အင်ဒိုနီးရှားအရှေ့ပိုင်း အကြီးဆုံးမီးတောင် ဆက်တိုက်ပေါက်ကွဲပြီးနောက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

ဂျကာတာ၊ စက်တင်ဘာ-၂၀-၂၀၂၅
မျိုးဆက်(VOM)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ လီဝိုတိုဘီ လာကီလာကီ မီးတာင် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် အာဏာပိုင်တွေဟာ သတိပေးချက်အဆင့်ကို အမြင့်ဆုံး တိုးမြှင့်လိုက်ပါတယ်။
မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဒေသန္တရလေဆိပ်ကို ပိတ်ရမယ့်အခြေအနေ ဖြစ်နေပါတယ်။ ဖလောရက်စ်ကျွန်းရှိ အမြင့် ၁၅၈၄ မီတာအမြင့်ရှိတဲ့ ဒီမီးတောင်ဟာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဆက်တိုက် ပေါက်ကွဲခဲ့ပြီး တောင်ထွတ်အထက် ၆ ကီလိုမီတာအထိ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ မီးတောင်လှုပ်ရှားမှုတွေ ပြန်လည်စတင်ခဲ့ပြီး မီးတောင်ပေါက်ကွဲမှုများအပါအဝင် မီးတောင်ပြာတွေ ကောင်းကင်မှာ ၂ ဒဿမ ၅ ကီလိုမီတာထိ မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား ဘူမိအေဂျင်စီက ဆိုပါတယ်။
ဘူမိဗေဒအေဂျင်စီက မီးတောင်ရဲ့ သတိပေးချက်အဆင့်ကိုအမြင့်ဆုံဖြစ်တဲ့ အဆင့် ၄ ထိ စက်တင်ဘာ ၁၉ ရက် ညမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတွေနဲ့ ခရီးသွားတွေကို မီးတောင်ကနေ ခြောက်ကီလိုမီတာအတွင်း သွားလာခြင်းမပြုဖို့ အေဂျင်စီ အကြီးအကဲ မိုဟာမက်ဝါဖီဒ်က သတိပေးထားပါတယ်။
” လီဝိုတိုဘီ လာကီလာကီ မီးတောင်မှ ပြာတွေဟာ လေဆိပ်ဧရိယာနဲ့ လေယာဉ်လမ်းကြောင်းများဆီသို့ ပျံ့နှံ့သွားပါက လေဆိပ်လည်ပတ်မှုနဲ့ လေယာဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်” လို့သူက သတိပေးထားပါတယ်။
အထူးသဖြင့် မြစ်တွေအနီး နေထိုင်သူတွေအနေနဲ့ မိုးသည်းထန်စွာရွာသွန်းပါက မီးတောင်ချော်ရည်နဲ့ ပြာတွေ၊ အပျက်အစီးတွေ ရေစီးနဲ့အတူ လွှမ်းမိုးနိုင်တဲ့ အန္တရာယ် ဖြစ်နိုင်ခြေကို သတိထားဖို့ သတိပေးထားပါတယ်။
ဖလောရင့်ကျွန်း Maumere မြို့ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြေးဆွဲနဲ့ လေဆိပ်တခုဟာလည်း မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ လေဆိပ်အကြီးအကဲကတော့ လေဆိပ်ပြန်ဖွင့်ဖို့ မဆုံးဖြတ်မီ အခြေအနေတွေကို မနက်ဖြန် တရက်စောင့်ကြည့်မယ်လို့ ပြောပါတယ်။
ဇူလိုင်လအတွင်းကလည်း အဲဒီမီးတောင်ပေါက်ကွဲမှုက ၁၈ ကီလိုမီတာထိ မီးတောင်ပြာတွေမှုတ်ထုတ်ခဲ့တာကြောင့် ဘာလီအပန်းဖြေကျွန်းရှိ နိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ် ၂၄ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။
လက်ရှိမှာတော့ ဘာလီလေဆိပ်ဟာ အနှောင့်အယှက်မရှိဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ပြောပါတယ်။ ကျွန်းတွေနဲ့အများဆုံးဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်ငလျင်ကြောပေါ်မှာ တည်ရှိတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံတွေ့နေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW