စက်တင်ဘာ ၂၂ – ၂၀၂၅
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သုံးလနီးပါး ကာလအတွင်း လူအယောက် ၂၀ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လမ်းပေါ်မှာ ပစ်သတ်ခံရသူ ၁၅ ယောက်ဝန်းကျင် ရှိခဲ့ပြီး ဩဂုတ်လ အတွင်းမှာတော့ ပစ်သတ်ခံခဲ့ရသူ လေးယောက်ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။
အခု စက်တင်ဘာလ အတွင်းမှာလည်း ပြီးခဲ့တဲ့ ၁ ရက်နေ့က အမျိုးသား တယောက်၊ ၁၇ ရက်နေ့မှာ အမျိုးသား နှစ်ယောက် ပစ်သတ်ခံခဲ့ရသလို၊ စက်တင်ဘာ၂၀ ရက်နေ့ကလည်း ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုမှာ အမျိုးသား နှစ်ယောက် ထပ်မံ ပစ်သတ်ခံခဲ့ရတာကြောင့် သုံးလနီးပါး ကာလအတွင်း ၂၄ ယောက်ဝန်းကျင် အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“မနေ့က ပစ်သတ်ခံရတာက ဖားကန့်၊ လုံးခင်းကျေးရွာ အုပ်စုထဲမှာပဲ ဖြစ်ပေမယ့် တယောက်နဲ့တယောက် နေရာမတူဘူး။ တယောက်ကတော့ လုံးခင်းနဲ့ မှော်စီစာကျေးရွာ အစပ်မှာ အပစ်ခံရတာဖြစ်တယ်။ နောက်တယောက်ကတော့ မှော်စီစာကျေးရွာနဲ့ နမ့်မဖြစ်ကျေးရွာကြားမှာ အပစ်ခံရတာဖြစ်တယ်။ မရှေးမနှောင်းပဲ ဖြစ်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို ပစ်ခတ်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာ လက်ရှိအချိန်အထိ မသိရသေးသလို မနေ့ စက်တင်ဘာ ၂၀ ရက်နေ့က ပစ်သတ်ခံခဲ့ရသူတွေဟာလည်း မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ မသိရှိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ ပစ်သတ်ခံရမှု ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်ပွားလာနေသလို နလအတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေအပြင် ဒရုန်း တိုက်ခိုက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၀ ရက်၊ ည ၁၁ ခွဲဝန်းကျင်ကလည်း ဖားကန့်၊ ဆိုင်းတောင်အုပ်စု၊ ရပ်ကွက် (၃) မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လူသေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့၊ မရှီကထောင်အုပ်စု၊ ထုံးဘိုကျေးရွာပေါ် ဒရုန်း ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စု၊ မှော်ရှန်ရပ်ကွက်က ရတနာစိမ်း ကုမ္ပဏီဝင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်၊ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ ရပ်ကွက် (၃) မှာ လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ကိုးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မြို့မ ဆွတ်ဂျာကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို စက်တင်ဘာ ၇ ရက်နေ့ကလည်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ်လ ၇ ရက်နေ့ကလည်း ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ဆုတောင်းကုန်းရှိ KBC ဘုရားကျောင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်နက်ကြီးမကျခင် ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားနေတဲ့ အမှိုက်ပုံကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၃ ရက်နေ့ကလည်း ရှရော်ခကျေးရွာနဲ့ ဆန်းကြွယ်ကျေးရွာမှာ လက်နက်ကြီးကြောင့် နှစ်ယောက် သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ် ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း မျောက်ဖြူ၊ ရှရော်ခနဲ့ ဆွတ်ဂျာကုန်း ကျေးရွာတွေမှာ လက်နက်ကြီးကြောင့် ခြောက်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ဇွန်လဆန်းနဲ့ ဩဂုတ်လဆန်းပိုင်းက စပြီး နလအ စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် သုံးလဝန်းကျင်အတွင်း သေဆုံးသူဦးရေ အယောက် ၅၀ ဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
အခု စက်တင်ဘာ လဆန်းပိုင်းမှာလည်း နလအတပ်တွေဟာ ဆိုင်းတောင်၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ၊ ညောင်ပင်ကုန်း နှစ်နေရာကို မြေပြင်ကနေ စစ်ကြောင်းထိုးတာအပြင် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေ တပြိုင်နက်တည်း လုပ်ဆောင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်၊ မှော်တောင်းကျေးရွာ နှစ်ရွာကို လက်လွှတ်လိုက်ရပြီး နလအတပ်က ဝင်ရောက် နေရာယူထားတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် မနာ၊ ဖားပြင်၊ ရှရော်ခ၊ တောင်ပြို၊ မှော်၀မ်းကြီး၊ မှော်၀မ်းလေး၊ ဆွတ်ငိုင်ယန်၊ အမှိုက်ပုံနဲ့ ဆန်းကြွယ် စတဲ့ ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ဒေသခံ ၃၀၀၀ ဝန်းကျင် စစ်ဘေး တိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဖားကန့် မြို့ပေါ်ရှိ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတဲ့ ပြည်သူ အားလုံးနီးပါး အလံဖြူထောင်ကာ နီးစပ်ရာမြို့တွေဆီ ထပ်မံ စစ်ရှောင်သွားကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ ဖားပြင် ကူးတို့ဆိပ်၊ မမုံ ကူးတို့ဆိပ်တို့မှ ဥရုချောင်းကိုကူးကာ ဆိပ်မူဘက်ခြမ်း၊ ဖားကန့်ဘက်ခြမ်းတို့ကို စစ်ဘေး တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး နလအတပ်က စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
