ရန်ကုန်မှာ လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်ကလေးမလေးကို အဓမ္မပြုကျင့်သူ ဖမ်းမိပြီ

စက်တင်ဘာ ၂၂ ၊ ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈ လမ်းရှိ ကားပါကင်အနောက်မှာဖြစ်ပွားခဲ့တဲ့ အသက် ၄ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့်ခဲ့သူကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။
ကလေးမလေးကို အဓမ္မပြုကျင့်မှု ကျူးလွန်သူကို သင်္ဃန်းကျွန်းမြို့နယ်ထဲမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
” မနေ့ညကဖမ်းမိတယ်။ ခုမနက်ဖုန်းဆက်လာတယ် ။ မနေ့ညက ၇ နာရီလောက်မှာမိတဲ့အကြောင်းပြောတယ်။ ရဲစခန်းဘက်က အသိပေးလာတာပါ။ ကျန်တဲ့ အခြေအနေတွေကတော့ မပြောဘူးဗျ။”လို့ ဖြစ်စဥ်ကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံခဲ့ကတဲ့ ကလေးငယ်ဟာ ဟယ်လ်ပင်ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့သိရပါတယ်။
ကလေးမလေး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဥ်က စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ်က လမ်းဘေးတောင်းရမ်းစားသောက်တဲ့ မိသားစုကဖြစ် တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကတော့ ၄၈ လမ်း ကားပါကင်အနောက်မှာ ကလေးငယ်တယောက်တွေ့ရှိရကြောင်း သတင်းအရ ရှင်သန်ရေးကူညီမှုအသင်းက သွားရောက်ခဲ့ရာမှာ ကလေးငယ်ရဲ့ ခြေထောက်နဲ့ အင်္ကျီမှာ သွေးတွေတွေ့ရှိရတဲ့အတွက် မြို့နယ်ဆရာဝန်မှ ရောက်လာပြီးစစ်ဆေးမှုအရ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာတွေ့ရှိရတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့ကြောင်း ၊ ဆေးရုံအတည်ပြုချက်အရလည်း အဓမ္မပြုကျင့်ခံရကြောင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ကလေးမလေးကို အဓမ္မပြုကျင့်ခဲ့သူဟာ ကလေးမလေးနဲ့ သိကျွမ်းရင်းနှီးသူထဲက ဖြစ်နိုင်ကြောင်း ရှင်သန်ရေးကူညီမှုအသင်းက သူတို့ရဲ့ မြေပြင်မေးမြန်းသိရှိချက်အရ ခန့်မှန်းပြောဆိုထားပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူတွေကို အာဏာပိုင်၊ တရားရုံးတွေအနေနဲ့ သေဒဏ်ချမှတ်ပေးဖို့ကို ပြည်သူတွေက တောင်းဆိုမှုတွေရှိနေပါတယ်။
” ဘာမှမသိသေးတဲ့ကေလးကို ခုလိုလုပ်တာ လူစိတ်ကင်းမဲ့လို့ လူစိတ်မရှိလို့သာပေါ့။တဏှာရူးတွေမို့လို့ပေါ့ရှင်။ဒီလိုကောင်မျိုးတွေကို ထောင်လေးချ ပြန်လွှတ်ပေးရင် နောက်ထပ် အဓမ္မပြုကျင့်ဖို့ အခွင့်ရေးထပ်ပေးသလိုဖြစ်မှာပါ။ လွတ်ငြိမ်းထဲလည်း လုံးဝမပေးသင့်ပါဘူး။”လို့ ပြောပါတယ် ။
တောင်ငူခရိုင်တရုားရုံးကတော့ သက်ငယ်မုဒိန်းမှုတွေ ၊ လူသတ် အလောင်းဖျောက်မှုတွေကို သေဒဏ် ၊ထောင်ဒဏ်တသက်လွတ်ရက်မရှိ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်မှု ရှိ ခဲ့ပါတယ်။
ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW