ဆူးငှက်
ပုဂံမင်း၏ ကုသိုလ်တော်
———————–
မဟာလောကရံသီ အိမ်တော်ရာစေတီတော်ကို ပုဂံမင်းက ကောဇာသက္ကရာဇ် ၁၂၀၉ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ပန္နက်တော်မင်္ဂလာ ဆင်ယင်ပြီး နတ်တော်လဆန်း ၁၁ ရက်တွင် အုတ်မြစ်ချကာ နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့တွင် ဌာပနာတော်များသွင်း ဗုဒ္ဓါဘိသေကမင်္ဂလာ ဆင်ယင်ပြီး သက္ကရာဇ် ၁၂၁၀ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့တွင် ရွှေထီးတော်ကြီး တင်လှူပူဇော်ခဲ့သည်။
ပုဂံမင်းတင်လှူခဲ့သော ရွှေထီးတော်ကြီးမှာ အရပ် ၉ တောင် ၁မိုက်၊ ထီး၀ ၄တောင်ရှိသည့် ဘုံ ၇ဆင့် ထီးတော်ကြီးဖြစ်သည်။ ထိုသို့ တည်ထား ကိုးကွယ်တော်မူပြီးနောက် စေတီ့ဒကာ ပုဂံမင်း အရာကျခြင်း၊ ညီတော် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့က မန္တလေးရတနာပုံ နေပြည်တော် တည်တော်မူခြင်း၊ မင်းတုန်းမင်း၏ သားတော် သီပေါမင်းပါတော်မူကာ အင်္ဂလိပ်တို့ လက်အောက် ကျရောက်ခြင်းစသော သမိုင်းဖြစ်ရပ်များတွင် အိမ်တော်ရာ စေတီတော်ကြီးမှာ အများပြည်သူထု၏ ကိုးကွယ်မှုဖြင့် မန္တလေး၏ သမိုင်းဝင် စေတီတော် အဖြစ် ထင်ရှားခဲ့သည်။
ရေဘေး၊ မီးဘေး၊ စစ်ဘေး
—————————-
ဤသို့ဖြင့် သက္ကရာဇ် ၁၂၄၇ခုနှစ်တွင် ဧရာဝတီမြစ်ရေကြီးကာ တာရိုးကျိုးပေါက်ပြီး အိမ်တော်ရာ စေတီတော် အောက်ခြေထိ ရေရောက်ရှိခဲ့သလို သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် မန္တလေး အနောက်ပြင် ကိုးတာရပ်ကွက်က စတင် လောင်ကျွမ်းသော မီးကြီးက ရပ်ကွက်များ ဘုန်းတော်ကြီးကျောင်းများအပါအဝင် အိမ်တော်ရာ ဘုရား၏ စောင်းတန်းများ၊ ၁၄ခန်းဇရပ်ကြီးနှင့် ဇရပ်များစွာ မီးဘေး သင့်ခဲ့သည်။ ထို့ပြင် ဒုတိယကမ္ဘာစစ် ကာလအတွင်း သက္ကရာဇ် ၁၃၀၄ခုနှစ်ကလည်း ဂျပန်တို့၏ မီးလောင်ဗုံးဒါဏ်များကြောင့် လက်ကျန် အမရပူရခေတ် ရတနာပုံခေတ် သာသနိက အဆောက်အအုံများ ဆုံးရှုံးခဲ့ရသည်။ ထိုဘေးဒါဏ်အသီးသီးကြောင့် စေတီတော်၏ သက်တမ်း ၁၀၂နှစ်ရှိပြီဖြစ်သော ထီးတော်ကြီးမှာ ယိုယွင်းပျက်စီးမှုက သိသာ ထင်ရှားလာသည်။
အသစ်တင်လှူမည့် ထီးတော်
—————————-
ထို့ကြောင့် ကောဇာသက္ကရာဇ် ၁၃၂၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၉၆၀ ခု နိုဝင်ဘာလ ၆ ရက်) နေ့တွင် ထီးတော် အသစ်ကို တင်လှူ ပူဇော်ခဲ့သည်။ ရွှေထီးတော်ကြီးနှင့် ငှက်မြတ်နားတော်၏ ဒါယကာမှာ ၈၄လမ်း ကျောက်သွေးတန်းရပ်နေ ဝဏ္ဏကျော်ထင် ဦးစံရီ ၊ ဇနီး ဒေါ်ဒေါ်မယ် (သား) ကိုသန်းမြင့်၊ (သမီး) မစိန်စိန်ရီ၊ (မြေး) မကြူကြူလှိုင်၊ မောင်စိုးလင်း မိသားစု၏ ကုသိုလ်ဖြစ်သည်။ (မြေး – မောင်စိုးလင်း ဟူသည် ယခု မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်း ဖြစ်ပါသည်)။ စေတီတော်၏ အထွဋ်တွင် တင်လှူမည့် စိန်ဖူးတော်မှာ အမြင့် ၁၁ လက်မ၊ လုံပတ် ၁ပေ ၁လက်မခွဲ ရှိ သလင်းကျောက်သားကြီး ဖြစ်ပြီး အမြင့် ၁ပေ ၄လက်မခွဲရှိ ဘော်သားနှင့် ရွှေသားများကွပ်ကာ ရတနာများဖြင့် စီခြယ်ထားသည်။ စိန်ဖူးတော်ကြီး ကုသိုလ်ရှင်မှာ မိုးကုတ်မြို့ ဘုရားဒကာ ဦးလှိုင် ကို ရည်စူး၍ မန္တလေး ဈေးချို ဝါးတန်းရပ်မှ ဦးကာ ဇနီး ဒေါ်အုန်းခင်၊ ဦးထွန်းဦး ဇနီး ဒေါ်အုံးတင်၊ ဒေါ်ညိမ်းရင်၊ ဒေါ်ညိမ်းတင် မိသားစု ဖြစ်သည်။
အသစ်တင်လှူသည့်ထီးတော်ကြီးက အမြင့် ၂၂ပေ ၆လက်မ၊ အ၀ ၇ပေ ၉ လက်မရှိကာ ငှက်မြတ်နား တော်က အမြင့် ၁ပေ ၄လက်မ၊ အလျား ၂ပေ ၃လက်မရှိသည်။ အဆိုပါထီးတော်ကြီးနှင့် ငှက်မြတ်နားတော် စိန်ဖူးတော်တို့ကို မဟာမုနိဘုရားကြီးတွင် ရင်ငွေ့တော်လှုံပြီး အိမ်တော်ရာဘုရားဝင်းအတွင်းသို့ ရှေ့ဝင်းနောက်ဝင်းများ ခင်းကျင်းကာ ပင့်ဆောင်ခဲ့သည်။ ဘုရားဝင်းအတွင်း တန်ဆောင်မုန်းလပြည့်ကျော် ၂ နေ့မှ ၇ ရက်နေ့တိုင် ဇာတ် အငြိမ့် ဆိုင်း စတုဒီသာများဖြင့် ဧည့်ခံ ပူဇော်ကာ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေူရှင်များ ဂေါပကအဖွဲ့ဝင်များ မြို့မိမြို့ဖများက နံနက် ၉နာရီ ၅၀မိနစ်တွင် ထီးတော်တင်လှူမှု အောင်မြင်ခဲ့သည်ဟု ထိုစဉ်က ထုတ်ဝေခဲ့သော မဟာလောကရံသီ အိမ်တော်ရာစေတီတော် ဒုတိယထီးတော်တင် အခန်းအနား စာတမ်း အရ သိရှိခဲ့ပါသည်။ ထီးတော်တင်လှူပွဲတွင် ရွာစားစိန်မောင်ကိုကြီး ဆိုင်းအဖွဲ့၊ မင်းသမီး ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းနှင့် ယိုးဒယားပြန် အမာစိန် တို့၏ ဖျော်ဖြေဧည့်ခံမှု အစီအစဉ်လည်း ပါရှိသည်။
ထီးတော်တင်ပွဲ ခြိမ့်ခြိမ့်သည်း
—————————-
ထို ထီးတော် တင်လှူပွဲတွင် ကျွန်တော့် အသက်က ၁နှစ်ကျော် ၂နှစ်တွင်း ရှိမှာပေါ့။ အိမ်တော်ရာဘုရား ဝင်းအတွင်း ၇ ရက် ၇ လီ ခြိမ့်ခြိမ့်သည်း ကျင်းပသည့် ပွဲကို တစ်ရပ်ကွက်လုံးက ထမင်းမေ့ ဟင်းမေ့ သွားကြမှာပေါ့။ ဒီတင် စိုင်ပြွန်ဝင်းထဲက ထီးတင်ပွဲကို သွားမည့်သူတိုင်း ကျွန်တော့်ကို ချီပိုး ခေါ်သွားကြလို့ ကျွန်တော့်မှာ ဘုရားထဲကကို ပြန်ရတယ်မရှိဘူးတဲ့။ ထီးတော်ကြီး မတင်မီ ညကျရောက်သောအခါ အမေက သူ့သားကျွန်တော့်ကို ချီပိုးပြီး ထီးတော်အသစ်ကြီး ထားသည့် ထီးရုံတော်အတွင်း တိုးဝှေ့ကာ ထီးကြီးအနားအရောက် ကျွန်တော့်ကိုချီပိုးထားရာမှ ငုံ့ခိုင်း၍ ထီးတော်ကြီးကို ကန်တော့ခိုင်းရာ ကွန်တော့်နဖူးနှင့် ထီးတော်၏ အတက်တို့ ခိုက်မိပြီး သွေးဖျင်းဖျင်းကျလို့ အမေ့မှာ မျက်လုံမျက်ဆံပြူးကာ အိမ်သို့ အမြန်ပြန်ပြေးပြီး ပရုပ်ဆီတွေနှင့် သိပ်ရသတဲ့။ “ကံကောင်းလို့ မျက်လုံးမခိုက်မိတာ ငါ့မှာ နင့်အဘ ဆူမှာလည်းကြောက်၊ သြော် သူများတွေ လူတကာခေါ်သွားတုန်းက ဘာမှ မဖြစ်ဘဲ ငါခေါ်သွားမှ ဖြစ်ရလေခြင်း ဆိုပြီး နင့်နဖူးကအနာလေးကြည့်ပြီး တနုံ့နုံ့နဲ့ စိတ်မကောင်းနေတာ” ဟု အမေက အိမ်တော်ရာဘုရားအကြောင်း ပြောတိုင်း သတိတရ ပြောပြသည်။
နောက် အိမ်တော်ရာဘုရားထီးတင်ပွဲနှင့် ပတ်သက်ပြီး ကျွန်တော့် အဘကလည်း တစ်သက်လုံး တဖွဖွ ပြောလေ့ရှိသည့် အကြောင်းအရာလည်း ရှိပါသေးသည်။ ထိုအကြောင်းအရာက အိမ်တော်ရာ ဆင်တံတားပေါ်က ထီး သင်္ကန်းပရိက္ခရာနှင့် ဆီကုန်သည် ဦးရှင် ဒေါ်နု တို့နှင့် ပတ်သက်သည်။ အထူးသဖြင့် အဘက ဦးလေးရှင် ဟု ခေါ်သော ဦးရှင် ပေါ့။ အဘကို ညီတစ်ယောက်လို တူတစ်ယောက် ချစ်ခင် စောင့်ရှောက်သူပေါ့။
လေးဘက်လေးတန် မုခ်လေးမုခ်က အသင်းများ
——————————————–
အိမ်တော်ရာဘုရား၏ လေးဘက်လေးတန်တွင် ဘုရားဝေယျာဝစ္စ အတွက် အသင်းအဖွဲ့များလည်း ရှိသည်။ ထိုအသင်းများမှာ အိမ်တော်ရာ အရှေ့မုခ် ဝဲ ယာ မှ အိမ်တော်ရာလူငယ်များ တိုးတက်ရေးအသင်း၊ ဆင်တံတားလူငယ် အဖွဲ့၊ မြောက်မုခ် ဝဲ ယာ မှ ပုညသုကရိတ အသင်း၊ အနောက်မုခ် မှ အနောက်စောင်းတန်း လူမှုရေးအသင်း၊ တောင်မုခ် မှ ကုသလနိစ္စအသင်း တို့ သည် ရှေးယခင်ကတည်းက ရှိခဲ့ပြီး ဘုရားပွဲတော်နှင့် အိမ်တော်ရာစေတီတော်၏ ဗုဒ္ဓဝေယျာဝစ္စများကို ညီညွတ်စွာ ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မူလရှိပြီး အသင်းကြီးများအပြင် ပွင့်တော်မူ ရောင်တော်ဖွင့် အဖွဲ့၊ နောင်တော်ကြီးအဖွဲ့၊ နဂါးရုံ ဗုဒ္ဓဝေယျာဝစ္စအသင်း၊ အိမ်တော်ရာ ဝဲ ယာ သင်္ကန်းကုန်သည်များ ကထိန်တော် အသင်း နှင့် ကျိုက်ထီးရိုး ဝေယျာဝစ္စ ဈေးအကျိုးတော်အဖွဲ့ ဟူ၍ အသင်းများ တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။
အိမ်တော်ရာဘုရား ဂေါစဂါဏ် လေးဘက်လေးတန်တွင် အရှေ့မုခ် ဝဲ ယာ သည် မန္တလေး၏ ပင်မ စီးပွားရေး မဏ္ဍိုင်ဖြစ်သော ဈေးချိုတော်နှင့် ဆက်စပ်ကာ ထီးတိုင်ဈေး ကိုင်းတန်းဈေး ပန်းဆိုးတန်းတို့မှ ကုန်တိုက် ပွဲရုံများ၊ ဆင်တံတား ဝဲ ယာ မှ ထီး သင်္ကန်းပရိက္ခရာ စသော အရောင်းအဝယ်ဆိုင်ကြီးကနားကြီးများနှင့် ဆက်စပ်မှုကြောင့် စီးပွားရေးတောင့်တင်း ခိုင်မာကာ လှူရေးတန်းရေးတွင် နံပတ် ၁ အဖြစ် ဦးဆောင်ခဲ့သည်။
ထို့ကြောင့် တစ်သက်မှ တစ်ခါသာ ကြုံရသည့် အိမ်တော်ရာဘုရား ထီးတော်တင်လှူပွဲကြီးတွင် အိမ်တော်ရာအရှေ့မုခ် ဆင်တံတား ဝဲ ယာ မှ အလှူရှင်များ အနေနှင့် မိမိတို့ ကိုယ်တိုင် ထပ်မံ၍ ပူဇော်နိုင်ရေး စီစဉ်ခဲ့ကြသည်။ ထီးတော်တင်ပွဲကြီးကို ၇ရက်တိုင် ကျင်းပမည့်အပြင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်မည်ဖြစ်ရာ ဆိုင်းပွဲ ဇာတ်ပွဲ အငြိမ့်ပွဲများဖြင့် စည်ကားစွာ ဆင်နွှဲပူဇော်ကြမည် ဖြစ်သည်။ သို့သော် အရှေ့မုခ် ဆင်တံတား ဝဲ ယာ အလှူရှင်များက မိမိတို့ ကိုယ်ပိုင် လှူဒါန်းငွေဖြင့် ဆိုင်းအဖွဲ့ ထပ်မံငှားရမ်းဖို့ ဆန္ဒရှိနေကြသည်။ ထိုအစီအစဉ်ကို အားတက်သရော အဖြစ်ဆုံးက ဆင်တံတား တိုးသင်္ကန်းတိုက် က ဦးရှင် ဖြစ်သည်။ ဦးရှင် ဒေါ်နု တို့က ထီး သင်္ကန်းပရိက္ခရာ နှင့် ဆီကုန်သည်လည်း ဖြစ်သည်။
ဝါသနာရှင် ၂ယောက်
———————
ကျွန်တော့ အဘ က စိုင်ပြွန်ဝင်း သုခရတနာဆီစက်မှ ဆီကို လက်ကားယူကာ အရပ်ထဲတွင် ထမ်းပိုးနှင့် ထမ်း၍ လက်လီ ရောင်းချသူမို့ သုခရတနာဆီစက်မှာ ပဲဆီပဲရှိလျှင် ဦးရှင် ဒေါ်နု ဆီဆိုင်က နှမ်းဆီ ယူရသည်။ အကယ်၍ သုခရတနာဆီစက်က နှမ်းဆီပဲ ကြိုက်သည့် အချိန် ဆိုလျှင် ဦးရှင် ဒေါ်နု ဆီဆိုင်က ပဲဆီ ယူရ၏။ ဤသို့ဖြင့် ဦးရှင် ဒေါ်နု နှင့် အဘ တို့ အမေတို့မှာ ရင်းနှီးခဲ့ကြသည်။ အဘက ဦးရှင်ကို ဦးလေးရှင်ဟုခေါ်တာ မှတ်မိနေသည်။ အဘ နှင့် ဦးလေးရှင်က ဝါသနာတူသည်။ ဆိုင်း အငြိမ့် ဇာတ်ပွဲများ နှစ်သက်ကြခြင်းဖြစ်သည်။
ဦးလေးရှင်ကတော့ ကုန်သည် ပွဲစား ပီပီ ဝါသနာကို သိပ် အလိုလိုက်ပုံမရ။ ဆင်ခြင်ပုံရသည်။ အဘကတော့ လက်လုပ် လက်စားမို့ လွတ်လွတ်လပ်လပ်နှင့် ပွဲကြိုက်သည်။ သည်တော့ ဦးလေးရှင်က ဆိုင်း ဇာတ် အငြိမ့်အကြောင်းဆိုလျှင် အဘကို မေးမြန်းသည်။ ကျွန်တော် ငယ်ငယ်က အဘနှင့် ဆင်တံတားပေါ်က ဦးရှင် ဒေါ်နုဆိုင်သို့ အဘ ဆီဝယ်ရာ လိုက်သွားလျှင် အဘနှင့် ဦးလေးရှင်တို့ ၂ယောက် ဆိုင်း အငြိမ့် ဇာတ် အကြောင်း ပြောနေကြတာ မပြီးနိုင်တော့။
ကံပြားဆိုင်းနဲ့ ဖြစ်ပါ့မလား
————————-
ထို့ကြောင့် အိမ်တော်ရာထီးတင်ပွဲတွင် ဦးလေးရှင်တို့ ဆင်တံတားအလှူရှင်များက သီးခြားအလှူအနေနှင့် ဆိုင်းတစ်ဖွဲ့ထည့်ရန် ကိစ္စကို အလှူရှင်များ ခေါင်းဆောင် ဦးလေးရှင်က အဘကို ခေါ်ယူ တိုင်ပင်တော့သည်။ ဘုရားဂေါပက အစီအစဉ်နှင့် ငှားရမ်းထားသော ဆိုင်းအဖွဲ့က မန္တလေး၏ ကျက်သရေဆောင် ရွာစားစိန်မောင်ကိုကြီးဆိုင်း၊ ဆိုင်ဘုရင်ဟု ဆိုအပ်သော နေမျိုးဗလကျော်သူ ရွာစားကြီးစိန်ဗေဒါ၏ လက်ရင်း သားတပည့်၊ မန္တလေး၏ မင်းပွဲစိုးပွဲ သူကြွယိသူဌေးတို့၏ ပွဲတိုင်းတွင် မပါမဖြစ်ဆိုင်း။ ထိုဆိုင်းနှင့် ယှဉ်တီးဖို့က တော်ရုံနှင့် မဖြစ်၊ ထို့ပြင် မန္တလေးဆိုင်းတွေက စိန်မောင်ကိုကြီးကို အဘစိန်ဗေဒါ မျက်နှာကြောင့် ပြိုင်တီးကြမှာ မဟုတ်။ သည်တော့ ဆင်တံတား က ငှားမည့်ဆိုင်းကိစ္စက တိမ်မယောင်နှင့် နက်ကာ အခက်တွေ့နေကြသည်။
ထို့ကြောင့် ဦးလေးရှင်က အဘကိုခေါ်ကာ တိုင်ပင်ခြင်း ဖြစ်သည်။ အဘ က ဦးလေးရှင်ပြောလိုက်သည်နှင့် သူ့မျက်စိထဲတွင် မြင်ပြီးသားဖြစ်နေသည်။ ထို့ကြောင့် အရဲစွန့်ကာ ပြောလိုက်တာက “ မုံရွာ ကံပြားရွာက ဆိုင်းရှိတယ်ဗျာ၊ ကျုပ်အာမခံတယ်၊” ဟု ဆိုတော့ ဦးလေးရှင်က “ကိုပေါလူရယ်၊ ဟုတ်ပါ့မလားဗျာ၊ မန္တလေးက နံမည်ကျော် ဆိုင်းကို ယှဉ်ဖို့ မင့် မုံရွာကံပြားဆိုင်းနဲ့ ဖြစ်ပါ့မလား၊ ဒို့က တာဝန်ခံထားတာနော်” ဟု စောဒက ကိုပင် အဘ ကရဲရဲကြီး တုံ့ပြန်နေတော့သည်။ “ ဦးလေးရှင် ရ၊ ဆိုင်းဆရာလေးက လူငယ်ပါ၊ ဒါပေမယ့် နယ်မှာမို့ မြုတ်နေတာပါ၊ သေချာပေါက် ဖြစ်တယ်ဗျာ” ဆိုတော့ ဦးလေးရှင်လည်း အဘနှင့် စိတ်တူ ကံပြားဆိုင်းကို မန္တလေးခေါ်တီးဖို့ ဆုံးဖြတ်လိုက်တော့၏။ နှစ်ယောက်သား ဘုရား တ နေရတာပေါ့။
ဤသို့ဖြင့် မုံရွာခရိုင် ကံပြားရွာက ဆိုင်းဆရာကြီး စိန်ရာထွန်း ခေါ် စိန်ဘထွန်း၏ သား စိန်ဘညိုကို အဘ ကိုယ်တိုင် ကံပြားအထိ လိုက်ကာ အကျိုးအကြောင်းပြော၍ ငှားရမ်းတော့ စိန်ဘညို က လူငယ်ပီပီ အားတက်ကာ အိမ်တော်ရာထီးတင်ပွဲတွင် လိုက်ပါ အစွမ်းပြတော့သည်။ တကယ်တော့ စိန်မျိုးဆက် မန္တလေးဆိုင်းတွေက စိန်ဗေဒါကြီး လက်ကျများပီပီ ပညာအပြည့်ဖြင့် ခံ့ညားစွာတီးသည့် အစဉ်အလာရှိသည်။ မုံရွာ အရာတော်ဆိုင်းတွေက ပတ်လုံးကို အစေ့အစုံ အသွက်တီးကြသည်။
ထို့ကြောင့် အိမ်တော်ရာထီးတင်ပွဲတွင် ကံပြားဆိုင်း စိန်ဘညို၏ အနုအညက် အစိတ်အပျောက် အတီးကို ပရိသတ်က အားပေးခဲ့ကြသည်။ ထိုစဉ်က နာမည်ကျော် မင်းသမီးများဖြစ်သော ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း နှင့် ယိုးဒယားပြန် အမာစိန်တို့၏ အကများနှင့် အတူ ဆိုင်းအဖွဲ့၂ဖွဲ့၏ အခံ့အညား နှင့် အနုအညက် တီးကွက်များ၏ အယှဉ် အပြိုင်က ပြောစမှတ်ဖြစ်ခဲ့သည်။ ကံပြားက စိန်ဘညိုလည်း အိမ်တော်ရာ အောင်မြေနင်းကာ အောင်ပွဲရသည်နှင့် ရွှေမြို့တော် မန္တလေးတွင်ပင် အခြေချပြီး နာမည်ကျော် ဆိုင်းအဖွဲ့အဖြစ် သားတပည့်များကို ပညာအမွေများပေးကာ အသက်ထက်ဆုံး မန္တလေးဂုဏ်ဆောင် အနုပညာရှင်ကြီး ဖြစ်ခဲ့သည်။
ဆိုင်းကြိုက်တဲ့ မောင်
——————–
သည်ပွဲပြီးကတည်းက စိန်ဘညိုက ဦးလေးရှင်နှင့် အဘကို ကျေးဇူးရှင်အဖြစ် နှစ်စဉ်ကန်တော့သည့်အပြင် အိမ်တော်ရာ ဘုရားပွဲတိုင်း သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ ဘုရားပွဲအကြိုညတွင် ရင်ပြင်တော်၏ တနင်္ဂနွေထောင့်တွင် နေရာယူကာ ပူဇော်ဧည့်ခံ၍ နှစ်စဉ်မပျက် ကျေးဇူးဆပ် ကုသိုလ်ယူခဲ့သည်မှာ ရွာစားကြီးကိုယ်တိုင် ဝိုင်းထိုင် ဆိုင်းတီးနိုင်သည်အထိ ဖြစ်သည်။ ထို့ပြင် အဘ ကိုလည်း ဆိုင်းကိစ္စသာမက လူမှုရေးကိစ္စအထိ လူကြီးအရာထား၍ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ခဲ့သည်။ ထို့ကြောင့် အိမ်နှင့် မလှမ်းမကမ်းမှာ စိန်ဘညိုဆိုင်းအဖွဲ့က အလှူဖြစ်စေ ဘုရားပွဲဖြစ်စေ ဘုန်းကြီးပျံပွဲဖြစ်စေ ရှိလျှင် စိန်ဘညိုက အဘကို တကူးတကန့် ဖိတ်သည်။
ထိုအခါ အဘက ကျွန်တော့ လက်ဆွဲပြီး ဆိုင်းနားထောင်သွားသည်။ ကျွန်တော်တို့က ရွာစား၏ ဗီအိုင်ပီ မို့ ဆိုင်းဝိုင်း မင်းပေါက်တည့်တည့်တွင် ရွာစားနှင့် အတူယှဉ်ထိုင်ကာ ပွဲက ဧည့်ခံ ထိုးမုန့် လမုန့် ဆနွင်းမကင်း မာစကကပ် ခနုံထုပ် ပွဲတော်အုပ်လက်ဖက် ကော်ဖီ စသည့် စားသောက်ဖွယ်ရာ များကို ဦးဦးဖျားဖျား စားသောက်ရသည်။ အဘ ဆိုင်းဝါသနာပါ လိုက်ပုံကလည်း ယိုးဒယား ကရောင်း စရိုက်သည်မှ နောက်ဆုံး ဆိုင်းက ဗျောရိုက်သိမ်းပြီး မဏ္ဍပ်ထဲ ဆိုင်းဝိုင်းရွှေ့မှ ပြန်တော့သည်။ သည်လိုပွဲတွေ အကြိမ်ကြိမ်နွှဲရတော့ ကွန်တော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဆိုင်းကြိုက်မောင် ဖြစ်ရတာပေါ့။
အလယ်ထွက် မင်းသမီး
———————–
အဘ က ပွဲကြိုက်တယ် ဆိုသော်လည်း ပွဲဆိုပြီးရော ချဉ်ချဉ်တူးတူး ကြိုက်တာမျိုး မဟုတ်။ အကောင်းကြိုက်သည်။ အစွဲနှင့် ကြိုက်သည်ဟု ပြောရပါမည်။ အကောင်းဆိုသည်မှာ တစ်ဦးချင်းအကောင်း၊ အဖွဲ့လိုက် အကောင်းသာမက အမျိုးအစားက ရှားပါးအဖိုးတန်ဆိုလည်း ကြိုက်သည်။ အစွဲဆိုသည်က ရင်းနှီးသူ ပတ်သက်သူနှင့်၊ ဆိုင်ရာဆိုင်ရာ သံယောဇဉ်နှင့် အားပေးခြင်းမျိုး ဖြစ်သည်။ ဆိုင်းဆိုပါစို့ ပြောခဲ့ပြီးခဲ့သလို အကောင်းရော အစွဲရောနှင့် ကြိုက်သည်။ အငြိမ့်ဆိုရင်လည်း အဘက အော်ပရာတွေ ပြဇာတ်တွေ ကြိုက်တာမဟုတ်။ အငြိမ့်ခန်းကိုပဲ ကြိုက်သည်။ အငြိမ့်ခန်းတွင်လည်း ပညာပြည့်သော အလယ်ထွက်မင်းသမီး အငြိမ့်ခန်း အချိန်မှ ရွေးကြည့်သည်။ “ အလယ်ထွက်ကမှ ပညာပြည့်တာ၊ သူက ခေါင်းဆောင်နေရာအတွက် အရွယ်က လွန်သွားပြီလေ၊ ခေါင်းဆောင်က လူငယ်ကြိုက် အရွယ်လေးတွေကို အရွယ်နဲ့ ရုပ်ရည်ပဲ ကြည့်ပြီးခေါ်ကြတော့ ပညာအနေနဲ့ အပြည့်ကြီးမဟုတ်ဘူး။ ဘုန်းကြီးပျံ ဧယဉ်ကျူးဖို့၊ အငြိမ့်အပြိုင်မို့ မိုးအလင်းကကြစို့ဆိုရင် အလယ်ထွက် မင်းသမီးပဲ အားကိုးရတာ” ဟု ပြောသည်။
အငြိမ့်မင်းသမီးထဲက ရွှေမန်းသူမြင့်မြင့်သန်း၏ ပညာကို သဘောကျတော့ သူပါဝင်တဲ့ အငြိမ့်ကို အားပေးသည်။ တစ်နှစ်က ရွာတောင်ကျောင်းက မယ်တော်ပျံပွဲအတွက် ရွှေမန်းသူမြင့်မြင့်သန်း ပါသော သစ်လွင်အငြိမ့်ကို အဘက တာဝန်ခံ၍ ငှားပေးလိုက်သည်။ သူက ထိုပွဲကို လိုက်မသွားနိုင်တော့ ရွာက ပွဲငှားသူထံ တိတ်ခွေတစ်ခွေ ပေးလိုက်ပြီး မြင့်မြင့်သန်း ဧယဉ်ကျူးကို အသံဖမ်းခိုင်းသည်။ ထိုတိတ်ခွေရတော့ အိမ်မှာ လင်းကတည်းက ဖွင့်နေလို့ အမေက “ မနက်လင်းကတည်းက တကြော်ကြော်ငိုချင်းချနေတာ သူမို့ နားမပူပေ” ဟု ပြောကာ မျက်စောင်းထိုး တော့သည်။ အဘကြားအောင်တော့ မပြော။ အိမ်နား ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေ ချည်းမို့ ဘုန်းကြီးပျံရှိလျှင် အဘက ဧယဉ်ကျူးပဲ ကြည့်သည်။ ထိုစဉ်က ဧယဉ်ကျူးတွင် နာမည်ကြီးတာက မာယာတင် ဖြစ်သည်။ ကျွန်တော်က မာယာတင်ကို ယခင် ချမ်းမြသာစည်လေဆိပ်အနား လမ်းမကြီးဘေးက ကြော်ငြာဆိုင်းဘုတ်ကြောင့် မှတ်မိနေသည်။ “လူထုချစ်ခင် မာယာတင် ၊ ပွဲငှားရန်” တဲ့။
နောက်ပိုင်း ဇာတ်ထုပ်
———————
အဘက ဇာတ်ဆိုလျှင်လည်း ရှေ့ပိုင်းက အော်ပရာတွေ၊ ပြဇာတ်တွေ နှစ်ပါးသွားတွေ ကြိုက်တာမဟုတ်။ နှစ်ပါးသွား အပြီး မင်းသား မင်းသမီး စခန်းချသည်မှ နောက်ပိုင်းဇာတ်ထုပ်ကိုပဲ ကြည့်သည်။ နှစ်ပါးသွားအပြီး စခန်းချသည်က နာရီပြန် ၃ချက်တီးလောက်မှ ဖြစ်မှာပေါ့။ ထိုစဉ်က ဇာတ်ကြီးများသည် နောက်ပိုင်းဇာတ်ထုပ်ကို သမားစဉ်အပြည့် ခမ်းခမ်းနားနား ကကြလို့ ၃နာရီလောက် စခန်းချကာ မနက်မိုးလင်းထိ နောက်ပိုင်းဇာတ်ထုပ်ကို ကပြလေ့ရှိသည်။
ထု့ိကြောင့် အဘက အိမ်ရှိ သံပတ်ပေးနာရီလေးကို နာရီပြန်၂ချက်ထိုးတွင် သံပတ်ပေးထားပြီး ကျွန်တော့်ကို စောစော အိပ်ရာဝင်ခိုင်းသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန်တွင် နာရီနှိုးစက် ခေါင်းလောင်းသံက ဆူဆူညံမြည် သောအခါ မထချင်ထချင်ထပြီး မျက်နှာသစ်ကာ အဘကခေါင်းပေါင်းပေါင်းပြီး ၄နှစ်သားကျွန်တော်နှင့် သားအဖ နှစ်ယောက် ဇာတ်သံကြားရာ သုတ်သုတ်သုတ်နှင့် သွားကြတော့၏။ ဝင်းပေါက်အနီး လမ်းပေါ်က ကင်းသမားများကပင် အကြောင်းသိဆိုတော့ ကျွန်တော်တို့သားအဖကို လှမ်းနှုတ်ဆက်ကြသည်။ သည်အချိန်မှာပင် ထီးတိုင်ဈေးသို့ ဈေးထွက်မည့် ဈေးသည်တွေ မြစ်ဆိပ်ဘက်က လာကြပြီမို့ လမ်းပေါ် လူမပြတ်လှ။
ဘလာဇာတ်ပွဲ ပရိသတ်
————————
ဤသို့ဖြင့် ဇာတ်ပွဲရှိသော မလွန်ဖြစ်စေ၊ ထုံးဘူးတန်းဖြစ်စေ၊ လက်ရွေးကြီးဖြစ်စေ၊ ကြက်သွန်တန်းဖြစ်စေ ရောက်တော့ ဇာတ်က စခန်းချအပြီး ဘုရင်နန်းထိုင်ကာ ဇာတ်အပျိုးမို့ မင်းစင်တွေနောက်နား သံဃာစင်ဘေးတိုးကာ ကျွန်တော့်ကို လူလွတ်သော မင်းစင်ပေါ်တင်ပြီး အဘက ဘေးက ရပ်ကာ ပွဲအပြီး မိုးလင်းမှ ပြန်သည်။ ပြန်ရင်းနှင့် ဇာတ်ထုပ်အကြောင်း မင်းသားအကြောင်း မင်းသမီးအကြောင်းတွေ ပြောသည်။ မင်းသမီးက အလောင်းပိုက်ကောင်းတယ် ဟူသော စကားမျိုးကျ ကျွန်တော်က နားမလည်လို့ မေးတော့ အဘက သေချာရှင်းပြသည်။
အဘက ရုံဇာတ်ကြီးတွေထက် ဘလာဇာတ်တွေကို ပိုကြည့်သည်။ ရုံဇာတ်ကြီးတွေ ကြည့်ဖို့ စရိတ်စက က နည်းတာမဟုတ်။ ထို့ကြောင့် အင်မတန်ကြည့်ချင်သော ရုံဇာတ်ဆိုလျှင် ကုလားထိုင်ဝယ်ကြည့်သည်။ အများအားဖြင့် အဘ က နောက်ပိုင်းဇာတ်ပဲ ကြည့်တာမို့ ရုံဇာတ်ကြီးတွေ ရုံအဖွင့်မှာပဲ သားအဖနှစ်ယောက် အလကားဝင်ကြည့်ကြတာပေါ့။ ဘလာဇာတ်မှာ ကျွန်တော်မမွေးခင်အချိန်က ရွှေမန်းကျော်တင်ပဲ ကြည့်တာတဲ့။ ရွှေမန်းကျော်တင်ဆိုတာက ရွှေမန်းတင်မောင်နှင့် ခေတ်ပြိုင်ဖြစ်သည်။ ရွှေမန်းတင်မောင်နှင့်အတူ ငယ်စဉ်ကတည်းက မင်းသမီး မြခြေကျင်းမငွေမြိုင်ထံ သဘင်ပညာသင်ဖက် ဖြစ်သည်။ မငွေမြိုင်က သူ့တပည့် မင်းသားများကို ရွှေမန်းအမည်နှင့် မင်းသားများအဖြစ် စင်တင်ပေးခဲ့သည်။ အဘနှင့် အတူ ရွာကလည်း အစွဲနှင့် ရွာက ပွဲလမ်းမှန်သမျှ ဇာတ်ဆိုလျှင် ရွှေမန်းကျော်တင်မှလွဲ၍ အခြားဇာတ်မငှားခဲ့။ နောက်တော့ ရွှေမန်းကျော်တင်က ကိုယ့်ဇာတ်အပေါ် အာရုံမစိုက်ဘဲ အသောက်အစား လောင်းကစား ဖက်လာလို့ အဘတို့က အကြိမ်ကြိမ် သတိပေးသည်။ သို့သော် မပြင်။ သူ့ကြောင့် ပွဲငှားတွေ မျက်နှာပျက်ရတာ အကြိမ်ကြိမ်တဲ့။
တစ်နှစ်မှာတော့ ရွာကျောင်းမက ဆရာတော် ဦးသြဘာ ပျံလွန်တော်မူတော့ ဘုန်းကြီးပျံအတွက် ပွဲစီစဉ်ကြသောအခါ ရွာခံက ရွှေမန်းကျော်တင် အစွဲ မကျွတ်ချင်၊ ကျော်တင်မှ ကျော်တင်ဖြစ်နေကြဆဲ။ အဘတို့ မန္တလေးရောက် သဖန်းသားတွေက ထိုအချိန်တွင် မန္တလေးမှာ နာမည်ရနေသော မင်းသားတစ်လက်ကို မျက်စေ့ကျနေသည်။ မင်းသားက မွန်ကျော်အောင်တဲ့။ ရုပ်ရည် အသံ ပညာ ပြောစရာမရှိ။ အလုပ်ကြိုးစားသည်။ မင်းသမီး ချစ်စနိုးစန်းစန်းကလည်း လိုက်ဖက်ညီကာ ပညာပြည့်သည်။ ထို့ကြောင့် မန္တလေးအဖွဲ့က ဘုန်းကြီးပျံတွင် မွန်ကျော်အောင် ဇာတ်ကိုငှားပြီး လက်ဟောင်း ရွှေမန်းကျော်တင်နှင့် စင်ပြိုင်ချပေးလိုက်၏။ ထိုပွဲပြီးကတည်းက ရွာကလည်း မွန်ကျော်အောင် ချစ်စနိုးစန်းစန်း ဖြစ်သွားတော့သည်။ မွန်ကျော်အောင်က ရွှေမန်းကျော်အောင်အဖြစ် ရုံဇာတ်ကြီးဖြစ်မှ မတတ်သာလို့ လက်လွှတ်လိုက်ကြသည်။
အိမ်နံရံက ဇာတ်ပိုစတာတွေ
—————————
အဘက ပွဲဝါသနာပါသည့်နည်းတူ အငြိမ့်ထောင် ဇာတ်ထောင်တွေနှင့်လည်း ပွဲငှားပေးရဖန်များတော့ ရင်းနှီးလာသည်။ ထို့ကြောင့် သဘင်ရာသီအစ နယုန် ဝါဆို ရောက်လျှင် အဘထံ အငြိမ့်ထောင် ဇာတ်ထောင်များက သည်နှစ်ရာသီအတွက် အငြိမ့်သစ်၊ ဇာတ်သစ် ပိုစတာတွေ လာပေးထားကြသည်။ ဇာတ်ဆရာ ဦးကျော်ဇော နှင့် သား လူရွှင်တော်ရွှေဖား တည်ထောင်သော ဟူသည့် ဇာတ်ပိုစတာ၊ လူရွှင်တော် ဦးသြဘာ နှင့် သား ကြယ်တပွင့် စံဟိန်း တည်ထောင်သော အငြိမ့်သစ်ပိုစတာ၊ ဦးအောင်စိန်လေး ဒေါ်အဝေယာကြည် တည်ထောင်သော အငြိမ့်သစ် ပိုစတာ တွေက နှစ်တိုင်းရောက်လာကာ အဘက အိမ်ကလေး၏ ပြတင်းပေါက်အပေါ်က နံရံမှာ အဖွဲ့ဟောင်း ပိုစတာတွေ ဖြုတ် အဖွဲ့သစ် ပိုစတာတွေကပ်ရတာ နှစ်တိုင်းဖြစ်သည်။ တစ်နှစ်မှာတော့ အိမ်ကလေးနံရံမှာ ဇာတ်အဖွဲ့သစ် ပိုစတာတစ်စောင် ရောက်လာသည်။ မြို့တော်ဝင်းမြိုင် ဇာတ်တဲ့။
ဒီလိုနှင့် မြို့တော်ဝင်းမြိုင်က အဘကြိုက်သော မင်းသား၊ အဘကြိုက်သော ဇာတ်အဖွဲ့ဖြစ်ကာ သဖန်းရွာ ပွဲလမ်းမှန်သမျှလည်း မြို့တော်ဝင်းမြိုင် ပင်တိုင် ဖြစ်သွားတော့သည်။ မြို့တော်ဝင်းမြိုင်ကို အဘက ပထမဆုံး အကဲခတ်သည့် ပွဲကို ကျွန်တော် မှတ်မိသေးသည်။ ဆောင်းတွင်းကြီးမှာပါပဲ။ ကိုလုံးတကာဘုရားပွဲမှာ မြို့တော်ဝင်းမြိုင် ဇာတ် ပါသတဲ့။ နာမည်ကျော် စိန်လှမြိုင်ဇာတ်နှင့် အပြိုင်တဲ့။ ထုံးစံအတိုင်း သားအဖနှစ်ယောက် နာရီ နှိုးစက်ပေးကာ မနက် ၃နာရီ စခန်းချအမှီ ကိုးလုံးတကာပွဲ သွားကြသည်။ ဝင်းထိပ် ကင်းသမားတွေက မိကျောင်းတံတားပေါ်က လူပြတ်ချိန် စိတ်မချလို့ အနောက် ကျောက်ဆစ်တန်း မီးသတ်အထိ လိုက်ပို့သည်။ ဆောင်းတွင်း ခိုက်ခိုက်တုန်အေးတာမို့ မီးသတ်ရှေ့မှာ ထင်းမီးဖိုကြီးနှင့် မီးသတ်တွေ ကင်းစောင့်ရင်း မီးလှုံနေကြသည်။ အရပ်ထဲက လိုက်ပို့သော ကင်းသမား ကိုခိုင်က ထိုမီးဖိုဘေးမှာ နေရစ်ခဲ့ပြီး ကျွန်တော်တို့ သားအဖနှစ်ယောက်က တဘက်လေးတွေ ခြုံ၍ ပွဲခင်းဘက် ခပ်သုတ်သုတ် သွားကြ၏။ ဇာတ်သံက စခန်းချနေတာကြားရပြီ။ ထိုညက မြို့တော်ဝင်းမြိုင်က လမ်းအရှေ့ဘက်၊ ဘုရားအရှေ့မုခ်နှင့် မျက်နှာချင်းဆိုင်။ စိန်လှမြိုင်က လမ်းအနောက်ဘက်၊ ဘုရားတောင်ဘက်မှာ။
တစ်ဇာတ်ပြောင်းပြန်ပေါ့
———————–
အဘက မြို့တော်ဝင်းမြိုင်ဇာတ် မင်းစင်နောက်နားက တိုးပြီး ဘေးက မင်းစင်ပေါ် ကျွန်တော့်ကို တင်ပေးသည်။ ထိုမင်းစင်က အလွတ်မဟုတ်၊ စောင်ခြုံကြီးတွေနှင့် ယောက်ျားသားကြီးတွေ ပွဲထဲ နစ်မွန်းနေကြသည်။ မြို့တော်ဝင်းမြိုင် က နောက်ပိုင်းဇာတ်ကို ကွမ်းဆော် ဟူသည့် ဇာတ်ကို ကသည်။ ထိုညက မိုးစင်စင်လင်းပြီး ဘုရားပွဲက ဆွမ်းကြီးလောင်းမှပဲ ဇာတ်က သိမ်းသည်။ မြို့တော်ဝင်းမြိုင်ကို ပရိသတ်က ကြိုက်ကြချည့်။ အဘကလည်း သူမျှော်လင့်သော မင်းသား စိတ်ကြိုက်တွေ့တော့ အပြန်မှာ ဦးတာရဲဈေးတောင်ပေါက်အနီးက လက်ဖက်ရည်ဆိုင်ဝင်ပြီး ပဲနံပြားနှင့် ကော်ဖီတစ်ခွက်စီသောက်ကာ ဇာတ်အကြောင်း တစ်လမ်းလုံး ပြောလာတော့သည်။ သည်ပွဲပြီးတော့ အဘ နှင့် သဖန်းရွာကို မြို့တော်ဝင်းမြိုင် က ဖမ်းစားလိုက်ပြန်ပါပကော။ ဖမ်းစားလိုက်ပုံများ နောက်တော့ မင်းသားမိဘများက ကိုယ်ပိုင်ဇာတ်ထောင်တော့ တောင်သမန်တိုက်ထဲက သဖန်းကျောင်းမှာပဲ ဇာတ်တိုက်ကြသည်။ ကျောင်းထိုင်ဆရာတော် ဦးသုမနကတည်း ကွမ်းညှပ်ကြီးနှင့် ကွမ်းသီးစိတ်တွေညှပ်ရင်း ဇာတ်တိုက်နေတာ ကြည့်ကာ တပြုံးပြုံး။ နောက်တော့ မြို့တော်ဝင်းမြိုင်ဇာတ်က ဓာတ်နန်းရပ်ထဲ ရောက်သွားသည်။
ကျွန်တော် ပြန်စဉ်းစားလိုက်တော့ အဘက အငြိမ့်ဆိုလည်း ဧယဉ်ကျူးမင်းသမီး၊ ဇာတ် ဆိုလည်း နောက်ပိုင်းဇာတ်ထုပ်မှ ကြိုက်တာဆိုတော့ အလွမ်းရသ ကို ပိုခံစား နှစ်သက်လို့ဖြစ်မည်။ သဘင်ပညာရပ်က အဆို အငို အလွမ်းကို နှစ်သက်လို့ ဖြစ်မည်။ နောက်ထပ် အဘ စွဲလမ်းနှစ်သက်သော သဘင်မှုရှိပါသေး၏။ စည်တော်ကြီး နှင့် စာပြောစည်ဗျော တဲ့။ ကဲ.. ကျွန်တော်လည်း အဘ သားပီပီ ငယ်စဉ်ကတည်းက စည်တော်ကြီးဝိုင်းနှင့် စာပြောစည်ဗျောရှေ့ ပွဲသိမ်းသည်အထိ ပါးစပ်အဟောင်းသားနှင့် ပေါ့။
ဆူးငှက်
×××××××××××
