စက်တင်ဘာ ၂၁ – ၂၀၂၅
SS (VOM)
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ခဲတွင်းပြိုကျမှု ဖြစ်စဉ်အတွင်း လူသေဆုံးမှု ၊ ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ကျင်းထဲ ပိတ်မိနေသူ တယောက်ကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ခဲကျင်းလုပ်ကွက်ဟောင်း ပြိုကျမှုဖြစ်စဥ်မှာ လူသုံးယောက် မြေစာတွေနဲ့အတူ ပါသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သုံးယောက်မှာ နှစ်ယောက် ပြန်တွေ့တယ်။ တယောက်ကတော့ ဖြစ်တဲ့နေ့ကပဲ သေဆုံးလျက် ပြန်တွေ့တာ။ နောက်တယောက်ကတော့ မနေ့ (စက်တင်ဘာ ၂၀ ရက်) က အသက်ရှင်လျက် ပြန်တွေ့တယ်။ ဆေးရုံတက်နေရပါပြီ။ တယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့တယောက်ကတော့ ရှာနေဆဲပါ။ ရတနာအောင်မြေ ရပ်ကွက်က ခဲကျင်း ပြိုကျတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ခဲသတ္တု တူးဖော်ခြင်းလုပ်ငန်းနဲ့ အဓိက အသက်မွေးကြောင်း ပြုနေတဲ့ မော်ချီးဒေသမှာ မိုးရာသီကာလအတွင်း မြေပြိုကျမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှာ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် မြေသားခိုင်ခံ့မှု အခြေအနေ ပိုပြီး ဆိုးရွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးရွာတာကြောင့်ရော၊ လေကြောင်း တိုက်ခိုက်တာကြောင့်ရောပေါ့။ အခုပြိုကျတာကလည်း တွင်းဟောင်းနေရာဆိုတော့ မြေအက်ကွဲမှုတွေက အရင်ကတည်းက ရှိနေပြီးသား။ ဒီကြားထဲ လေကြောင်း တိုက်ခိုက်တာကလည်း ထပ်ဖြစ်တော့ မြေတုန်ခါမှုရှိထားလို့ ခုလိုပြိုနေတာ။ မြေကြီးတွေက တဖြည်းဖြည်း အိဆင်းလာနေတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကလည်း မော်ချီးဒေသ (၁၆) ကုန်းရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အယောက် ၃၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း အဲဒီဒေသက (၁၆) ရပ်ကွက်နဲ့ ကျောက်ကြားရပ်ကွက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အသက် ၅၀ ကျော် ဝန်းကျင်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ (ပုံဟောင်း)
