ဂါဇာ အပစ်ရပ်ရေး ဆုံးဖြတ်ချက်မူကြမ်း အမေရိကန်က ဗီတိုအာဏာသုံးပြီး ခြောက်ကြိမ်မြောက်ပယ်ချ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၉-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများလွှတ်ပေးရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချကမူကြမ်းတရပ်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ခြောက်ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
ဒီမူကြမ်းဟာ ဟားမတ်စ်တို့ကို ရှုတ်ချခြင်း သို့မဟုတ် အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်မပြုခြင်းအတွက် လုံလောက်မှုမရျိဘူးလို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် လက်ထောက်သံတမန် မော်ဂန်အော်တာဂတ်က ဆိုပါတယ်။
“ဟားမတ်စ်ကို ရှုတ်ချဖို့ ဒါမှမဟုတ် အစ္စရေးရဲ့ ခုခံပိုင်ခွင့်ကို အသိအမှတ်ပြုဖို့ ပျက်ကွက်ပြီး ကောင်စီမှာ ဟားမတ်စ်ကို အကျိုးပြုတဲ့ မှားယွင်းတဲ့ ဇာတ်ကြောင်းတွေကို တရားဝင်ဖြစ်စေပါတယ်” လို့ သူက ဝေဖန်ပြောဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ကပ်ဘေးအဖြစ် ဖော်ပြတဲ့ခဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အကူအညီပေးရေး ကန့်သတ်ချက်တွေအားလုံးကို ရုတ်သိမ်းဖို့ အစ္စရေးကို တောင်းဆိုခဲ့ပါတယ်။
အစ္စရေးရဲ့ စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ တိုးချဲ့နေချိန်မှာ ဂါဇာမြို့တော်မှာ အရပ်သားများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ထိုးစစ်ချဲ့ထွင်မှုနဲ့ လူသားချင်းစာနာမှုအခြေအနေတွေ ဆိုးရွားလာမှုကြောင့် အစ္စရေးဟာ မဟာမိတ်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ပါ ရင်ဆိုင်နေရပါတယ်။
မဲခွဲဆုံးဖြတ်ပြီးနောက်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ ဗီတိုအာဏာသုံး ပယ်ချမှုအပေါ် စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ရီရစ်မန်ဆော က အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်ဖို့ လုံခြုံရေးကောင်စီရဲ့ မှန်ကန်တဲ့ ပါဝင်မှုကို အတားအဆီးဖြစ်စေတယ်လို့ ပြောပါတယ်။
ပါကစ္စတန်သံအမတ်ကြီး အာဆင်အာမက်ကလည်း ဒါဟာ လုံခြုံရေးကောင်စီမှာ မှောင်မိုက်တဲ့ အခန်းကဏ္ဍပဲလို့ ဝေဖန်ပါတယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပြီး ကလေးငယ်တွေရဲ့ ဆင်းရဲဒုက္ခတွေကို မြင်သင့်တယ်လို့ ဆိုပါတယ်။
အယ်လ်ဂျီးရီးယား သံအမတ်ကြီး အာမာ ဘန်ဂျီမာကတော့ မူကြမ်အတည်မပြုနိုင်ခဲ့လို့ ပါလက်စတိုင်း ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ “ပါလက်စတိုင်းညီအစ်ကိုတွေ၊ ပါလက်စတိုင်းညီအစ်မတွေ၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ” လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ အစ္စရေး တင့်ကားနဲ့ တပ်ဖွဲ့ဝင်တွေဟာ မြေပြင်ထိုးစစ် တတိယမြောက်နေ့အဖြစ် ဂါဇာမြို့တော်မှာ စစ်ဆင်ရေးလုပ်ဆောင်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်မှု ပိုတိုးလာပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW