မိတ္တီလာမှာ အွန်လိုင်းဂိမ်း အကြွေးကြောင့် လူသတ်၊ ငွေယူတဲ့ တရားခံတွေကို ဖမ်းမိ

စက်တင်ဘာ ၁၈ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှ တရားခံနှစ်ယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၈ နာရီဝန်းကျင်က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ ၎င်းတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ လူသတ်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်း တခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို မြို့ရဲ့ နန်းတော်ကုန်းရပ်ကွက် နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်း အနီးမှာ ပြစ်မှု ကျူးလွန်သူတွေက သွားရောက် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့၊ မနက် ၆ နာရီကျော် ဝန်းကျင်မှာတော့ စောင်အနီနဲ့ထုပ်ပြီး ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ၊ လက်ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဖြစ်စဉ်မှာ သေဆုံးသူက မန္တလေးမှာ ဝက်သွားရောင်းထားတဲ့သူ။ စက်တင်ဘာ ၁၄ ရက်နေ့က သွားရောင်းတာလို့ သိရတယ်။ သူနဲ့အတူ တရားခံ နှစ်ယောက်လည်း လိုက်ပါလာတယ်။ ဝက်ရောင်းရငွေက သိန်း ၄၇ဝ ရတယ်။ ဒါကို လိုချင်လို့ သူနဲ့ အတူပါသူနှစ်ယောက်က လူသတ်မှု ကျူးလွန်လိုက်တာလို့ ဖြောင့်ချက် ပေးထားတယ်။ တရားခံနှစ်ယောက်မှာ ဇော်လှိုင်း ဆိုသူက အွန်လိုင်းဂိမ်း ရှုံးထားလို့ ငွေလိုနေတဲ့သူ။ ဒါကြောင့် နောက်ထပ် တရားခံ တယောက်ဖြစ်တဲ့ ဇာနည်အောင်နဲ့ တိုင်ပင်ပြီး ဒီအမှုကို ကျူးလွန်လိုက်ကြတာ” လို့ မိတ္ထီလာ မြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သေဆုံးသူနဲ့ ပြစ်မှု ကျူးလွန်သူတွေဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ MDY 28,6Q/6131 CANTER အဖြူရောင်ကားနဲ့ မန္တလေးကနေ ဝက်ရောင်းရာမှအပြန် ည ၈ နာရီဝန်းကျင်မှာ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ကြတာဖြစ်ပြီး အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်းမှာ ဝင်ရောက် တည်းခိုခဲ့ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်မှာ တခန်းတည်း အတူအိပ်ပျော်နေတဲ့ ဇင်မင်းထက်ရဲ့ မျက်နှာကို ဇာနည်အောင်က ခေါင်းအုံးနဲ့ ဖိပေးထားချိန် ဇော်လှိုင်းဆိုသူက ၎င်းဆီမှာပါလာတဲ့ သတ္တုရိုးတပ်၊ အရိုးအသွား ၂၁ လက်မခန့်ရှိ ဓားဦးချွန် ဓားမြောင်တချောင်းနဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ ရုပ်အလောင်းကို တည်းခိုခန်း ခုတင်ပေါ်က အနီရောင် ဂွမ်းစောင်နဲ့ပတ်ပြီး မိတ္ထီလာမြောက်ကန်ရဲ့ ရေအစပ်မှာ သွားရောက် စွန့်ပစ်ခဲ့ကာ တည်းခိုခန်းကို မပြန်တော့ဘဲ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် သိန်း ၄၇၀ နဲ့အတူ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကို ကားမောင်းပြန်ခဲ့‌ကြတယ်လို့ သိရပါတယ်။
ဒါအပြင် လူသတ်ရာမှာ အသုံးပြုတဲ့ ဓားကိုလည်း နတ်မောက်မြို့နယ်၊ ဒီးဒုတ်စံပြကျေးရွာ ကားလမ်းဘေးမှာ စွန့်ပစ်ခဲ့‌ကြတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မနေ့ စက်တင်ဘာ ၁၇ ရက်မှာ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာရှိ တရားခံဇော်လှိုင်းရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့တာမှာ ငွေကျပ် သိန်း ၄၇ဝ အနက် သိန်း ၃၅၀ ကျပ်ကို ရှာဖွေတွေ့ရှိခဲ့သလို သက်သေခံ ပစ္စည်းဖြစ်တဲ့ ဓားမြောင်ကိုလည်း ပြစ်မှု ကျူးလွန်သူတွေက လိုက်လံ ပြသတဲ့အတွက် ဒီးဒုတ်ကျေးရွာအနီး ကားလမ်းမဘေးမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြစ်မှု ကျူးလွန်သူတွေကို မိတ္ထီလာမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၉၄/၁၁၄တို့နဲ့ ပြောင်းလဲအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW