေးအနီးက သူ့ဝင်းကို အနောက်ဝင်းဟု သုံးနှုန်း ရေးသားခဲ့သည်။

ကျွန်တော်တို့ အဝန်းအဝိုင်းမှာ ရေစက်ရုံကြီးနားက အရှေ့အိမ်ဆိုလျှင် ဦးကြီးဦးလှတင်၏ လှဂုဏ်ရည် ဓာတ်ပုံတိုက်၊ ရှေ့က အညွှန်းမပါဘဲ အရှေ့အိမ်ဆိုလျှင် ဒေါင်းရိုးထဲက ကြီးဒေါ်ဒေါ်ငွေသက် အိမ်၊ အရှေ့တိုက်ဟု ဆိုလျှင် ကိုညို (ဒေါက်တာ မင်းလွင်ဦး ဒေါ်တင်လှတို့ မိခင် ဒေါ်ချစ်စုတိုက်)၊ တောင်အိမ်ဟုဆိုလျှင် ဥယျာဉ်တန်း က ကိုကျော်သိန်း နှင့် ကျွန်တော့် အစ်မဝမ်းကွဲ မမလှရန်တို့ အိမ်၊ အနောက် ဝင်းဟုဆိုလျှင် ဒေါ်သောင်းရွှေ သား ကိုဌေးအောင်တို့ ဒေါ်ကျော့မေ သား ကိုထွန်းကြွယ်တို့ ဒေါ်ငွေညွန့်သမီး မခင်ဝင်းတို့ မခဲတုတ်တို့ နေသော ဝင်း၊ အနောက် အိမ်ဟုဆိုလျှင် ဦးကြီးကောင်းရင်တို့ ဦးစာဗျော တို့ အိမ်၊ တစ်ခါ ဦးကောင်းရင်တို့ ဦးစာဗျောတို့က အနောက် အိမ်ဟု ညွှန်းလျှင် ပလိုင်းရပ်ကွက်က အမျိုးများ ဖြစ်သော ကိုတင်လေး မခင်သီ၊ ကိုအုန်းဖေ မကြင်မြင့် တို့ အိမ်ဟု သဘောပေါက် နားလည်ပြီးသား ဖြစ်သည်။ အလားတူ မင်္ဂလာဈေးတောင်ဘက်က အမျိုးများနေသော ဆီဝင်းကိုလည်း အရှေ့ဝင်းဟုခေါ်သည်။ ထို ဝင်းထဲနေကြသည့် ဦးနီတို့ ဦးညိုတို့ ဒေါ်မြရင်တို့ က ကျွန်တော်တို့ကို အနောက်ဝင်းက အမျိုးတွေဟု ခေါ်သည်။

တောင်တိုက်နှင့် တယ်လီဖုန်း
—————————-

တစ်ခါ ဝင်းပိုင်ရှင် ဦးလှသောင် ဒေါ်ခင်ဝင်းကြည် တို့က တောင်တိုက် ဟုဆိုလျှင် ရဟိုင်းဈေးတောင်ဘက်ရှိ ဒေါ်ခင်၀၀်းကြည် ၏ မိဘများ ညီမနှင့်မောင်များ နေထိုင်သည့် တိုက်ဟု သိထားကြသည်။ ဦးလေးသောင်နှင့် မမကြည်တို့က ညစာကို ၅ဆင့်ချိုင့်ကြီးများနှင့်ထည့်ပြီး ညနေတိုင်း မိသားစုလိုက် တောင်တိုက်သို့ သွားကြသည်။ တောင်တိုက်မှာ ဆွေမျိုးတတွေ ညစာလက်ဆုံစားပြီး ည ဂနာရီခွဲလောက်မှ ပြန်လာကြသည်။ ဦးလေးသောင်တို့ တောင်တိုက်သွားကြပြီဆိုလျှင် တိုက်တံခါးကို ပိတ်ထားခဲ့ပြီး တယ်လီဖုန်းရှိသည့် တိုက်မျက်နှာစာက အရှေ့ဘက် တံခါးရွက်တစ်ချပ်ကို ဖွင့်ထားခဲ့၏။ အိမ်စောင့် အဖြစ်ကျန်ခဲ့သော ကြီးဒေါ်သျှောင် နှင့် မကောင်းကြည်က တိုက်ရှေ့မှာ စောင့်ရင်း အရေးပေါ်ဖုန်းဆက်ပါက ကိုင်ကြသည်။ ကျွန်တော်တို့ ကလေးတွေကလည်း တိုကိရှေ့မှာ လျှောစင်နှင့် ဒါန်းစင်ရှိလို့ ဦးလေးသောင်တို့ တောင်တိုက်သွားလျှင် ကြီးဒေါ်သျှောင် နှင့် မကောင်းကြည်ကို အဖော်ပြုကာ တိုက်ရှေ့မှာပဲ စောင့်ကြသည်။

အကယ်၍ တယ်လီဖုန်းလာလို့ မကောင်းကြည်ရှိလျှင် ကိစ္စမရှိ၊ မကောင်းကြည်က တယ်လီဖုန်းကိုင်တတ် ပြောတတ်၏။ ကြီးဒေါ်သျှောင်တစ်ယောက်တည်း ရှိချိန် တယ်လီဖုန်း လာလျှင် အတော်ဒုက္ခရောက်သည်။ ဖုန်းက ကလင် ကလင် ကလင်ဟု မြည်လျှင် ကြီးဒေါ်သျှောင်က ဝင်းတံခါးသော့တွေ တိုက်သော့တွေ တသီကြီးတွဲထားသော ကွင်းခွကြီး ခါးကြားထိုးကာ သောက်လက်စ ပြောင်းဖူးဖက်ဆေးလိပ်ကြီး နို့ဆီခွက်ထဲ ထည့်ပြီး တယ်လီဖုန်းနား သွား၍ ကြည့်ကာ “ မရှိကြဘူးတော့၊ တောင်တိုက်သွားကြတယ်” ဟု ခပ်ကျယ်ကျယ်ပြောသည်။

ဖုန်း က ဆက်ပြီး ကလင် ကလင် ဖြစ်နေတော့ ကြီးဒေါ်သျှောင်က ဒေါသတွေ ဖြစ်ကာ သူ့ နံစပ် သပြေပင်ထည် ဖျင်လုံချည် ကို မ ကာ ဖုန်းကို လက်ညှိုးငေါက်ငေါက် ထိုး၍ “ ဟောတော် တောင်တိုက်သွားကြတယ် မရှိဘူးလို့ ပြောနေတာ မကြားဘူးလား၊ ဘယ့်နှယ် တကလင်တည်း ကလင်နေရတာတုံး” ဟု အော်တော့၏။ တိုက်နောက်ဖက် ဝင်နေသော မကောင်းကြည် ပြေးလာပြီး တယ်လီဖုန်းကို မ၍ ကိုင်ကာ နားနှင့်ကပ် ဖြေလိုက်မှ ကလင်သံရပ်သွားလို့ ကြီးဒေါ်သျှောင်လည်း သူ့ဆေးလိပ် ပြန်ဖွာတော့သည်။

ကျွန်တော်တို့ကလည်း တယ်လီဖုန်းလာတာ ကိုင်တတ်ဖို့ အနေသာ လက်ဖျားနဲ့တောင် မတို့ထိဖူးပါ။ မြင်ဖူးတာပဲ ရှိပါသည်။ တယ်လီဖုန်းနှင့် ပတ်သက်လို့ သတိရတုန်း ပြောချင်ပါသေးသည်။ ကျွန်တော့လုပ်ငန်းအရ ကိုယ့်အလုပ်စာပွဲပေါ် ကိုယ်ပိုင် သုံးခွင့်ရှိသော တယ်လီဖုန်းများရှိခဲ့ဖူးပါသည်။ တစ်လုံး တစ်လုံး ဆိုလျှင် ၅နှစ်နှင့် ၇နှစ်အကြား နေ့စဉ် ကိုင်ခဲ့ရပါ၏။ သို့သော် အဆိုပါဖုန်းနံပတ်များ အခု ပြန်စဉ်းစားတော့ တစ်လုံးမှ မမှတ်မိတော့။ နားထောင်ဖူး ပြောဖူးဖို့ ဝေးစွ၊ လက်နှင့်ပင် မထိဖူးခဲ့သည့် ဦးလေးသောင်တို့ တိုက်က ဖုန်းနံပတ်ကိုမူ အခုထိ အလွတ်ရ မှတ်မိနေပါ၏။ မှတ်မိ အလွတ်ရတာကလည်း မြန်မာနံပတ်နှင့် မဟုတ်။ အင်္ဂလိပ်နံပတ်နှင့် ဖြစ်သည်။ ဆဲဗင်း နိုင်း သရီး (793) တဲ့။ ထိုစဉ်ကာလက အိတ်ချိန်းကတဆင့် ဆက်သွယ်ရသည့် ဖုန်းတွေဖြစ်သည်။

ထို့အတူ အခြားကားနံပတ်တွေ မမှတ်မိ။ ဦးလေးသောင်၏ အော်စတင် ကားနံပတ်ကိုလည်း မှတ်မိနေသည်။ ဃ/၅၃၄၇ တဲ့။ ကားနံပတ်ကတော့ ထိုစဉ်ကာလ နိစ္စဓူ၀ အမြဲမြင်နေရတာ ဒီကားတစ်စင်းပဲမို့ နံပတ်က မှတ်ဉာဏ်မှာ အထပ်ထပ်မို့ မှတ်မိနေတာ ဖြစ်မည်။ ဆဲဗင်းနိုင်းသရီး ဆိုသော တယ်လီဖုန်း နံပတ်ကတော့ တစ်နေ့သား ကျွန်တော်တို့ အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်းမှာ ဦးလေးသောင် အပါအဝင် လူစုံတက်စုံ စကားဝိုင်းဖွဲ့ကြတော့ အကြောင်းအရာ တစ်ခုအရောက် ဦးလေးသောင်က သူ့ဖုန်းနံပတ်ကို ခွန်ကိုးသုံး ဟု မပြောဘဲ ဆဲဗင်းနိုင်းသရီး လို့ ပြောလိုက်တာ ကျွန်တော်ကြားမိပြီး သဘောကျကာ ရုတ်ချည်းစွဲမြဲ မှတ်မိသွားတာ ဖြစ်လိမ့်မည်။ စကားစပ်ရင်း ကျွန်တော်တို့ အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်းအကြောင်း ပြောပါဦးမည်။

အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်း
———————————

ဝင်းပိုင်ရှင် ဦးလေးသောင် ၏ ရှေးဟောင်း မီးခံအုတ်တိုက်နှင့် ကျွန်တော်တို့ အိမ်မျက်နှာစာကြားတွင် ပေ ၂၀ကျော်ခန့် ကွက်လပ်ရှိပါသည်။ ထိုကွက်လပ်တွင် မီးခံတိုက်ဘက်က လူသွားလမ်း ၁၀ပေခန့် ချန်ပြီး အိမ်ရှေ့ဘက်မှာ ရသေ့ကျောင်း ထိုင်ခုံ ၂လုံးနှင့် အလယ်တွင် စာပွဲတစ်လုံးရှိသည်။ ထို ခုံနှင့် စာပွဲ၏ တောင်ဘက် ကပ်လျှက် တိုင်နှင့်ထောင်ထားသော ဇလားပုံ မီးအိမ်ကြီးရှိသည်။ ထိုမီးအိမ်ကြီးက သံဖြူနှင့် မှန်နှင့် ကျကျနနပြုလုပ်ထားရာ အင်္ဂလိပ်ခေတ်က မန္တလေး၏ လမ်းမများတွင် စိုက်ထူခဲ့သော မီးအိမ် ဖြစ်ပုံရသည်။

ထိုစာပွဲဝိုင်းတွင် ညဦးပိုင်း ညစာ စားပြီးချိန်လောက်က စပြီး အဘက ရေနွေးကြမ်းအိုးတစ်လုံးနှင့် ထိုင်နေကာ ဝင်းအနောက်ဘက်က ဦးဉာဏ်သိန်း ဦးစာဗျော ကိုဌေးအောင် ကိုထွန်းကြွယ်နှင့် ဝင်းထဲက ကိုကိုစိန်လှိုင် ဦးကြီးဘထွန်း ကိုကျော် စသူတို့ ရောက်လာကြသည်။ တစ်ခါတစ်ရံ ဦးလေးသောင်က တောင်တိုက်မသွားမီ ဝင်ထိုင်တတ်သေးသည်။

ကျွန်တော်က ကလေး အရွယ်ပေမယ့် အဘဘေးက ကပ်ထိုင်ကာ လူကြီးတွေ စကားဝိုင်းမှာ မော့နေတတ်၏။ အဘတို့စကားဝိုင်းက အများအားဖြင့် အငြိမ့်အကြောင်း ဇာတ်အကြောင်း ဆိုင်းအကြောင်းတွေများသည်။ တစ်ခါတစ်ရံ စိတ်ပါလက်ပါနှင့် သူဘုန်းကြီး ကျောင်းသား ဘဝက တောင်ကျောင်းဘုန်းကြီး ဦးမေဓာနှင့် သိုက်တူးကြပုံ အပါအဝင် စုန်းတစ္ဆေ သူရဲ အကြောင်း ကိုယ်တွေ့တွေ ပြောတော့ ဥိးလေးသောင်၏သား ကိုကိုဦး (ကိုဇော်မျိုးဦး)က အဲ့ဒီည သူ့အခန်းမှာ မအိပ်ဝံ့တော့ဘဲ သူ့အဖေနှင့် အမေကြား ဝင်အိပ်ရသည်ဟု ပြောပြဖူးသည်။

တောင်ကျောင်းရေစက်ချပွဲ
————————-

အဘက ရွာဘုန်းကြီးကျောင်းမှာ သဒ္ဒါ သဂြိုဟ် အထိ စာသင်ဖူးသတဲ့။ ထို့ပြင် အဘက ရာဇဝင်စာအုပ် သမိုင်းစာအုပ်တွေ ဖတ်သည်။ အဘတို့ စကားဝိုင်းမှာ လာသမျှလူအားလုံး စိတ်ဝင်တစားနှင့် အားပါးတရပြောကြသော အကြောင်းအရာမှာ တစ်နှစ်တင် ရွာက တောင်ကျောင်း အုတ်တိုက်ရေစက်ချပွဲတွင် တောင်ရပ်နှင့် မြောက်ရပ် အပြိုင်နွှဲခဲ့ကြသော အရပ်ဇာတ်ပွဲ အကြောင်းဖြစ်သည်။ ထိုအကြောင်းများ ပြောကြပြီဆိုလျှင် စကားဝိုင်းက စိုပြေလာ၏။ ဆူညံလာ၏။ ငြင်းခုံကြ၏။ ရယ်မောကြ၏။ ထိုအရပ်ဇာတ်မှာ ရွာသူရွာသား မိန်းခလေး ယောက်ျားလေး အားလုံးလိုလို ပါဝင်ကြသတဲ့။

