စက်တင်ဘာ ၂၁၊၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်း ၊ဗန်းမောက်မြို့နယ်ထဲက စခန်းအချို့ကို SNA ရှမ်းနီအမျိုးသားတပ်မတော်ဘက်က လက်လွှတ်ရပြီးနောက် လက်ရှိမှာ KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာပေးလိုက်ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်းအထန် တိုက်ခိုက်နေကြတာဖြစ် တယ်လို့သိရပါတယ်။
” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာမဟုတ်ပါဘူး။တပ်စခန်းတချို့လက်လွှတ်လိုက်ရတာပါ။တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူတိုက်ပေးနေတယ်။ ရှမ်းနီတပ်တွေက မြို့ကိုလက်လွှတ်ခံမှာမဟုတ်ပါဘူး။” လို့ ဗန်းမောက်မြို့ ဒေသခံကပြောပါတယ်။
လက်ရှိဗန်းမောက်မြို့နယ်ထဲက မြစ်သေးချင်းရွာဘက်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နလအဘက်ကလည်း ညတုန်းက လေကြောင်းပစ်ကူတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း နှစ်ဖက်အဖွဲ့အစည်းတွေမှာ အကျအဆုံးတွေရှိနေကြောင်း တိုက်ပွဲသတင်းတွေအရသိရပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ မြစ်သေးချင်းရွာဘက်တွေမှာတော့ ကျေးရွာနေဒေသခံတွေ ပိတ်မိမှုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက SNA စိုးမိုးနယ်မြေတွေဖြစ်ပါတယ်။
“ဗန်းမောက်မြို့ပေါ်နဲ့ဗန်းမောက်အနောက်ဘက်နယ်မြေက SNAက စိုးမိုးထားပါတယ်။ ဗန်းမောက်တောင်ပိုင်းနဲ့ ဗန်းမောက်မြောက်ပိုင်းကတော့ KIA/PDF က အရင်ထဲက နေရာယူထားတာ။အခု SNA စိုးမိုးနယ်မြေတွေကိုပါတိုက်ခိုက်လာတာပါ။” လို့ သူကဆက်ပြောပါတယ်။
ဗန်းမောက်မြို့အပါအဝင် SNA စိုးမိုးထားတဲ့နေရာတွေကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၅ ရက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှု ၊ဒရုန်းဗုံး တိုက်ခိုက်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီး လက်နက်ကြီးကြောင့် ဒေသခံ ထိခိုက်မှုရှိသလို ၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးမှုရှိထားတယ်လို့သိရပါတယ်။
KIA ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး SNA နဲ့ တပ်ဘက်ကလည်း မြို့ကိုလက်မလွှတ်ရရေးအတွက် ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲကပိုပြီးပြင်းထန်လာနိုင်ကြောင်းသိရပါတယ်။
ဓာတ်ပုံ – ရှမ်းနီဒေသခံ
