စက်တင်ဘာ ၂၁၊ ၂၀၂၅
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ဆင်ဖြူ နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းမှာ ဒီရက်ပိုင်းအတွင်း ကန့်သတ်ပစ္စည်းတွေ စစ်ဆေးတွေ့ရှိလို့ ပစ္စည်း သယ်ထုတ်ဖို့ တင်းကြပ်ထားလို့ အခက်ကြုံနေ ကြရကြောင်း နယ်စပ် အဝင်အထွက်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေဆီက သိရပါတယ်။
“စက်တင်ဘာ ၁၉ ရက်နေ့က တရုတ်ဘက်ကနေ မြန်မာဘက် အဝင် တရုတ်ဂိတ်မှာ ကျည်ကာတွေလည်း မိတယ်။ ကားမှာလည်း စက်ပစ္စည်း ဘာတွေ မိလဲ မသိဘူး အကုန်ချပြီး စစ်ဆေးနေတာ တွေ့တယ်” လို့ နယ်စပ် အဝင်အထွက်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ နယ်စပ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကျည်ကာ သယ်ဆောင်လာတဲ့ အမျိုးသမီးကိုတော့ တရုတ်ဘက်ဂိတ်က တရုတ်နိုင်ငံ ဝင်ခွင့် နှစ်နှစ် ပိတ်ခံရတယ်လို့ သူက ပြောပါတယ်။
အဝင်ရော အထွက်ပါ ပစ္စည်း သယ်ဆောင်တာတွေကို စစ်ဆေးရေး တင်းကြပ်ပြီး လက်ရှိ တရုတ်ဘက်ကနေ မြန်မာဘက်ကို တရုတ်ဘက်က ပစ္စည်းသယ်ခွင့်မပေးသေးဘူးလို့ သူက ရှင်းပြပါတယ်။
“နေ့တိုင်း တရုတ်နယ်စပ် အဝင်အထွက်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေတာ။ ကလေး ငယ်ငယ်လေးတွေ အိမ်မှာ ထားခဲ့ပြီး ဝင်သွားကြတာ ပစ္စည်း မပေးလို့ ထွက်မလာနိုင်ဘူး။ ကလေး တွေက ဒုက္ခတွေရောက်လို့။” လို့ နယ်စပ်ဒေသခံ တေယာက်က ပြောပါတယ်။
တယောက်ယောက် ကန့်သတ်မပစ္စည်း၊ တရားမဝင် ပစ္စည်းတွေ သယ်ဆောင်လို့ စစ်ဆေးဖမ်းမိရင် အဝင်အထွက် လုပ်နေတဲ့ လူတွေ အားလုံး ဒုက္ခရောက်ရောက် ကြရတယ်လို့ ဆိုပါတယ်။
မူဆယ် နယ်စပ် ဒေသခံ အများစုက နယ်စပ်ဂိတ် အဝင်အထွက်လုပ်ပြီး တနိုင်တပိုင် ပစ္စည်း သယ်ဆောင်ကာ စားဝတ်နေရေး ဖြေရှင်းနေကြရတာဖြစ်ပါတယ်။
မူဆယ် နဲ့ ကျယ်ဂေါင် နယ်စပ်ဂိတ်ဖြစ်တဲ့ ဆင်ဖြူ နယ်စပ်ဂိတ်ကနေ နှစ်နိုင်ငံ ပစ္စည်းသယ်ဆောင် ခွင့် ပြုပေမယ့်လည်း စားသောက်ကုန်တွေကိုသာ အဓိကထား ခွင့်ပြုထားတာဖြစ်ပြီး လူတယောက် ၁၀ ကီလိုဂရမ်ခန့်သာ တရားဝင် ခွင့်ပြုထားကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