အိမ်မှာ ချိတ်ထားသော အစ်မကြီးမမခင်ရီ၏ နတ်သမီးဝတ်စုံနှင့် ဓာတ်ပုံမှာ အရပ်ဇာတ်ထဲက မမတို့ ယိမ်းအဖွဲ့၏ အဝတ်အစားဖြစ်ပြီး အမှတ်တရအနေနှင့် ဦးကြီးလှတင်က ဓာတ်ပုံရိုက်ပေးခဲ့သော ပုံဖြစ်သည်။ အမေကလည်း ညအိပ်ရာဝင်လျှင် သူငယ်ငယ်က တောင်ရပ် ညောင်ရေသွန်းပွဲတွင် မင်းသားလုပ် ကခဲ့သည့်အကြောင်း၊ တောင်ကျောင်းရေစက်ချပွဲက အရပ်ဇာတ် အကြောင်းတွေ ပြောပြဖူးပါသည်။ သို့သော် သည်အကြောင်းအရာက ဘယ်သူက ဘယ်နှကြိမ် ပြန်ပြောပြော နားထောင်မဝသည့် အကြောင်းအရာ ဖြစ်သည်။ “ နင့် အစ်မကို နတ်သမီးအဝတ်အစားနဲ့ ချောလွန်းလို့တဲ့ ရွာက အံ့ကြတာ။ သူရယ် မလှဝင်းကြီးသမီး မဒုတ်ရယ်က ဆင်တူလေးတွေ ညီအစ်မကျနေတာပဲ၊ လှကြတာ” ဟု အမေကအမြဲပြောသည်။

မလှဝင်းကြီးသမီး မဒုတ်ဆိုသည်က အစ်မနှင့် ရွယ်တူ ဖြစ်ပြီး ငယ်စဉ်ကတည်းက တတွဲတွဲနေကြသတဲ့။ မဒုတ်က ကိုညို (ဒေါက်တာမင်းလွင်ဦး) ၏ အစ်မ ဖြစ်ပြီး မတင်ကြည် အမည်ဖြစ်သည်။ အိမ်ထောင်ကျတော့ ရန်ကုန်မှာ အခြေချသည်။ မမခင်ရီတို့ ယိမ်းမှာ အတူပါကြသူတွေအထဲတွင် ပုလိုင်းရပ်မှာနေသော မမခင်သီတို့ ဥယျာဉ်တန်းမှာ နေသော ကျွန်တော်တို့ အစ်မဝမ်းကွဲ မမလှရန်တို့လည်း ပါသတဲ့။

ရတနာပုံ မင်းသားချောနှင့် ကျမိုင်းစော်ဘွား
—————————————-

အဘတို့က ရွာအရပ်ဇာတ်အကြောင်းပြောတော့ ဥပုသ်နေ့တိုင်း တောင်သမန်တိုက်က သဖန်းကျောင်း ရောက်တိုင်း ကျောင်းအောက်ထပ် အနောက်ဘက်နံရံမှာ ချိတ်ဆွဲထားသော ဓာတ်ပုံတွေကို သတိရတော့သည်။ ၂ပေခွဲ သုံးပေလောက်ရှိသည့် မှန်ဘောင်ကြီးထဲတွင် ဓာတ်ပုံတွေကို ပိုစတာဒီဇိုင်းပမာ ကျနစွာ ပြင်ဆင်ထားပြီး ပုံတိုင်း၏ အောက်မှာက သပ်ရပ်သော လက်ရေးနှင့် ပုံစာတွေလည်း ရေးထိုးထား၏။ ဇော်ဂျီ အဝတ်အစားနှင့် အပေါ်ပိုင်းတစောင်းပုံ အောက်မှာ ရေးထိုးထားသည့် စာက မင်းသားချော ရတနာပုံစိန်လှိုင် တဲ့။

ရှမ်းခေါင်းပေါင်း ရှမ်းတိုက်ပုံနှင့် ကိုယ်တပိုင်း တစောင်းပုံ အောက်မှာ ကျမိုင်းစော်ဘွားလေး မောင်ကျော် တဲ့။ နောက်တစ်ပုံတွင် ကျမိုင်းစော်ဘွား မောင်ကျော် က ဓားဖြင့် အပေါ်က ရွယ်ကာ အောက်က နောက်ကျောတွင် ခမောက်ကြီးကိုလွယ်ကာ ရှမ်းဝတ်စုံနှင့် မောင်သိန်းမောင် က ဒူးလေးထောက်၍ မျက်နှာလေးမော့ပြီး လက်ထဲကဓားနှင့် မောင်ကျော်၏ အပေါ်က ဓားကို ပင့်ခံထားသည့် ပုံအောက်မှာက ကျမိုင်းစော်ဘွား၏ ကြောက်ခမ်းလိလိ ဓားစွမ်းတဲ့။ မမခင်ရီတို့ ယိမ်းအဖွဲ့ လိပ်ပြာဝတ်စုံတွေနှင့် လက်လေးတွေမြှောက်ကာ ကနေကြသည့်ပုံမှာက သဖန်းရွာ တောင်ရပ် လှပျိုဖြူများ တဲ့။ မင်းသမီး ကြင်မြိုင်၏ ပုံအောက်မှာက ပုလဲဒါရူ မင်းသမီးလေး ကြင်မြိုင် တဲ့။ အဘက သျှောင်တစောင်းနှင့် ခြေချိတ်ကာ ခုံပေါ်ထိုင်နေသည့် ပုံအောက်က ဇာတ်ဆရာ ကိုပေါလူ တဲ့။ နောက်တစ်ပုံ ပြန်စဉ်းစားတော့ ရှုတင်းတင်းနှင့် ကြည့်နေသော ပိုးပုဝါကို ခေါင်းမှာ ပတ်ပေါင်းကာ တုတ်ကောက်ထောက် လျှက်ရပ်နေသော လူကြီးတယောက်ပုံ အောက်မှာက သိုက်ဆရာ မောင်ချစ်လှ တဲ့။ ခေါင်းလိမ်းဆီ အတောင့်လိုက် တင်ထားကာ ရွှေကိုင်းမျက်မှန်နှင့် ပြုံးစစ ပုံအောက်က ပြဇာတ်မင်းသားချော တက္ကသိုလ်အုန်းမြင့်တဲ့။ သည်ပုံတွေပဲ မှတ်မိသည်။ အခြားပုံတွေ ကျန်သေးတာပေါ့။ ဒါပေမယ့် မမှတ်မိတော့။

ပုလဲဒါရူဇာတ်ထုပ်
—————–

ထိုကျောင်းရေစက်ချပွဲမှာ တောင်ရပ်နှင့် မြောက်ရပ် အပြိုင် ဇာတ်က ကြရာ အဘက တောင်ရပ်ဇာတ်၏ ဇာတ်ဦးစီး ဇာတ်ဆရာတဲ့။ ရှေ့ပိုင်းမှာ ယိမ်းတွေ အော်ပရာတွေ ပြဇာတ်တွေနှင့် နောက်ပိုင်းဇာတ်က ပုလဲဒါရူ ဇာတ်ထုပ်တဲ့။ ထိုဇာတ်ထုပ်ကို အဘက ရေးတာတဲ့။ ကျောင်းသားတံဆိပ်ဗလာစာအုပ်မှာ အဘလက်ရေးနှင့် ရေးထားသော ပုလဲဒါရူ ဇာတ်ထုပ်နှင့် ဇာတ်စာတွေကို အိမ်ရှေ့ ခုတင်ခြေရင်းက သင်္ဘောဝါးခြမ်းစင်ပေါ်မှာ ရှိသည်။ ထိုစာအုပ်နှင့် အတူ ကလေးသူငယ်များ အပမှီပါက ကုသသည့် ချောစာပစ်ပုံ စာတွေ မှတ်ထားသည့် ဗလာစာအုပ်လည်း ရှိသည်။ ထိုစာအုပ်ထဲမှာပင် မြန်မာတိုင်းရင်းဆေး ဖော်နည်းတွေလည်းပါသည်။

အဘတို့ လက်ဖက်ရည်ကြမ်းဝိုင်းက ထိုဇာတ် အကြောင်းတွေ ပြောကြတော့ ပုလဲဒါရူဇာထ်ထုပ်ထဲက မင်းသားက ဇော်ဂျီတဲ့။ ဇော်ဂျီအဖြစ် ကပြသူက ကိုကိုစိန်လှိုင်တဲ့။ ကျမိုင်းစော်ဘွားက ကိုကျော်တဲ့။ စော်ဘွားနောက်က တစ်ယောက်က ကိုသိန်းမောင်တဲ့။ နန်းစီးဘုရင်က အဘ ကိုယ်တိုင်တဲ့။ ဝန်ကြီးတွေက ကိုကောင်းရင် ကိုကောင်းရွှင် ညီအစ်ကိုတဲ့။ သိုက်ဆရာက ရွာကသူကြီး ကိုချစ်လှတဲ့။ မင်းသမီးကိုတော့ မုံရွာဇာတ်က မင်းသမီး တရုတ်မ ကြင်မြိုင် ကြင်လှိုင် ညီအစ်မကို ငှားတာတဲ့။ ထိုဓာတ်ပုံများကို မှန်ဘောင်ထဲမှာ စီကာ စဉ်ကာ ထည့်ပြီး ပုံစာတွေ လှလှပပရေးတာက ကိုကိုစိန်လှိုင်တဲ့။ “ မင်းအစ်ကို ကိုစိန်လှိုင်က သူ့ဓာတ်ပုံအောက်မှာ မင်းသားချော ရတနာပုံစိန်လှိုင် လို့ သူ့ဖာသာရေးတာကွ” ဟု ကိုဌေးအောင်က အမြဲပြောသည်။

နောက် ကျွန်တော် အရွယ်ရောက်လို့ စာဖတ်နိုင်သည့် အချိန်တွင် သင်္ဘောဝါးကြမ်းစင်ပေါ်က အဘစာအုပ်လေး တွေကို ယူကာ ပျင်းပျင်းရှိတိုင်း ဖတ်ဖြစ်သည်။ ပုလဲဒါရူဇာတ်ထုပ်က ဇော်ဂျီနှင့် သူယောင်မယ်က ရသော သမီးပုလဲဒါရူကို ဇော်ဂျီက ဂူထဲက အပြင်မထွက်စေဘဲ တောထဲရှိ သစ်ဥသစ်ဖုများ ခူးဆွတ်ကာ ကျွေးမွေး စောင့်ရှောက်ထားသည်။ တစ်နေ့ ဖေဇော်ဂျီ သစ်သီးရှာသွားခိုက် တက္ကသိုလ်မှ ပညာသင်ပြီး၍ ပြန်လာသော ဘုရင့်သားတော်က ပြည်တော်အပြန် တောစခန်းနားစဉ် ပုလဲဒါရူကို တွေ့သွားပြီး မိဖုရားအဖြစ် တော်ကောက်ကာ ရွှေမြို့တော်သို့ ခေါ်သွားသည်။ ဇော်ဂျီပြန်အရောက် သမီးပျောက်တော့ အပူတိုက်ပေါ့။ သမီးစားဖု့ိ သစ်သီးတွေ ထမ်းပြီး ပြန်လာသော ဖေဇော်ဂျီခမျာ သမီးကိုရှာမတွေ့တော့ သစ်သီးတွေ ပစ်ချပြီး ငိုချင်းချရသည်။

“ ခရီးကန္တာ သည်းထန်စွာဟိုက်၊ လက်ခြေအများ မလှုပ်ရှား ကျုပ်အားလှိုက်လို့ ရင်၌ဖိုဖို သေမလိုပဲ ဖေလှဲလို့ငိုလိုက်ချင်..” ဟူသော ဇော်ဂျီ ငိုချင်းကို မှတ်မိနေသည်။ ထို့ပြင် ဇာတ်ပွဲအစ ပရိကံအဖြစ် မင်းသားကြီးက ပြည်ဖုံးကားရှေ့ထွက်ကာ ရွတ်ရမည့် ဇာတ်စာကိုလည်း ထိုစာအုပ်ထဲတွင် အဘရေးထားတာ တပိုင်းတစ မှတ်မိနေ၏။ ဘာတဲ့ “ သဘင်လာသမျှ တင်ပဏ္ဏာ သ ရမှာဖြင့်၊ ပညာကတော့ အရပ်သားတွေပါပဲ။ အရပ်သားပေမယ့် မှတ်သားစရာ နည်းလမ်းအဖုံဖုံ ပြဇာတ် ကဇာတ် အော်ပရာ အဆန်းတွေမို့ အရပ်ရပ် ကြော်ငြာကမ်းပြီး အပိုမပြောလိုပါဘူး။ အဆိုအပြောအမူအရာ သင်တာက ကိုပေါလူ ဆရာတင်ပြီး အောင်ကြောင်းသဘင်မှာ ဇာတ်ကွက် ဇာတ်လမ်း အစီအစဉ် စကြမှာမို့ ကိုင်း.. ဇာတ်စာတမ်းလွှင့် ..” တဲ့။

သေမလိုပဲ၊ ဖေလှဲလို့ ငိုလိုက်ချင်
——————————

ထို ပုလဲဒါရူဇာတ်ထုပ်ကို ရွာမှာ ကတော့ မင်းသားဖြစ်သူ ဖေဇော်ဂျီ ကိုကိုစိန်လှိုင်က တကယ့်ငှက်ပျောသီး သြဇာသီး မာလကာသီး အစစ်များကို ထမ်းပိုးနှင့် ထမ်းကာ ဗုံထောက်သံဖြင့် ပျော်ရွှင်စွာ ပြန်အလာ သမီးကို ကြိုနေကျနေရာမှာလည်းမတွေ့၊ ဂူထဲမှာလည်းမရှိ၊ အသံပေးတော့လည်း မထူး၊ ပျောက်သွားတာ သေချာပြီဟု သိတော့ ထမ်းလာတဲ့ ထမ်းပိုးနဲ့ သစ်သီးတွေ ဇာတ်ခုံပေါ် ပစ်ချပြီး “ ခရီးကန္တာ သည်းထန်စွာဟိုက်၊ လက်ခြေအများ မလှုပ်ရှား ကျုပ်အားလှိုက်လို့ ရင်၌ဖိုဖို သေမလိုပဲ ဖေလှဲလို့ငိုလိုက်ချင်..” လို့ ငိုချင်းချမှာကိုး၊ ဒီနေရာက ဇာတ်ရဲ့ အသားပဲ။

ဒါပေမယ့် ဇာတ်စင် ပုဏ္ဏားကွယ်ကြားကြည့်နေကြတဲ့ ကိုဌေးအောင်တို့ ကလေးတွေက ကိုကိုစိန်လှိုင် ပစ်ချတဲ့ ငှက်ပျောသီးတွေ သြဇာသီးတွေ မာလကာသီးတွေကို ပုဏ္ဏားကွယ်ကြားက အပြေးအလွှား ထွက်လာကြပြီး ဇာတ်စင်ပေါ်မှာ အလုအယက် ကောက်ကြလို့ ငိုချင်းချတဲ့ ဇော်ဂျီ အပူတိုက်က သောသောရယ်ရတဲ့ အခန်းဖြစ်သွားတာတဲ့။ ဒီအကြောင်းကို ကိုဌေးအောင်က အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်းမှာ ကိုကိုစိန်လှိုင်ရှေ့ ပြန်ပြောတော့ “ငါ့မှာ ဒီအခန်းအတွက် မန္တလေးမှာ ဇာတ်တိုက်ကတည်းက သေချာလုပ်ထားတာ တကယ့်ပွဲကျ ငတ်ကြီးကျတဲ့ ကောင်လေးတွေကြောင့် ပျက်ပါလေရော” ဟု ကိုကိုစိန်လှိုင်က တဟဲဟဲ ရယ်ရင်း ပြန်ပြောသည်။

ထို လက်ဖက်ရည်ကြမ်းဝိုင်းမှာ အဘတို့ ပြောကြသည့် အကြောင်းအရာတွေထဲက မှတ်မိနေတာ တစ်ခုရှိသေးသည်။ ဘာတဲ့ အိမ်တော်ရာဘုရား ထီးတင်ပွဲတဲ့။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #သူတို့အိမ်

Related posts

Leave a Comment

VOM News

FREE
VIEW