ကျောက်မဲ အနီး နားအိုက်ခန့်အထိ နလအ စစ်ကြောင်းရောက်ရှိလာ

စက်တင်ဘာ-၁၉-၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ အနီး နားအိုက်ခန့်အထိ လက်ရှိ နလအ စစ်ကြောင်းရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်က မနေ့က နားအိုက်ခန့် ရောက်ပြီ။ စခန်းသာ ပစ်တယ်။ အပြင်း အထန်တော့ မဟုတ်သေးဘူး။ လေယာဉ်လည်း တအားဝဲ‌တယ်။ ချတော့ မချဘူး။ ဒီနေ့ကတော့ မနေ့ကထက် ဘာမှ ထူးခြားတာမရှိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နလအ စစ်ကြောင်းတွေက ပုံမှန်တိုးလာနေတဲ့ သဘောရှိပြီး စခန်းသာပြီးသွားရင်တော့ ပွင့်သွားပြီ လို့ ပြောလို့ ရတယ်လို့ သူက ပြောပါတယ်။
သတင်းတွေသာ လျှောက်ရေးနေကြပေမယ့် မြေပြင်မှာက TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ဆုတ်ပစ် ပစ်နေပြီး ကျောက်မဲ မြို့ဘက်ထဲ ဆုတ်လာနေတာကြောင့် စိတ်ပူ‌ရကာ နောက်ထပ် နှစ်ရက်ခန့် စောင့်ကြည့်ရင် အခြေအနေကို ခန့်မှန်းနိုင်ပြီလို့ သူက ပြောပါတယ်။
နလအ တပ်ဖွဲ့တွေက ကျောက်မဲမြို့နဲ့ တော်တော်နီးကပ်နေပြီ ဖြစ်တာကြောင့် မြို့ထဲ တောင်ဝင် နိုင်သူတွေ ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း ဒေသခံ လူငယ် တယောက်ကလည်း ပြောပါတယ်။
စစ်တပ် ထောက်ခံ အင်အားစု ဆိုရှယ်မီဒီယာမှာတော့ ကျောက်မဲနဲ့ ၈ မိုင်ခန့် အကွာမှာရှိတဲ့ ခိုက်တုန်ဟုန်း TNLA ခံစစ် စခန်းကို စက်တင်ဘာလ ၁၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကျောက်မဲမြို့ထဲ ရောက်ဖို့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ရဲ့ နားအိုက်ခန့်၊ စခန်းသာ၊ ခိုမုန်း ခံစစ်စခန်းတွေ ရှိနေသေးကြောင်းလည်း ဖော်ပြထားပါတယ်။
ဩဂုတ်လ ကစ ကျောက်မဲမြို့နယ်မှာ နလအ တပ်ဖွဲ့က စတင် ထိုးစစ်ဆင်လာပြီး လေကြောင်း၊ မြေပြင် ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် ဩဂုတ်လအတွင်း ကျောက်မဲ မြို့နယ်မှာ လူ ၂၉ ယောက် သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၈,၆၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးခဲ့ရကြောင်း ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင်က သတင်းထုတ်ပြန်ထားပါတယ်။
Photo From Google

Related posts

Leave a Comment

VOM News

FREE
VIEW