ပေကျင်း၊ စက်တင်ဘာ-၁၈-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံမှာ ကျင်းပမယ့်နည်းပညာပြပွဲအတွက် ကြိုတင်လေ့ကျင့်ချိန်မှာ မိုးပျံကားနှစ်စင်း လေထဲမှာ တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Xpeng AeroHT ရဲ့ ယာဉ်နှစ်စီးဟာ လေထဲမှာ တိုက်မိပြီး တစီးဟာဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ရုပ်သံမှတ်တမ်းတွေမှာတော့ မီးသတ်ကားတွေ ဝန်းရံထားတဲ့နေရာမှာ ယာဉ်တစီး မီးလောင်နေတာကို တွေ့ရပါတယ်။
ဖြစ်စဉ်နေရာရှိ လူအားလုံး ဘေးကင်းကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပေမယ့် လူတယောက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ကို ကိုးကားပြီး CNN သတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမယ့် ချန်ချွှန်လေကြောင်းပြပွဲအတွက် ကုမ္ပဏီက အစမ်းလေ့ကျင့်နေတာဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်သုံး အဲဒီမိုးပျံကားတွေဟာ ဒေါင်လိုက် ပျံတက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်ကာ ကားတစီးကို အမေရိကန်ဒေါ်လာ သုံးသိန်းနဲ့ ရောင်းချဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။ ဒီကားတွေအတွက် အမှာစာ သုံးထောင်ရရှိထားတယ်လို့ ကုမ္ပဏီက ဇန်နဝါရီလမှာ ပြောပါတယ်။
တရုတ်ကုမ္ပဏီဖြစ်တဲ့ Xpeng ဟာလျှပ်စစ်ကား (EV) ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲက တခုဖြစ်ပြီး လက်ရှိမှာတော့ ဥရောပကိုပါ ဈေးကွက်ချဲ့ထွင်လာပြီးမိုးပျံကားတွေကိုတော့ သူရဲ့ လက်အောက်ခံ AeroHT က ထုတ်လုပ်နေတာဖြစ်ပါတယ်။
Ref:BBC
Photo:Weibo
