စက်တင်ဘာ ၂၂ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ မိုးတွင်းကာလအတွင်း မကြာခဏ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မယ်ဆိုင်ချောင်း ပြုပြင် ထိန်းသိမ်းရေးအပြင် တမြို့လုံးရှိ ရေနုတ်မြောင်းတွေကို အမြန်ဆုံးပြုပြင် ဖော်ယူဖို့လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲက ရေစီးဆင်းမှု မြောင်းတွေပေါ့။ သူက ဒီတနေရာဖော်ပြီး နောက်တနေရာ မဖော်ပြန်ရင်လည်း အဆင်မပြေဘူးလေ။ ရပ်ကွက်တိုင်း၊ နေရာတိုင်းက ရေနုတ်မြောင်းတွေအကုန် ဖော်ပစ်မှရမှာ။ အဲဒီလိုလုပ်လိုက်မှ ရေစီးရေလာ ကောင်းသွားမှာပါ။ အခုက တကယ့် အဓိက လမ်းမကြီးတွေပေါ် ရေတက်နေတာကိုး။ တာချီလိတ်က မိုးနည်းနည်း များလိုက်ပြီဆိုတာနဲ့ ရေက လမ်းတွေပေါ်ရော၊ အနိမ့်ပိုင်း ရပ်ကွက်တွေရော ချက်ချင်းရောက်လာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာလည်း မနေ့ စက်တင်ဘာ ၂၁ ရက်၊ ညပိုင်းက ရွာသွန်းတဲ့မိုးကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနဲ့အတူ မြို့လမ်းတွေပေါ်နဲ့ ချောင်းနံဘေးက အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်မှုတွေ ထပ်မံ ဖြစ်ပေါ်လျက်ရှိတယ်လို့ သူက ပြောပါတယ်။
မယ်ဆိုင်ချောင်းအနီးက ရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က၊ ခ) နဲ့ မယ်ခေါင်ရပ်ကွက် အနောက် မြို့ပတ်လမ်းတွေရှိ နေအိမ်တွေနဲ့ လမ်းတွေမှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်း နေထိုင်သူတွေအနေနဲ့ သွားရေးလာရေး အခက်တွေ့နေရတယ်လို့ သိရပါတယ်။
“တာချီလိတ် – ဆန်ဆိုင်းလမ်းဆုံ၊ ဆန်ဆိုင်း သင်္ဘောဟိုတယ်နားမှာလည်း လမ်းပေါ် ရေကျော်နေတယ်။ စိတ်ပျက်ဖို့ကောင်းတဲ့ တာချီလိတ်။ ကလေး ကျောင်းမသွားရဘူး။ စာမေးပွဲက ဖြေတော့မယ်။ အခုလို ခဏခဏ ရေကြီးနေတာ တာဝန်ရှိတဲ့သူတွေက ဘာလုပ်ဖို့ စဥ်းစားကြလဲမသိဘူး။ မြောင်းတွေလည်းမဆယ်။ စည်ပင်ကြေးသာ မှန်မှန် လာကောက်နေတာ။ မြောင်းတွေထဲမှာတော့ ပိတ်လိုက်တဲ့အမှိုက်။ မြေနိိိမ့်ပိုင်းကလူတွေလည်း တကယ်သနားဖို့ ကောင်းတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မိုးရာသီကာလအတွင်း တာချီလိတ်မြို့ ရေကြီးမှုဟာ ၁၀ ကြိမ်ထက်မနည်း ရှိလာနေပြီ ဖြစ်တာကြောင့် ချောင်းရေလျှံပြီး ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်ပေးဖို့ ဒေသခံ ပြည်သူတွေက လိုလားနေကြပါတယ်။
“တာချီလိတ်က မိုးနည်းနည်း များတာနဲ့ ရေကြီးပြီ။ မိုးတိတ်တာနဲ့ ရေချက်ချင်းပြန်ကျ၊ ရေကြီးတာက ခဏ ဆိုပေမယ့် အဲဒီခဏက အမြဲတမ်းလို ဖြစ်နေတော့ ဘာမှ မထူးဘူးလေ။ ကျွန်မလည်း ဒီမနက် အိမ်က ကလေးကိုကျောင်းပို့တာ လမ်းတဝက်ကနေ လှည့်ပြန်လာရတယ်။ ဘယ်လိုမှ ဆက်သွားလို့မရဘူး။ ဒီလိုပဲ နှစ်တိုင်း ဖြစ်သွားတော့မယ်ထင်တယ်။ မြောင်းပိတ်၊ ချောင်းပိတ်နေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီလိုပဲ လက်ပိုက်ပြီး ကြည့်နေကြတော့မှာလား မသိဘူး” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ တာချီလိတ် ရေကြီးရတဲ့ အကြောင်းရင်းတွေထဲမှာ မယ်ဆိုင်ချောင်း မြစ်ဖျားခံတဲ့ လွယ်ဆန်ဆွန်တောင်ဘက်မှာ မိုးများတာကလည်း တခုအပါအဝင်ဖြစ်သလို သစ်တောတွေ ပြုန်းတီးနေတဲ့အတွက် မြေအောက်ရေတွေ ထိန်းထားနိုင်ခြင်း မရှိတော့တာကြောင့် မြို့အတွင်းကို ရေတွေ အတားအဆီးမဲ့ ဝင်ရောက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“တောင်ပေါ်မှာလည်း မိုးရွာတယ်၊ မြို့ပေါ်မှာလည်း မိုးရွာတယ်ဆိုတော့ အခုက ရေတွေအကုန် ပေါင်းသွားတာပေါ့။ မြို့ပေါ်မှာလည်း မနေ့ညနဲ့ ဒီမနက်ပိုင်းက မိုးတော်တော်ရွာလိုက်တာကိုး။ အခု နေ့လယ်ပိုင်းတော့ မိုးတိတ်နေပြီ။ ဒါပေမယ့် ရှိသမျှရေတွေ အားလုံးကလည်း အနိမ့်ပိုင်းရပ်ကွက်တွေထဲ အကုန်စီးဝင်တာဆိုတော့၊ အဲဒီဘက်တွေကလည်း ချိုင့်တွေလို ဖြစ်နေတာဆိုတော့လေ။ အဲဒီဘက်ပဲ အကုန်ရောက်တာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မိုင်းဆတ် မြို့နယ်ဘက်မှာလည်း ရွှေတူးဖော်မှုတွေ ရှိနေတဲ့အတွက် မိုင်းဆတ်ဘက်က ကျလာတဲ့ ရေနဲ့အတူပါလာတဲ့ နုံးတွေ၊ အနည်တွေကြောင့်လည်း မယ်ဆိုင်ချောင်း တိမ်ကောလာတဲ့အတွက် မိုးအနည်းငယ် ရွာသွန်းလိုက်တာနဲ့ ချက်ချင်းဆိုသလို ချောင်းအတွင်း ရေပြည့်ကာ ရပ်ကွက်တွေထဲ လျှံကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“တကယ် လုပ်မယ်ဆိုရင်တော့ မယ်ဆိုင်ချောင်းကြီး ဖော်ပစ်မှပဲရမယ်။ အဲဒီလိုဖော်မှပဲ ဟိုဘက်မှာ ရေဝင်ဧရိယာ များသွားမှာလေ။ အနိမ့်ပိုင်း ရပ်ကွက်တွေဆိုတာလည်း ချောင်းနဲ့ ကပ်နေတာကိုး။ မိုးရွာပြီဆိုတာနဲ့ ကုန်းပေါ်ရေတွေကလည်း အနိမ့်ပိုင်းတွေဘက် သွားစုဆုံတာ။ ဒါကြောင့် မယ်ဆိုင်ချောင်းက ရေဝင်ဧရိယာ များမှသာ ဒီဘက်ကရေက ချက်ချင်းကျမှာ” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့ဟာ ထိုင်း – မြန်မာနယ်စပ်မှာ တည်ရှိတာဖြစ်ပေမယ့် ထိုင်းနိုင်ငံဘက်အခြမ်း တာဝန်ရှိသူတွေအနေနဲ့ မိုးရာသီ အစပိုင်းကတည်းက ရေကာတာ ဆောက်လုပ်ကာ မယ်ဆိုင်ချောင်းနဲ့ ၎င်းတို့နိုင်ငံဘက် အခြမ်းကို ကာရံထားတဲ့အတွက် မြန်မာနိုင်ငံဘက်ကို မယ်ဆိုင်ချောင်းရေ အများဆုံး ဝင်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ထိုင်းဘက်က မယ်ဆိုင်တလျှောက်၊ မယ်ဆိုင်ချောင်းနဲ့ သူတို့မြို့ကြားကို ကောင်းကောင်းကာထားတာ။ အဲဒါကြောင့် မြန်မာဘက်ကို ရေဝင်များနေတာ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာဘက်အခြမ်းကလည်း သူတို့လို လုပ်မယ်ဆိုရင်လည်း ရေက ကြီးဦးမှာပဲ။ ဘာလို့လဲဆို ခုဏက ပြောသလို အမြင့်ပိုင်းတွေကရွာတဲ့ ရေက အောက်ပဲဆင်းတာလေ။ မြို့ပတ်လမ်းတို့၊ တာလော့တို့၊ ပုန်းထွန်တို့ ဆိုတာကလည်း အောက်ဘက်ကျတာကိုး။ အဲဒီဘက်တွေက ချောက်ပုံစံမျိုးတွေ ဖြစ်နေတာဆိုတော့ မိုးရွာတာနဲ့ ရေက ကြီးနေဦးမှာပဲ။ ဒါကြောင့် အဓိက ကတော့ မြို့ထဲမှာ ရေစီးရေလာ ကောင်းအောင်လုပ်ဖို့၊ မယ်ဆိုင်ချောင်းကို ပြုပြင်တာလုပ်ဖို့၊ ဒါပဲလိုတာ” လို့ သူက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာတော့ တာချီလိတ်မှာ မိုးတိတ်နေပြီ ဖြစ်ပေမယ့် မိုးထပ်မံ ရွာသွန်းနိုင်ခြေ ရှိနေတဲ့အတွက် ရေကြီးမှုအခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်၊ မနက် ၁၀ နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေဟာ လက်ရှိမှာ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
Photo – CJ
