စက်တင်ဘာ ၁၉၊၂၀၂၅
CC (VOM)
ကချင်ပြည်နယ် ၊ဖားကန့်ဒေသ၊ မရှိကထောင်အုပ်စု ၊ ထုံးဘိုရွာမှာ ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး နှစ်ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနက် ၉ နာရီခွဲလောက်မှာ ဒရုန်းဗုံးကျပြီး အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်သေတယ်။ဗုံးသုံးလုံးကျတယ်။အိမ်တွေလည်းပျက်စီးတယ်သိရတယ်။စစ်တပ်သိမ်းထားတဲ့ဆန်းကြွယ်ဘက်မှာလည်း မီးတွေလောင်နေတာတွေ့ရတယ်။” လို့ ဒေသခံကပြောပါတယ်။
ဒရုန်းဗုံးက နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ခဲ့တာကြောင့် အဆိုပါအမျိုးသား နဲ့အမျိုးသမီးဖြစ်သူတို့ဟာ နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲဲကြရတယ်လို့သိရပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ စစ်တပ်မှာ အင်အားတိုးမြှင့်ချထားပြီး ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးတာတွေလုပ်နေပြီး တိုက်ပွဲကလည်းပြင်းထန်လာနေကာ လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှု ၊ဒရုန်းဗုံး ပစ်ခတ်မှုမှုတွေ ဆက်တိုက်ဆိုသလိုရှိနေတယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း ဆိပ်မူကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၉ နှစ်အရွယ်ကလေး သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆိုင်းဂျာဘွမ် ၊ မနရွာ မှာလည်း လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားတယောက်သေဆုံးခဲ့ပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ မှော်ဝမ်း ရပ်ကွက်နဲ့ ဆန်းကြွယ်ရွာဘက်မှာလည်း အမျိုးသားနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
” တိုက်ပွဲတွေ ပစ်ခတ်မှုတွေက နေ့ရောညရောကိုရှိနေတယ်။လက်နက်ကြီးတွေလည်းနေရာစုံကြနေတယ်။” လို့ ဖားကန်မြို့ခံတယောက်ကပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်တုန်းကလည်း ဖားကန့် ၊အေးမြသာယာစျေးအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးတယောက်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်က ဖားကန့်ဒေသရှိ ဆန်းကြွယ်ရွာနဲ့မှော်တောင်းရွာကို ပြန်လည်ထိန်းချုပ်ထားပြီး ကျန်တဲ့ KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
ကချင်ပြည်နယ် ထဲကရွေးကောက်ပွဲကျင်းပမယ့် ဒေသထဲမှာ ဖားကန့်ဒေသပါဝင်တာကြောင့် စစ်တပ်က ရွေးကောက်ပွဲကာလမတိုင်မီမှာ ဖားကန့်ဒေသကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်းအားတိုးမြှင့်ပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ခုလို ဖားကန့်ဒေသမှာစစ်ရေးတင်းမာလာတဲ့အခြေအနေတွေကြောင့် နေ့စဥ်နဲ့အမျှ ဒေသခံပြည်သူတွေ စစ်ရှောင်မှုတွေရှိလာနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ -CJ
