စက်တင်ဘာ ၂၆ ရက်ထိ နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသသတွေ အထူး သတိထားဖို့လို

စက်တင်ဘာ ၂၀ – ၂၀၂၅
SN (VOM)
လက်ရှိ မိုးလေသဝ အခြေအနေတွေအရ မနေ့ စက်တင်ဘာ ၁၉ ရက်၊ ညပိုင်းကနေ ၂၆ ရက််နေ့အထိ ကာလအတွင်း နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသသတွေ အထူး သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လက်ရှိမှာ လေထု မငြိမ်သက်မှုအပြင် လေဖိအားနည်းရပ်ဝန်းတခုလည်း ဖြစ်ပေါ်လာနိုင်‌ခြေ ရှိနေတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရနိုင်ပြီး အထူး သတိပြုဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ခန့်မှန်းချက်တွေအရ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး အနည်းငယ် အားကောင်းလာနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“ရွေ့လျားနိုင်ခြေကတော့ လက်ရှိ အနေအထားအရ အနောက်မြောက်ဘက် အိန္ဒိယဘက်ကို ဦးတည်နေတယ်။ လေဖိအားနည်း ရပ်ဝန်းကတဆင့် မုန်တိုင်းငယ်တခု ဖြစ်လာနိုင်ခြေလည်း ရှိနေတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ မြစ်ဝကျွန်းပေါ်၊ မွန် – တနင်္သာရီနဲ့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာ မိုးကြီးနိုင်တဲ့အပြင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တဲ့အတွက် ပင်လယ်ပြင်မှာ အလုပ် လုပ်ကိုင်သူတွေအနေနဲ့ သတိပြုဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“နောက်တခုက လက်ရှိအချိန်က မုတ်သုံထွက်တဲ့ကာလ ဆိုတော့ လေထုမငြိမ်သက် ဖြစ်တာတွေက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ရှိတယ်။ အဓိက ကတော့ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ ဒါမျိုးတွေရှိနိုင်တယ်။ မိုးတိမ်တောင်တွေ ဖြစ်ပြီးတော့ ဒီမိုးတိမ်တောင်ဖြစ်တဲ့ လမ်းတလျှောက်မှာ လေပြင်းတိုက်တာမျိုးတွေ ရှိနိုင်တဲ့အတွက် ဒါလေးကိုလည်း သတိပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
အခုလို မုတ်သုံထွက်တဲ့ ကာလမှာ မိုးတိမ်တောင် အခြေအနေ သတိပြုဖို့လိုသလို ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေနဲ့ မုန်တိုင်းတွေကိုလည်း သတိပြုဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံမှာ မုတ်သုံဝင်တဲ့ ကာလတွေဖြစ်တဲ့ ဧပြီလ၊ မေလနဲ့ မုတ်သုံပြန်ဆုတ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ဖြစ်လာနိုင်တာကိုလည်း သတိပြုရမှာဖြစ်တယ်။ ဒီနိုင်ငံမှာက လွန်ခဲ့တဲ့ကာလတွေကလည်း သာဓကတွေ ရှိခဲ့တယ်ဆိုတော့ ဒါလေးကိုလည်း သတိပြုစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် တောင်တရုတ် ပင်လယ်ပြင်မှာလည်း လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တဲ့အတွက် အဲဒီ လေဖိအားနည်းရပ်ဝန်း၊ တိုင်ဖွန်းမုန်တိုင်းတွေရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့အခါမှာလည်း မိုးရွာသွန်းမှုတွေ ရှိလာနိုင်တာကြောင့် တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်တဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကိုလည်း သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မိုး/ဇလဌာနရဲ့ မနေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်း သတိပေးချက်မှာလည်း လက်ရှိ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။
မုတ်သုံလေ အားကောင်းမှုနဲ့အတူ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ လေထု မငြိမ်မသက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်သလို အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေ အရှိန်ကြောင့်လည်း မနေ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညပိုင်းမှ လာမယ့် ၂၆ ရက်နေ့အထိ ကာလအတွင်း တိုင်းနဲ့ပြည်နယ် တချို့မှာ မိုးကြီးနိုင်တယ်လို့ အသိပေးထားပါတယ်။
မိုးကြီးနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၁၀ ပေမှ ၁၃ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေး အန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ ဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုတယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေ အနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ လိုအပ်တယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW