စက်တင်ဘာ ၂၁၊ ၂၀၂၅
NN(VOM)
မြန်မာ-ထိုင်းနယ်စပ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက စိတ်ကြွဆေးပြား သယ်ဆောင်လာသူတွေကို လိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ငါးသန်းနီးပါး ဖမ်းမိတယ်လို့ UWSA “ဝ” တပ်ဖွဲ့ထံက သိရပါတယ်။
ရှမ်းအရှေ့ပိုင်း “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ပုံပါကျင်းဒေသမှာ မူးယစ်ဆေးဝါး သယ်ဆောင် လာတဲ့ ကားတစ်စီးကို လိုက်လံဖမ်းဆီးရာမှာ အခုလို ဖမ်းဆီးရမိတာလို့ “ဝ” တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါ တယ်။
“မိမိတို့ တပ်ဖွဲ့ဝင်များသည် မြန်မာ-ထိုင်းနယ်စပ် (Bangge နှင့် Luoshitang) အကြားရှိ နေရာများတွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေး ရန် အမိန့်ပေးခဲ့ပါသည်။ မူးယစ်ကုန်ကူးသူများက သတိပေးချက်ကို လျစ်လျူရှုကာ နယ်စပ်သို့ ဆက်လက်ထွက်ပြေးကြသည်။ လိုက်ရှာစဉ် အသက် ၃၇ နှစ်အရွယ် အမျိုး သားအား ဒဏ်ရာဖြင့် ဖမ်းဆီးရမိသည်။ စိတ်ကြွဆေး ၂၃ အိတ် (ငါးသန်းနီးပါး) နှင့်အတူ မော်တော်ယာဉ်အား ဖမ်းဆီးရမိသည်”လို့ “ဝ” တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူ ကိုညီရမ်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကျန်နေတဲ့ မူးယစ်ကုန်ကူးသူတွေကိုလည်း လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသတွေဟာ မူးယစ်ကုန်ကူး သူတွေ အဓိကကျင်လည်တဲ့ ဒေသဖြစ်တယ်လို့ ရှမ်းပြည်အရှေ့ပိုင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ နလအ ထိန်းချုပ်တဲ့ တာချီလိတ်၊ ကျိုင်းတုံ၊ ထိုင်းနိုင်ငံ မယ်ဆိုင်၊ လာအို နယ်စပ် ဒေသတွေကို အသုံးပြုပြီး မူးယစ်မှောင်ခိုသမားတွေ အဓိက ကျင်လည်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နလအ မူးယစ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်များထဲမှာလည်း ရှမ်းပြည်အရှေ့ပိုင်းဒေသ တာချီ လိတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ်တွေမှာ ငွေကျပ်သန်းနဲ့ချီတဲ့ မူးယစ်ဆေးတွေ မကြာခဏ ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါတယ်။
ပုံ ကိုညီရမ်းဖေ့စ်ဘုတ်
ပုံစာ စိတ်ကြွဆေးသယ်လာသူ အား ဝ တပ်ဖွဲ့က ဖမ်းဆီးထားစဉ်
