ဆူးငှက်
ကျွန်တော်က “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော “စည်တော်ကြီးအဖွဲ့” များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရားပွဲ၏ အကြိုနေ့ညတိုင်းတွင် ပါဝင်သော စည်တော် ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏
“ကုန်းဘောင်ပလ္လင့်၊ ဘုန်းရောင်တင့်တဲ့ ပြဘင့်နရိန်၊
ရေသွန်းနဂါးသွဲ့၊ နေမွန်းမတဲ့တဲ့ ၁၁ကြိမ်၊ သိမ်သရေလျော၊
တစ်ရာဇဝင်၊ အညွှန်းကြည့်လို့ ဖတ်ကြတော့ …၊
ဗမာ(မြန်မာ)ဘုရင် တစ်ကျွန်းထိ အပ်ရသော်လည်း
မှတ်တော့နောက်နောင် …၊
ရှေးကလို စကားအသုံး မမှန်သောကြောင့်
အများထုံးစံ တစ်နာရီ လိုပါသဖြင့်၊ ဗမာ(မြန်မာ)ပြည်ပဟိုရ် အောင်မြေအရပ်က …၊
အရောင်တွေလျှပ်ခါ အမြန်တစ်နည်းဆောင်ခဲ့သော
စံထီးဆောင်သပြေဆိုတဲ့ ဂိုဏ်းရယ်နဲ့၊
ရန်ကြီးအောင် ရေညိုဝိုင်းပါသတဲ့၊ ရွှေဘိုသမိုင်းခေါင်မဟီနဲ့ နီးတဲ့အောင် …
ရွာစား …၊ အောင်စည်တီးပါ …” ဟူသော စည်တော့ဆင့် လင်္ကာများကို အရသာခံတတ်လာသည်။
လူထုဒေါ်အမာ၏ အဆိုပါစာတမ်းတွင် ပါသော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ ဗျော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်ဟူသော အကြောင်းအရာများတွင် “ဗျိုင်းတောင်စည်” က ထူးခြားနေသည်။ အဘယ့်ကြောင့်ဆိုသော် … ကျန်သော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ ဗျော နှင့် စည်တော်ကြီးအနက်၊ ဗျိုင်းတောင်စည်ကို ကျွန်တော်တို့ မမြင်ဖူးခဲ့ …။ မကြားဖူးခဲ့ …။ ကျွန်တော်တို့ လူလားမြောက်ချိန်တွင် အသုဘ များ၌ စည်အဖွဲ့သားများ မပါတော့ …။ အညာနှင့် မြေလတ်ပိုင်းရှိ ကျေးလက်များ၌သာ အတီးအမှုတ်များနှင့် အသုဘချဆောင်သည့် အစဉ်အလာရှိနေခြင်းဖြစ်သည်။
ထိုစဉ်က မန္တလေးတွင် ထင်ရှားခဲ့သော ပျဉ်းမနားကိုယ်တော်ကြီး၏ နာရေးတွင် “မသာတော်” အခမ်းအနားများဖြင့် ဗျိုင်းတောင် စည်များ ပါခဲ့သည်ဟု ကြားဖူးခဲ့၏။ လူထုဒေါ်အမာ၏ စာတမ်းတွင်ပါရှိသော ဗျိုင်းတောင်စည်များနှင့် ပတ်သက်သည့် ရေးသားချက်များ တွင် …
“ဒါကောင့် စည်တို့ ဗျိုင်းတောင်တို့ဟာ တော်သုံးဘဝကနေပြီး ဆင်းရဲသားသုံး၊ တောသုံးဖြစ်လာတယ်။ လုပ်ငန်းသိပ်မကောင်း တော့ စည်သမားတွေကလည်း မန္တလေးမှာ မနေကြတော့ဘဲ ရန်ကုန်ဆင်းပြေးပြီး ဗဟန်းကုန်းတော်မှာ ဝင်ခိုပြီး အငှားလိုက်ကြသတဲ့။ အဲဒီရောက်တော့ မသာလည်းတီး၊ အလှူလည်းတီး ဖြစ်ကုန်တာပေ့ါ။ ခုတော့ ကွယ်သလောက် ပျေက်သလောက် ရှိနေပါပြီ။
မန္တလေးမှာ လုံးလုံးမရှိတော့ဘူး၊ စည်သမားအဆက်အနွယ်တွေက မန္တလေးမှာ အသုဘကား ထောင်စားနေကြပါပြီ” ဟူသော ရေးသားချက်ကို မှတ်မှတ်သားသား ရှိလှသည်။
ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ရှုပြီးသည်နှင့် မန္တလေးနှင့်ပတ်သက်သော သုခုမဆိုင်ရာကိစ္စတွေ ထဲထဲဝင်ဝင် အတော်အတန် သိရှိသွားသည်။ အရွယ်နှင့်မလိုက် လူပုံတိုးကာ လူရာဝင်လာသည်။ ထိုမှတစ်ဆင့် မြန်မာစာညွန့်ပေါင်းကျမ်းလို …၊ ကဗျာ့ဘဏ်တိုက်လို၊ ကဗျာ့ပန်းကုံးလို စာအုပ်တွေအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စာအုပ်တွေကို ရှာဖွေဖတ်ရှုလာဖြစ်သည်။ “စာတမ်း”ဆိုင်ရာ စာအုပ်များ၏ တန်ဖိုးကိုလည်း သိရှိလာ၏။ အထူး သဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်နေ့စာတမ်းများက ကျွန်တော့် အသိဉာဏ်ကို အများကြီး “ဆွ” ပေး သွားခဲ့သည်။
လူထုဒေါ်အမာ အပါအဝင် လူထုဦးလှ ဦးဆောင်သော အထက်ဗမာနိုင်ငံ စာရေးဆရာများ၏ စာများ (ဝါ) သဘောထား များအပေါ် ညွှတ်ကိုင်းလေးစားလာသည်။ သူတို့တရားကို မင်လာပြီ …။
လူပုဂ္ဂိုလ်များကိုတော့ ဓာတ်ပုံများမှလွဲ၍ အပြင်မှာ မမြင်ဖူးသေး …။ မြင်ဖူးချင်လှ …၊ ထိုမှတစ်ဆင့် … သိကျွမ်းချင်လှပါဘိ…။
သိကျွမ်းဖို့ဆိုတာက ကိုယ့်အဆင့်နှင့် မတန်မတရာ …
မြင်ဖူးရလျှင်ပင် “အာဂလူ” ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိမှာ အသေအချာ …။
ဤသို့ဖြင့် …
-ဝ- -ဝ- -ဝ-
(၃)
အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့အထိမ်းအမှတ် စာတမ်း ဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှတစ်ဆင့် လူထုဒေါ်အမာ၏ မြန်မာ့အနု ပညာဆိုင်ရာ စာတမ်းများကို ရှာဖွေဖတ်ရှုဖြစ်လာသည်။ စာဖတ်နာသော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် “ဗမာသံတွေ ပျောက်ကုန် ပြီ” စာတမ်းကို ဖတ်ရှုဖြစ်ပြီးနောက် မြန်မာမှုသုခမဆိုင်ရာ အသိတွေ၊ စဉ်းစားတွေးခေါ်စရာတွေ ရှိလာသောအခါ လူထုဒေါ်အမာ၏ ဆောင်းပါးများ၊ စာတမ်းများကို ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုဖြစ်လာ၏။
နောက်ထပ်၊ ဖတ်ဖြစ်သော လူထုဒေါ်အမာ၏ စာတမ်းတစ်စောင်က “အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ” ဟူသော စာတမ်းဖြစ်သည်။ ဓမ္မဗိမာန်တွင် ၁၉၇၁ ခုနှစ်က ဖတ်ကြားသော စာတမ်းဖြစ်သည်။
“ပြည်သူချစ်သော အနုပညာသည်”စာအုပ်နှင့်အတူ လူထုဒေါ်အမာ၏ မြန်မာမှုသုခမဆိုင်ရာ စာတမ်းနှစ်စောင်ကို ဖတ်ရှုလေ့လာ ပြီးသောအခါ ထိုစဉ်က မိမိဉာဏ်မီခဲ့သော အသိတစ်ထွာတစ်မိုက်နှင့် လက်တစ်ဆုံးနှိုက်ယူ ကော်ခတ်ခဲ့သည်မှာပင် … လူကြီးစကားဝိုင်း မှာ လူရာဝင်စွာ ဝင်ရောက်ပြောဆိုလာနိုင်၏။ ကျွန်တော်တို့ အိမ်ရှေ့မှာ ညနေစောင်းလျှင် လက်ဖက်ရည်ကြမ်းဝိုင်းရှိသည်။ ကျွန်တော့် အဖေက ကမ္မကထပြုပြီး အနီးဝန်းကျင် ရွာဆွေမျိုး ရပ်ဆွေမျိုးများ စုကြသည်။ ဝါသနာတူချင်းမို့ အငြိမ့်အကြောင်း၊ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း ပြောကြတော့ မဖြစ်စလောက် ကလေးငယ်ဖြစ်သော ကျွန်တော်က ဖတ်ဖူးသော စာများက အငြိမ့်ဇာတ်ဆိုင်းအကြောင်း တွေ ဝင်ဝင်ပြောဖြစ်သည်။ နောက်ပိုင်း … လူကြီးများပြောသော စဉ်းစားဖြစ်သည်။ စပ်ဟပ်ဖြစ်သည်။ (နောက်တော့ ထိုအကြောင်းအရာ များက ဆောင်းပါးတွေလည်း ဖြစ်သွားဖူးသည်။)
“အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ” စာတမ်းတွင် ကျွန်တော်တခုတ်တရ သတိရနေသော အချက်များရှိသည်။ ပြောကြာစို့ဆိုလျှင် … စာတမ်းကို ဖတ်လိုက်ရမှ သတိထားမိပြီး အသိတစ်ခု ရင်ထဲကိန်းအောင်းသွားသည်ဟု ပြောရမည်။ ထိုစာတမ်းကို ကျွန်တော်ဖတ်ရချိန်က ၁၉၇၅ နှင့် ၁၉၈၀ ကြားဝန်းကျင်ဖြစ်သည်။ ထိုအချိန် မန္တလေးမှာ အငြိမ့်အဖွဲ့ပေါင်း ၅၀ အထက်ရှိမည်။ အလားတူ ဇာတ်အဖွဲ့များလည်း ထိုနည်းနှင်နှင်ရှိမည်။ အခုလို သီတင်းကျွတ်ရာသီရောက်သည်နှင့် မန္တလေးမြို့၏ ညချမ်းမှာ အငြိမ့်ဆိုင်းမှ ကြေး နောင်သံလွင်လွင်လေးကို ညစဉ်မပြတ်ကြားနေရသည်။ သို့မဟုတ် ဇာတ်အဖွဲ့၏ ဆိုင်းမှ ယိုးဒယားကရောင်းရိုက်သံကို ကြားနေရသည်။ တစ်ငြိမ့်တစ်လေမဟုတ် …။ တစ်ဇာတ်တစ်လေမဟုတ် …၊ အရပ်နှစ်မျက်နှာမှ ကြားနေရသည့် အသံများဖြစ်သည်။ အိမ်တော်ရာဘုရားပွဲ လိုမျိုးဆိုလျှင် တစ်ပြပတ်လည်ဘုရား ပရိဝုဏ်အတွင်းမှာ အငြိမ့် ၄ ငြိမ့်၊ တစ်ခါတစ်ရံ ၅ငြိမ့်အထိ တစ်ညတည်း ရှိနေတတ်သည်။ ဘုရား တံတိုင်းအပြင်ဘက်မှာ ဇာတ်အဖွဲ့လည်း ရှိ၏။ ကျွန်တော်တို့ ကလေးအမြင်မှာတော့ ဇာတ်အဖွဲ့တွေ၊ အငြိမ့်အဖွဲ့တွေ ဆူဖြိုး စည်ပင်တိုး တက်နေသည့်ကာလပဲပေါ့။ သို့သော် လူထုဒေါ်အမာက သူ့စာတမ်းတွေ ထိုကာလ (၁၉၇၁ ဝန်းကျင်) က မြန်မာ့သဘင်မှု အခြေအနေကို ယခုလို သုံးသပ်ထားသည်။
အထူးသဖြင့် ၁၉၆၈ ခုနှစ်ကစပြီး ကနေ့အထိ အငြိမ့်သဘင် ရုပ်ပျက်ဆင်းပျက်ဖြစ်လာလို့ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ရေးတဲ့ ဆောင်းပါးတွေ သတင်းစာတိုင်းမှာလိုလို ပါဝင်နေတာကို တွေ့လာရပါတယ်။
အငြိမ့်ဘာကြောင့် ဒါလောက် ပျက်စီးလာရသလဲ၊ အငြိမ့်သဘင်ကို ဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ၊ အငြိမ့်သဘင်ကို ပြည်သူ ကြားမှာ တိုးတက်ထွန်းကားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အလေးအနက် ဆွေးနွေးကြရမယ့်အချိန် တိုင်လာပါပြီ။ အငြိမ့်သဘင်ဟာ ကိုလိုနီခေတ်မှာ ထွန်းကားခဲ့တယ်။ ဘာ့ကြောင့် ထွန်းကားသလဲ၊ ပြည်သူလူထုကြားကို ဆင်းသက်လာလို့ ထွန်းကားတာဖြစ်တယ်။ ပြီး တော့ ဖွဲ့စည်းပုံ ပုံစံကလည်း အငြိမ့်က အရင်းရှင်မဆန်ဘူး။ အငြိမ့်အဖွဲ့တစ်ဖွဲ့ကို ဒီအဖွဲ့ထဲက ပညာသည်တစ်ဦးဦးက ခေါင်းဆောင်ပြီး ဖွဲ့လိုက်တယ်။ အငြိမ့်ငှားခရလာတဲ့အခါ အနည်းအပါးသာရှိတဲ့ အငြိမ့်ပစ္စည်းအတွက် အစုတစ်စုထားပြီး ပညာသည်တွေအားလုံး အစုသားအဖြစ်နဲ့ ပညာအလိုက် မျှမျှတတ ခွဲဝေယူကြသည်။ ဒါ့ကြောင့် အငြိမ့်အဖွဲ့ကလေးဟာ မိသားစုလိုနေပြီး၊ အနုပညာဘက်မှာ လည်း တစ်ဦးကိုတစ်ဦး ဖေးဖေးမမနဲ့ အလုပ်လုပ်သွားကြတယ်။
အငြိမ့်ကို အုပ်စိုးခြယ်လှယ်သူ လူတန်းစားက သူတို့အတွက် သဘင်သက်သက်ဖြစ်အောင်တော့ လုပ်ချင်ပါရဲ့။ လူချမ်းသာတွေ စုဝေးပျော်မြူးရာ ကလပ်ထဲမှာ ကစေတာတို့၊ မင်းစိုးရာဇာတွေရဲ့ တိုက်ကြီးတွေပေါ်မှာပဲ ကစေတာတို့ လုပ်စေပါသေးတယ်။ နို့ပေမယ့် အငြိမ့်က မင်းသုံးမင်းဆောင် သက်သက်အဖြစ်မခံဘဲ လူထုထဲကို ဆင်းလာတယ်။ အလှူပွဲ၊ မင်္ဂလာပွဲ၊ အိမ်တက်ပရိတ်နာ၊ ကလေးကင် ပွန်းတပ်ဆိုတဲ့ လူမှုရေးပွဲလမ်းသဘင်တွေမှာလည်း ကတယ်။ ဘုန်းကြီးပျံလို ဘုရားပွဲလို လူထုပွဲတွေမှာလည်း ကပြကြတယ်။ ဒါ့ကြောင့် ငြိမ့်ငြိမ့်ညောင်းညေင်း ကပြသီဆိုရာက ပွဲကြည့်ပရိသတ်နဲ့ လူအုပ်ကြားမှာ အဆူတီး၊ အသွက်က၊ အပျော်ပြောလာတဲ့ သဘင် ဖြစ်လာ တယ်။”
စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာက ကျွန်တော်တို့ အမြဲမြင်တွေ့နေရသော “အငြိမ့်”ကို ဖြစ်တည်ရာလမ်း ကြောင်းဆီမှသည် ပစ္စက္ခအခြေအနေအထိ အနှစ်သဘော သုံးသပ်ပြသည်။ အငြိမ့်ကို “လူထု”သဘော၊ “လူထု”အသွင်အဖြစ် ဖြစ်ထွန်းမှု ဆီ ဖွင့်ဆိုပြသည်။ ဆက်လက်ရေးသားထားသည်မှာ …
“အဲဒီလို ပြည်သူလူထုနဲ့ ထိတွေ့မှုရှိလာတော့ အငြိမ့်ပညာသည်တွေက ပြည်သူနဲ့ တွဲဖက်ပြီး အခွင့်သာရင် သာသလို လူပြက် တွေအနေနဲ့ ပြည်သူတွေရဲ့ ခံစားရမှုကို ဖွင့်အံတာတို့၊ လူထုဆန္ဒကို ထုတ်ဖော်တာတို့ ကိုလိုနီယန္တရားရဲ့ ချွတ်ယွင်းချက်တွေကို သရော် ဝေဖန်တာတို့လည်း လုပ်လာနိုင်ကြတယ်။ အငြိမ့်စင်ပေါ်က လူရွှင်တော်တွေ ရရှိတဲ့ အဲဒီ ဒီမိုကရေစီအခွင့်အရေးဟာ ဆက်လက်ထိန်း သိမ်းသင့်တဲ့ ချစ်စရာ အခွင့်အရေးတစ်ခုပါပဲ” တဲ့။
မန္တလေးတွင် ခေတ်စားတွင်ကျယ်ခဲ့သော …၊ မန္တလေးတွင်သာမက တစ်ပြည်လုံးအတိုင်းအတာတစ်ခုအနေနှင့် တောရောမြို့ပါ မကျန် လူထုသဘောဆောင်သော အငြိမ့်သဘင်နှင့်အတူ၊ အငြိမ့်မင်းသမီး လူပြက်များပါမကျန် အစိတ်အပိုင်းတစ်ခုအားဖြင့် “ပြည်သူတို့ ၏ စကားပြန်” အဖြစ် တည်ရှိနေပုံများကို ထိုစာတမ်းတွင် ထင်ဟပ်ခဲ့သည်။ ထိုသို့သော လူထုသဘောဆောင်သည့် အငြိမ့်သဘင်မှ အစ… ကြည့်ချင်ပွဲများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်သော ဇာတ်ပွဲများ …၊ အခကြေးငွေဖြင့် ကြည့်ရှုရသော ရုံဇာတ်ကြီးများအလယ်၊ ဗလာဆိုင်းများအဆုံး၊ မူရင်းအရိုးအသား မြန်မာမှုများနှင့် တိမ်းပါးယိမ်းပါး ရှိလာခြင်း၏ ရင်းခံဇစ်မြစ်ကိုလည်း ထိုစာတမ်းတွင် ပွင့်လင်းစွာ ဆွေးနွေးဝေဖန်ထားသည်။
(ဆက်ရန်)
ဆူးငှက်
