ဆူးငှက်
အစ်မက ပြန်ခါနီး ဆက်တီပေါ်မှ ဆင်းပြီး လူထုမောင်နှံကို ကန်တော့သည်။ ကျွန်တော်ကလည်း အစ်မနှင့်အတူ ကန်တော့၏။ “နေဦး၊ နေဦး … ခင်ဝင်းတို့ မောင်နှမကို စာအုပ်လေးတွေ ပေးကြဦးစို့” ဟုဆိုကာ လူထုတိုက်ထုတ်စာအုပ်များလည်း လက်မှတ်ထိုးကာ ပေးလိုက်သေး၏။ အများအား ပုံပြင်စာအုပ်များဖြစ်သည်။ ထိုစဉ်ကတော့ ကျွန်တော်က အစ်မ၏ အဖော်အဖြစ် လိုက်သွားရသော ကလေး သာသာ …။
နောက်ပိုင်း အစ်မတို့လည်း လေးငါးခြောက်နှစ်ကြာမျှ သူတို့စာအုပ်ကိစ္စက ထုတ်ဝေခွင့်ကျပြီး ရိုက်နှိပ်ထုတ်ဝေရန် ကြော်ငြာပြီး သော်လည်း၊ အကြောင်းကြောင်းကြောင့် ထပ်မံကြန့်ကြာကာ တစ်ကပြန်စကြရပြီး၊ တစ်ဖက်မှ အမိန့်ဖြင့် ရပ်တန့်စေလိုက်၍ အစ်မလည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ ထိုအလုပ်ကို လှည့်မကြည့်ချင်လောက်အောင် နာကျည်းသွားပြီးနောက် မန္တလေးသို့ပင် အလာကျဲသွားတော့ ၏။ လူထုဇနီးမောင်နှံအပါအဝင်၊ ဟံသာဝတီအယ်ဒီတာချုပ် ဦးဝင်းတင်နှင့် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)အထိပါ၊ အစ်မအတွက် စိတ်မကောင်းဖြစ် ကြရ။ အစ်မနှင့်ထပ်တူ ဒေါသဖြစ်ကြရ၏။ မတတ်နိုင် …။ ထိုကိစ္စက အခုထိ မတတ်နိုင် …။
ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ရယ်စရာအဖြစ် ဤသို့ ပြောဖူးသည်။ “မင်းတို့ကိစ္စက လူထုဒေါ်အမာ ပေါလစ်ဗျူရို၊ ဒါမှမဟုတ် ယဉ်ကျေးမှုရေးရာ ဗျူရိုရဲ့ ပထမဝန်ကြီးဖြစ်မှ အောင်မြင်မှာပါကွာ …” ဟူလို …။ ရယ်စရာပေ မင့်၊ ရင်ခုန်ရပါသေး၏။ ထားပါတော့။
၁၉၈၀ ဝန်းကျင် … တစ်ခါတစ်ရံ အစ်မ မန္တလေးလာ၍ လူထုတိုက်သို့ သွားလျှင်လည်း ကျွန်တော် အဖော်လိုက်ရဆဲဖြစ်သည်။ သည်အခါ ကျွန်တော်က မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကျောင်းသား …။ ကိုငြိမ်းချမ်း(ဆရာညီပုလေး) ကလည်း တက္ကသိုလ်ကျောင်း သား …။ ဆယ်တန်းတစ်နှစ်တည်း အောင်၍ တက္ကသိုလ်သို့ တစ်နှစ်တည်း တက်ကြ၍ မျက်မှန်းတန်းမိ …။ ထို့ကြောင့် လူထုတိုက်ရောက် ၍ ဧည့်ခန်းထဲထိုင်စောင့်နေရလျှင် ကိုငြိမ်းချမ်းက … မိုးဝေတို့၊ ရှုမဝတို့လို မဂ္ဂဇင်းစာအုပ်မျိုးတွေ လာချပေးတတ်သည်။ ထိုအချိန် ကျွန်တော်ကလည်း မိုးဝေနှင့် ရှုမဝကို မုန့်ဖိုးထဲက စု၍ လစဉ်ဝယ်ယူ စုဆောင်းဖြစ်နေသည်။ ဗညားသီဟ၏ စာပေစစ်တမ်းများနှင့် ဒဂုန် တာရာ၏ ပန်းနုရောင်နှစ်ကာလများမှ “စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်မလဲ” တို့ကို စွဲနစ်နေသည်။ ကျွန်တော်က ထို အကြောင်းတွေ ကိုငြိမ်းချမ်းနှင့် ဆွေးနွေးကြည့်ချင်နေသည်။ လူထုဒေါ်အမာကိုမူ စုဖုရားလတ်၏ ရတနာဂီရိ အိမ်နိမ့်စံဘဝနှင့် ပတ်သက် ၍ မေးမြန်းချင်နေသည်။ လူထုဒေါ်အမာ၏ စုဖုရားလတ်အပေါ် အမြင်ကိုလည်း သဘောကျနေသည်။ သို့သော် ကျွန်တော်သည် ဘာမှ မဟုတ် …။ လူထုဒေါ်အမာက ဒေါ်သြဘာသောင်းလက်ထက်ကတည်းက သြဘာသောင်းထံတွင် မွေးစားသမီးပမာ ပညာအကုန်ယူခဲ့၍ သံယောဇဉ်ကြီး စောင့်ရှောက်ခဲ့သော အစ်မနှင့်ပတ်သက်၍သာ၊ ကျွန်ောတ့်ကို အစ်မမောင်အဖြစ် တစ်ဆင့်ခံ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါ ၏။ ကျွန်တော်က လူထုဒေါ်အမာကို အဲသလို သိကျွမ်းပုံမျိုးနှင့် မရောင့်ရဲနိုင် …။
ထို့ကြောင့်လည်း ကျွန်တော်က လူထုတိုက်နှင့် မျက်နှာချင်းဆိုင် နဂါးဆေးလိပ်ကုမ္ပဏီတိုက်ကြီးအရိပ်က “စက်အေးဖျော်ရည်” ဆိုင်လေးမှာ တစ်ယောက်တည်း ဖျော်ရည်မှာသောက်ရင်း … လူထုတိုက်ဆီ လည်ဆန့်ငေးမျှော်နေခြင်း ဖြစ်ပါ၏။
-ဝ- -ဝ- -ဝ-
(၄)
ထိုကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များကို ဖတ်ရသည်။ ကျွန်တော်က “အငြိမ့်” ကို ပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကို ဖတ်ရတာ စာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာအချက်အလက်တိုင်း အသစ်အဆန်းချည်းဖြစ်နေသည်။ ထိုအချိန်က ကျွန်တော်တို့ကလည်း လူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီ ညစဉ်မပြတ် ရောက်ရှိကာ ရင်ထဲခံစားရသော မင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင် ထောင့် သန်းခေါင်သန်းလွဲအထိ ရင်ခုန်ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသောအကြောင်း ခြင်းရာများက … ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီစာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရ သူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ … “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်း ဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာ ခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။
စာမျက်နှာထက်မှာ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြပါဖူးခြင်းမရှိသေးသော်လည်း ဝါသနာက မတားဆီးနိုင်လို့ အကြမ်းရေးခြစ်ထား သော ဆောင်းပါးတွေ၊ စာအုပ်ဝေဖန်ချက်တွေ၊ စာတမ်းတွေ ဗလပွနှင့် စိတ်ကူးအယဉ်ကြီး ယဉ်နေချိန်တွင် … အော်ပရာဇာတ်ညွှန်းများက လည်း ထိုစိတ်ကူးယဉ်မှုများတွင် အသစ်ထိုး နံပါတ်စဉ်များဖြစ်သည်။
ပြန်ကောက်ရလျှင် … မန္တလေးအငြိမ့်တွေအပေါ် စွဲမက်နေချိန်တွင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲက “လက်တွေ့” နှင့် “သဘောတရား” ပေါင်းစပ် လေ့လာသင်ယူသည့်ပမာဖြစ်၏။
“အငြိမ့်မှာ မင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် ၃ပိုင်းရှိတယ်။ အငြိမ့်မင်းသမီးက သီချင်းဆိုပြီးကတာပဲ၊ သူသီဆိုတဲ့ သီ ချင်းက ဖေတော့ မောင်တော့ ရည်းစားမျှော် သီချင်းပဲ ဖြစ်ရမယ်လို့ လှေနံဓားထစ် သတ်မှတ်ပေးမထားပါဘူး။ အငြိမ့်မင်းသမီးသီချင်းက ခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့။ အချိန်အခါကိုလိုက်ပြီး လူတွေ လှုပ်ရှားစိတ်ဝင်စားနေတဲ့ အကြောင်းအရာ ဘာကိုမဆို သီချင်းဆိုလို့ ရပါတယ်။ အငြိမ့်သီချင်းဆိုတာ ဘယ်အကြောင်းအရာမျိုးကိုသာ ရေးစပ်ထားတာ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူကမှလည်း သတ်သတ်မှတ်မှတ် ရေးစပ်ပေးမနေပါဘူး။ ဒါကြောင့် အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လည်း ရှိ၊ စစ်ရေးနဲ့လည်းရှိ၊ နိုင်ငံရေးနဲ့လည်းရှိ၊ လူမှုရေးနဲ့လည်းရှိဆိုသလို အရေးမျိုးစုံ ရှိနေပါတယ်” တဲ့။
ဟုတ်တာပဲ …။ အခြားမကြည့်နှင့်၊ နာမည်ကျော် အငြိမ့်မင်းသမီး လေဘာတီ မမြရင်၏ သီချင်းမှာပဲကြည့် …၊ အကြောင်းအရာ မျိုးစုံသည်။ Media သဘော ထင်ဟပ်သည်။ ပွဲကြည့်ပရိသတ်(ဝါ)လူထုကို Information ပေးတာတွေ ရှိသည်။ ရွှေပဟိုရ်စည်သံ သီချင်း တို့၊ တုံးကျော်မ သီချင်းတို့၊ အိမ်တော်ရာဘုရားဈေးသီချင်းတို့မှာ ထိုသဘောတွေပါသည်။ လူထုဒေါ်အမာက ဆက်၍ သုံးသပ်ပြထားသေး ၏။
“မင်းသမီးချည်းလား၊ လူပြက်ကကော ဘယ်လိုလဲလို့ မေးရင်၊ အငြိမ့်မှာ ချစ်စရာ မြတ်နိုးစရာ အကောင်းဆုံး အင်္ဂါတစ်ရပ်ဟာ လူပြက်တွေရဲ့ လွတ်လပ်စွာ ဝေဖန်သရော် ပြက်ရယ်ပြုခွင့် အစဉ်အလာပဲလို့တောင် ပြောရမလောက်ဖြစ်ပါတယ်။
လူပြက်ရဲ့ အလုပ်က မင်းသမီး က, လို့ဆိုလို့ မောရင် အမောပြေအောင် ကြားဝင်ပြီး ရယ်စရာ ပြက်ရတဲ့ တာဝန်ဟာ သူတို့ တာဝန်ပေါ့။ ဒီလို တာဝန်ရှိရာမှာ “လူပြက်မည်သည်၊ ဘယ်အကြောင်းအရာကိုသာ ပြက်ရယ်ပြုနိုင်သည်။ ဘယ်အကြောင်းအရာမျိုးကို ပြက်ရယ်ခြင်း မပြုရ” လို့ ဘယ်မင်း ဘယ်စိုးကမှ အမိန့်ထုတ်ပြန်ထားခြင်း မရှိခဲ့ဘူး။ ပဒေသရာဇ်ခေတ်မှာတောင်မှ လူပြက်မှာ လွတ်လပ် ခွင့်အပြည့်ရှိခဲ့တယ်။ ဒါကြောင့် စည်းမစောင့်တဲ့ လူပြက်ကျတော့ နတ်နေကိုင်းတောင်မချန်ဘူး၊ ဘာသာရေးလည်း ထည့်ပြက်တာပဲ။ အဲ သလောက် လွတ်လပ်ကြတယ်။
အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ အငြိမ့်ပွဲကိုလည်း လူတွေက လွတ်လွတ်လပ်လပ်ပဲ ပွဲခံကြတယ်” ဟုဆိုသည်။ ဒါ၏ အငြိမ့်၏ သဘောသဘာဝကို အကျဉ်းဆုံးနှင့်အထိရောက်ဆုံး ထုတ်နှုတ်ပြလိုက်ခြင်းဖြစ်၏။
၁၉၈၀ ဝန်းကျင်၏ များပြားလှသော မန္တလေးအငြိမ့်ဝင်များတွင် လူပြက်များ၏ ပြက်လုံးများက (အထိုက်အလျောက် အထိန်း အကွပ်ကြားမှပင်) လူထုဝေဒနာကို ထပ်ဟပ်နိုင်ခဲ့သည်။ ထို့ပြင် ကနဦးကပြခဲ့ကြသည့် “အော်ပရာ” များတွင်လည်း အနုပညာမြောက်စွာ ဖြင့် ခေတ်ကို ထင်ဟပ်စေနိုင်ခဲ့သည်။ ဝေဖန်နိုင်ခဲ့သည်။ ဦးတည်ချက်တစ်ခုဆီ ရည်ရွယ်နိုင်ခဲ့သည်။ အနုပညာမြောက်လှသဖြင့် ဓားသွား သည် ပျားရည်စက်များဖြင့် ချိုမြနေခဲ့၏။
ထိုအခါ ကျွန်တော်တို့လို စာရူးပေရူးများလည်း ရှေ့က အော်ပရာများ၏ အလွှမ်းမိုးခံရကာ သူတို့လို ရေးသားတင်ဆက်လိုခြင်း စိတ်ဆန္ဒပြင်းပြင်ခဲ့တာလည်း မဆန်း …။
ဘေ့စ်ဂစ်တာ၏ အလှန့်သ့နှင့်အတူ မီးချိန်းအမှောင်မှာ စပေါ့လိုက် လိမ္မော်နုရောင်က “သင်္ဃမိတ္တာ” ၏ အံကြိတ်ထားသည့် ရုပ်ပုံ ကိုပဲ ကွက်၍ မှိန်မှိန်ပျပျ ထင်သည်။ ဂစ်တာသံအပါးတွင် …
“သမီးတော်ဟာ ခမည်းတော်တော်အတွက်သာ စိုးရိမ်ကြောက်ရွံ့နေတာပါ။ ခမည်းတော်က မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်စွာ မြင့်မားမှုဟာ လက်နက်ထဲမှာသာ ရှိတယ်လို့ ယုံကြည်ထားသူ မဟုတ်လား”
“ဘာ … ခမည်းတော်ကို ပြန်ပြီး လျှောက်ထားစမ်းပါဦး … သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ ဟောဒီ လက်နက်ကလွဲလို့ ဘယ်မှာများ ရှိဦးမှာလဲ သမီးတော်ရဲ့၊ ဟား … ဟား … ဟား …”
“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာ တည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှု ကသာ၊ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော် ..”
အသောက ခေါင်းကို ယမ်း၍ မျှင်းမျှင်းမျှရယ်သည် ..။
ကျွန်တော်သည် အငြိမ့်စင်ပေါ်မှ အော်ပရာ ဇာတ်ကွက်တွင် နစ်မျောနေရင်း ရင်တလှပ်လှပ် ခုန်နေသည်။
လူထုဒေါ်အမာ၏ “အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ …” ဟူသော ရေးသားချက်ကိုလည်း တနုံ့နုံ့ သတိ ရနေ၏။
ထိုစာသားက ကျွန်တော့်ရင်ထဲရှိ ဆန္ဒတစ်ခုကို တွန်းအားပေးလိုက်သည်။
(ဆက်ရန်)
ဆူးငှက်
