စက်တင်ဘာ ၂၂ ၊ ၂၀၂၅
GG(VOM)
ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ရှိ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်ကို နလအတပ်က အင်အားရာနဲ့ချီပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် KNU ပူးပေါင်းတွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းအပြင် မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်မှလည်း လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေလည်းဆက်တိုက်ဆိုသလိုရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မနက်ကတည်းက ပစ်ခတ်နေတာ မရပ်အနားပဲ။မြို့ထဲကနေလည်း လက်နက်ကြီးနဲ့ထုပေးနေတယ်။ မြဝတီ၊တောင်ဘက်ကိုပစ်နေတာ။ လေကြောင်းကလည်း ကြဲချနေတယ်။စစ်ကြောင်းကလည်း လမ်းတလျှောက်အကုန်ပစ်ခတ်ရှင်းလင်းနေတယ်သိရတယ်။ တိုက်ပွဲကတော့ပြင်းထန်နေတယ်။ လက်ခတ်တောင်နဲ့ လေးကေ့ကော်ကသိပ်မှမဝေးတော့တာ။ စစ်တပ်ဘက်ကအကုန်ပြင်ဆင်ပြီးမှ အင်အားသုံးပြီး စစ်ကြောင်းထိုးတဲ့သဘောရှိတယ်။ ” လို့ ဒေသခံစစ်ရေးရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ လေးကော့ကော်မြို့သစ်ကို အင်အားအများအပြားနဲ့ ထိုးဖောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအကြား ပိတ်မိတဲ့ဒေသခံပြည်သူအချို့လည်းရှိနေတယ်လို့သိရပါတယ်။
” အရင်ရက်လေကြောင်းကြဲကတည်းကရှောင်တဲ့သူတွေလည်းများပါတယ်။အဲဒီထဲမှာ မဖြစ်လောက်ပါဘူးဆိုပြီး ကျန်ခဲ့သူတွေပေါ့။နောက်ပြီးအိမ်စောင့်ဘာညာပေါ့။ ပစ်ခတ်မှုတွေကတော့ဆက်တိုက်ကိုကြားနေရတယ်။ မြဝတီမြို့ထဲ အိမ်တွေတောင်တုန်တယ်။” လို့ မြို့ခံတယောက်က ပြောပါတယ် ။
နလအတပ်က သင်္ဃန်းညီနောင်မြို့သစ်၊ မြဝတီ – ကော့ကရိတ်အာရှလမ်း ကိုပြန်ထိန်းချုပ်ပြီး မြဝတီမြို့ကိုပြန်လည်ဝင်ရောက်လာပြီးနောက် လက်ခတ်တောင်နဲ့ မေတ္တာလင်းမြိုင်ကိုပါ ဆက်တိုက် ပြန်ရခဲ့ပါတယ်။
အဲဒီနောက်မှာ လေးကေ့ကော်မြို့သစ်ကိုပါ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းတွေက မြေပြင် စစ်ကြောင်း၊လေကြောင်း ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်သုံးလာနေတာဖြစ်တယ်လို့သိရပါတယ်။
မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပေမယ့် မြဝတီမြို့ပေါ်မှာတော့ ထူးခြားဖြစ်စဥ်မရှိသေးဘဲ ပုံမှန်ပဲသွားလာမှုရှိကြောင်း ၊ ညဘက်လုံခြုံရေးပိုင်းကိုတော့ BGF ၊DKBA ၊ နလအတပ်တို့ပူးပေါင်းပြီး လှည့်လည်စစ်ဆေးမှုရှိတယ်လို့သိရပါတယ်။
လေးကေ့ကော်တိုက်ပွဲ ပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့် လေးကေ့ကော်၊မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ထီးမယ်ဝါးခီး၊ဘဲဟိကလော်၊ ရသေ့ဂူ၊မင်းလက်ပံရွာဒေသခံ အများအပြားကတော့ တိုက်ပွဲမဖြစ်ခင် စက်တင်ဘာ ပထမပတ်လောက်ကတည်း စစ်ရှောင်ခဲ့ကြပြီး လူနည်းစုကတော့ကျန်နေသေးတယ်လို့သိရပါတယ်။
လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပွားတဲ့တိုက်ပွဲနဲ့ လေကြောင်းရန်ကြောင့် ဒေသခံတွေဟာ နှစ်နဲ့ချီကြာ စစ်ရှောင်ခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်ကမှ နေရပ်ကို ဒေသခံပြည်သူတွေပြန်လည်နေထိုင်ကြတာဖြစ်ကြောင်း ၊ ယခုတကျော့ပြန် တိုက်ပွဲဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ ညတုန်းကလည်း လေးကေ့ကော်ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဩဂုတ် ၂၈ ရက်မှာ နလအကကြေငြာထားပါတယ်။
ဓာတ်ပုံ -CJ
