ရုရုား တိုက်လေယာဉ်တွေ အက်စ်တိုးနီးယားလေပိုင်နက် ချိုးဖောက်ဝင်ရောက်မှု နေတိုးအဖွဲ့ ဆွေးနွေးတော့မယ်

ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၂-၂၀၂၅
မျိုးဆက်(VOM)
အက်စ်တိုနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်တွေ ဝင်ရောက်ပျံသန်းမှုနဲ့ပတ်သက်ပြီး မဟာမိတ်အဖွဲ့ သဘောတူစာချုပ်အပိုဒ် ၄ အရ အရေးတကြီး ဆွေးနွေးညှိနှိုင်းဖို့ အက်စ်တိုးနီးယားက တောင်းဆိုပြီးနောက် နေတိုးအဖွဲ့အစည်းအဝေးကို မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
သောကြာနေ့က ရုရှား MiG-31 တိုက်လေယာဉ် သုံးစင်းဟာ အက်စ်တိုနီးယား လေပိုင်နက်ကို ၁၂ မိနစ်ခန့် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး နေတိုးအဖွဲ့ တိုက်လေယာဉ်တွေ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ရုရှားဘက်ကတော့ လေပိုင်နက်ချိုးဖောက်တာမရှိဘူးလို့ ပြောပါတယ်။
ရုရှားဒရုန်းတွေ ကျုးကျော်ဝင်ရောက်မှုကြောင့် ပိုလန်က အရေးပေါ်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ နေတိုးအဖွဲ့ အရေးပေါ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အက်စ်တိုးနီးယားကလည်း ချက်ချင်း တောင်းဆိုခဲ့တာပါ။
မဟာမိတ်အဖွဲ့ အပိုဒ် ၄ အရ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံလွတ်လပ်မှု သို့မဟုတ် လုံခြုံရေး အရ အန္တရာယ်ရှိတယ်လို့ ယူဆပါက အဖွဲ့ဝင်တိုင်းဟာ အရေးပေါ် ဆွေးနွေးဖို့ တောင်းဆိုနိုင်ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်လာပြီးနောက်ပိုင်း မနက်ဖြန့်ပြုလုပ်မယ့် ဆွေးနွေးပွဲဟာ ပုဒ်မ ၄ ကို တတိယအကြိမ် တောင်းဆိုမှုအရ ပြုလုပ်တာဖြစ်ပြီး မဟာမိတ်အဖွဲ့ရဲ့ ၇၉ နှစ်သမိုင်းမှာ ကိုးကြိမ်မြောက်လည်း ဖြစ်ပါတယ်။
နေတိုးအဖွဲ့ရဲ့ စုပေါင်းလုံခြုံရေးဟာ အဖွဲ့ရဲ့ အပိုဒ် ၅ ပါ မူဝါဒအပေါ် အခြေခံပြီး- အဖွဲ့ဝင်တနိုင်ငံကို တိုက်ခိုက်ပါက မဟာမိတ်တဖွဲ့လုံးက ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်မှာ အကြမ်းဖက် တိုက်ခိုက်မှုများအပြီး နေတိုးသမိုင်းမှာ အပိုဒ် ၅ ကို တကြိမ်သာ တောင်းဆိုဖူးပါတယ်။
ပိုလန်လေပိုင်နက်ကို ပြီးခဲ့တဲ့ နှစ်ပတ်က ရုရှားဒရုန်းဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၄ ကို တောင်းဆိုပြီးနောက် နေတိုးက မဟာမိတ်အရှေ့ဘက်ခြမ်းတလျှောက် ကာကွယ်ရေးကို အားကောင်းအောင် လုပ်ဆောင်နေကြောင်း ကြေငြာခဲ့ပါတယ်။
ရုရှားဂျက်တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီကနေ့မှာ အရေးပေါ် အစည်းအဝေးခေါ်ယူမှာဖြစ်တယ်လို့ အက်စ်တိုးနီးယားက ပြောပါတယ်။
Ref:CNA
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW