ဝိုင်းမော်ဘက် တိုက်ပွဲ ပြန်ပြင်းထန်လာပြီး ဖားကန့်လမ်း ဆိုင်းဖရာမှာ နလအဘက်က ဂိတ်စခန်းတွေ ပြန်ချလာ

စက်တင်ဘာ ၂၂၊ ၂၀၂၅
Shy V (VOM)
ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာ အနီးဝန်းကျင်ဘက် ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲပြင်းထန်နေကြောင်း နဲ့ ဖားကန့် – ကာမိုင်း လမ်းပေါ် ဆိုင်းဖရာရွာမှာ နလအ တပ်ဖွဲ့က ဂိတ်စခန်းတွေ ပြန်ချလာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဝိုင်းမော်ဘက် ဒီကနေ့ မနက် အစော ကတည်းက တိုက်ပွဲ ပြန်ပြင်းထန်နေပြီ။ နလအ တပ်ဖွဲ့ထဲ ပြည်သူ့စစ် တပ်ဖွဲ့တွေလည်းပါတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ကလည်း ဝိုင်းမော်ဘက် တိုက်ပွဲ ဖြစ်ပွားလို့ ပစ်ခတ်သံတွေ မြစ်ကြီးနားဘက်ကနေတောင် ကြားနေရကာ လေကြောင်းနဲ့ ဗုံးလာကြဲတယ်လို့လည်း ကြားပြီး ဒီရက်ပိုင်း အသွားအလာ လမ်းတွေ ပိတ်မလိုလိုတောင် ကြားနေတယ်လို့ ဆိုပါတယ်။
“ဖားကန့် ကနေ မြစ်ကြီးနားလမ်း တလျှောက် စစ်တပ်ပဲ ရှိတာတွေ့ရတယ်။ အရင်လကတည်းက ကျမတို့ ဆင်းလာတော့ အဲဒီလို ဖြစ်သွားပြီ” လို့ ဒေသခံ မိနိးကလေး တယောက်ကလည်း ပြောပါတယ်။
လမ်းမ ပေါ်မှာ နလအ တပ်ဖွဲ့တွေ ရှိနေဝာကြောင့် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ တရုတ်တရက် ထွက်လာပြီး တိုက်ပွဲထဖြစ်လာမှာလည်း စိတ်ပူရတယ်လို့ သူက ပြောပါတယ်။
“ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ စစ်တပ်က နေရာ ချ‌လာနေပြီ။ ဒေသခံတွေက သူတို့ တပ်စခန်းချလာတော့ တိုက်ပွဲ ပြန်ဖြစ်လာမှာ စိုးရိမ်လို့ ရွာမှာ မနေရဲဘဲ တိမ်းရှောင်နေကြတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
စစ်သားတွေက ရွာထဲက နေအိမ်တွေမှာ စခန်းချနေရာယူထားတာ ရှိသလို ဘုရားကျောင်းမှာလည်း ဂိတ်စခန်းချထားပြီး ဖားကန့် အတက်အဆင်း လုပ်နေတဲ့ ခရီးသွားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စပေါ့ရွာ လမ်းဆုံဘက်မှာလည်း နလအ တပ်ဖွဲ့တွေ အုပ်စုလိုက်၊ အုပ်စုလိုက် စောင့်ကြပ်ထားသလို ရွာထဲမှာ နလအ စစ်သားတွေ ရှိနေတာကြောင့် တိုက်ပွဲ ပြန်ဖြစ်လာမှာလည်း ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
ဆိုင်းဖရာရွာက ဒေသခံတွေကတော့ မြစ်ကြီးနားမြို့နဲ့ ဘေးလွတ်ရာ တောဘက်တွေ စစ်‌ ဘေးရှောင် နေကြတာဖြစ်ပါတယ်။
Photo from Google

Related posts

Leave a Comment

VOM News

FREE
VIEW