ကျောက်ဖြူတိုက်ပွဲ အခုရက်ပိုင်းအတွင်း ပိုမို ပြင်းထန်လာပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ

စက်တင်ဘာ ၂၀ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း နလအတပ်နဲ့ AA တို့ကြား တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု များပြားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေခဲ့ပေမယ့် အခု စက်တင်ဘာ ၁၅ ရက်နေ့မှစပြီး နလအတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲ ပိုမို ပြင်းထန်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“စက်တင်ဘာ ၁၅ ရက်နေ့က စပြီး တိုက်ပွဲ ပြန်ဖြစ်လာတာ။ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ရှိတယ်။ ဒီရက်ပိုင်း တိုက်ပွဲ ပိုစိတ်လာတယ် ပြောရမယ်။ ဒဏ်ရာရ၊ သေဆုံးတွေလည်း တော်တော်များလာတယ်။ စစ်တွေဘက်ကို ပြန်ပို့ပြီး ဆေးကုပေးနေရတယ်လို့ သိရတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ နလအတပ်ဟာ ကျောက်ဖြူ ဓညဝတီရေတပ်နဲ့ တပ်ရင်းတွေကို လူအင်အား၊ လက်နက်အင်အား ပိုမိုဖြည့်တင်းကာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိနိုင်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကတော့ အမှတ် (၃၂) တပ်ရင်း အနီးဝန်းကျင်နဲ့ သစ်ပုတ်တောင်၊ လိပ်ခမော်ကျေးရွာ အနီးတဝိုက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အရင်ကတော့ တိုက်ပွဲ ကြိုကြားကြိုကြား ရှိပေမယ့် ဒီရက်ပိုင်း ပိုစိတ်လာတယ်လို့ ပြောရမယ်။ လတ်တလော အခြေအနေကတော့ နလအတပ်ဘက်က နောက်တန်းကို ပြန်ဆုတ်သွားပြီးတော့ ရောက်တဲ့ နေရာအသစ်တွေမှာ ဘန်ကာတွေ ထပ်ဆောက်နေကြတယ်လို့ သိရတယ်။ အင်အား ဖြည့်တင်းတာတွေလည်း လုပ်နေတယ်။ ဒီအချိန်မှာတော့ ကျောက်ဖြူတိုက်ပွဲက အပြင်းထန်းဆုံးနဲ့ ရက်အကြာဆုံး တိုက်ပွဲတွေထဲက တခုလို့ ပြောလို့ရတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး AA အနေနဲ့ လိပ်ခမော်တပ်စခန်း၊ မင်းတပ်တောင်စခန်းနဲ့ နှမ်းဖဲတောင် စခန်းတို့ကို သိမ်းပိုက်ထားကာ လက်ရှိမှာတော့ အမှတ် (၃၂) ရဲတပ်ရင်းကို ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ ခြေလျင်တပ်ရင်း (ခလရ – ၃၄၊ ခြေမြန်တပ်ရင်း (ခမရ – ၅၄၂၊ ၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊အမှတ် (၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်ဌာနခွဲတို့ ကျန်ရှိပြီး နလအတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ လက်ရှိအချိန်အထိ ခုနစ်လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲကာလအတွင်း စစ်ရှောင် အရေအတွက် ငါးသောင်းကျော်အထိ ရှိလာနေပြီး လူဦးရေ ထပ်မံ တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်မှာလည်း စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလျက်ရှိသလို AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း လက်နက်ကြီး ပစ်ခတ်မှု နေ့စဉ်နီးပါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုတွေကြောင့် စစ်တွေ ကုလားတန် မြစ်ကြောင်းတလျှောက်နဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်တွေဘက်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပေါက်တောမြို့နယ် မင်းတဲကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မောတောခရိုင်ဘက်မှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပြီး ရခိုင်အမျိုးသား အဖွဲ့ချုပ်ရဲ့ မနေ့ စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်မှာ အာရကန်လွတ်မြောက်ရေးအဖွဲ့ (ARSA)၊ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ မောင်တောခရိုင်အတွင်း ဝင်ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။
ရှည်လျားတဲ့ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ AA အနေနဲ့ ပြည်သူ့လုံခြုံရေးတွေကို အချိန်ပြည့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကို အခွင့်ကောင်းယူပြီး ARSA နဲ့ RSO အဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခြေကုပ်ရယူကာ နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေကတဆင့် မောင်တောခရိုင်အတွင်း စိမ့်ဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေဟာ လူသူကင်းဝေးတဲ့ တောတောင်တွေ၊ လူပြတ်ရာ နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြတဲ့ ဒေသခံတွေထဲက ၎င်းတို့ဘာဟာဝင် မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာတွေကို အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက် လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါအပြင် အဲဒီ ထုတ်ပြန်ချက်မှာ တိုက်ပွဲအတုတွေ ဖန်တီးကာ ဝါဒဖြန့် လှုံ့ဆော်လျက်ရှိသလို ၎င်းတို့ ဘာသာဝင်မဟုတ်တဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး AA ယူနီဖောင်းကို လဲလှယ်ကာ AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ ပုံစံမျိုးအဖြစ် လုပ်ကြံဖန်တီးလျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို လုပ်ကြံ ဖန်တီးပြီးတဲ့နောက် ဆိုရှယ်မီဒီယာ စာမျက်နှာတွေထက်မှာ ပုံမှားရိုက်လှည့်စားကာ ၎င်းတို့အပေါ် ထောက်ခံတဲ့ အဖွဲ့အစည်းတွေထံမှ အားပေးမှု၊ ထောက်ပံ့မှုတွေ ပိုမိုရရှိအောင် ကြိုးစားလျက် ရှိတာတွေကိုလည်း တွေ့ရှိနေရတဲ့အတွက် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလ ဖြစ်တယ်လို့လည်း ထုတ်ချက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ တောတောင်နဲ့ လူပြတ်ရာ နေရာတွေကို တယောက်တည်း (ဒါမှမဟုတ်) လူအနည်းစုနဲ့ သွားလာတာမျိုး အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမယ့် အရေးကြီးကိစ္စတွေ ရှိပါကလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာမှာ သတင်းပေးပို့ပြီးမှသာ သွားလာကြဖို့ သတိပေး နှိုးဆော်ထားသလို ULA/AA အနေနဲ့လည်း လုံခြုံရေး အထူးတိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW