သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ အဖေကို ထောင်ဒဏ်နှစ် ၄၀ ချမှတ်

စက်တင်ဘာ ၁၉ ၊၂၀၂၅
GG (VOM)
ပဲခူးတိုင်း ၊တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက်တယ်လို့သိရပါတယ်။
သမီးဖြစ်သူကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေဖြစ်သူ ကျော်သက်ဆိုသူကို ဖမ်းဆီးပြီးနှစ်လကျော်အကြာမှာ တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁)အရ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ပုဒ်မ ၃၇၆ နဲ့ကိုပဲ ပြစ်ဒဏ်ကို နှစ်ခါအမိန့်ချလိုက်တာ ။ကိုယ့်သားသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့လို့ ပုဒ်မတခုတည်းကိုပဲ ပြစ်ဒဏ်နှစ်ခါချလိုက်တာလို့သိရတယ်။ဒါမျိုးက ချသင့်တယ်။သေဒဏ်တောင်ချသင့်တယ်။ကိုယ့်သားသမီးကို ဘဝပျက်အောင်လုပ်တာ အဖေလို့မခေါ်ထိုက်ဘူး။လွတ်ငြိမ်းတွေလည်းမပါသင့်ဘူး။ “လို့ လုံခြုံရေးအဖွဲ့ နဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။
သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ အဖေဖြစ်သူ ကျော်သက်ဆိုသူကို ဇူလိုင် ၁၂ ရက်မှာ အမှုဖွင့်တိုင်ကြားပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီး နှစ်လအကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဥ်ကတော့ ဇူလိုင် ၉ ရက်နေ့၊ ထန်းတပင်မြို့နယ် ၊အောက်တင်းကုတ်ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အဲဒီနေ့ည ၁၀ နာရီလောက်မှာ သမီးဖြစ်သူ နေအိမ်အိပ်ခန်းအတွင်းမှာ ဖုန်းကြည့်နေချိန် ကျောက်သက်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာ သမီးကိုဆက်လက်မေးမြန်းခဲ့ရာ လယ်ထဲသွားချိန်တွေမှာလည်း သားမယားအဖြစ် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိခဲ့ရပြီး ထန်းတပင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ အဖေက အသက် ၃၆ နှစ်ရှိပြီး သမီးဖြစ်သူမှာ အသက် ၁၂ နှစ်ဝန်းကျင်သာရှိသေးတယ်လို့သိရပါတယ်။
တောင်ငူခရိုင်အတွင်းက အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို သေဒဏ်၊ ထောင်ဒဏ်တသက်လွတ်ရက်မရှိ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ပဲခူးမြို့နယ် မုက္ကလကျေးရွာ အလက(ခွဲ) ကျောင်းမှ ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ လိင်တူ အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာသက်ဇော်အောင်ကို ဇူလိုင်လကုန်ပိုင်းမှာ တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၄၀ အမိန့်ချမှတ်ခဲ့ပါတယ်။
အုတ်တွင်းမြို့နယ်မှာလည်း အသက် ၅ နှစ်အရွယ်ကလေးမလေးကို မွေးစားပြီး အသက်သေစေတဲ့အထိ ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို ထောင်ဒဏ်တသက်လွတ်ရက်မရှိကျခံစေဖို့အပြင် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ်ပါသီးခြားကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက ဇွန် ၂၇ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
အလားတူ တောင်ငူမြို့နယ်၊ ကျွန်းကုန်းရွာက ကိုးတန်းကျောင်းသူလေး ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုလည်း တောင်ငူခရိုင်တရားရုံးက မေလ ၂၂ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄ အရ သေဒဏ် မသေမချင်းကြိုးကွင်းစွတ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW