သူတို့အိမ် အခန်း – ၁၁

 

ဆူးငှက်

 

အမေ့ရင်ခွင်
————

ကျွန်တော် ကလေးဘ၀ က အဘကပဲ အတူနေ ထိန်းကျောင်းသလား၊ အမေ့အနားကော မကပ်ဘူးလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။ အဘ က အပြင်ပွဲလမ်းသွားသည့်အခါ ကျွန်တော် က အမြဲလိုက်ပါရသည်။ ကျန်သည့် အချိန်များတွင် ဈေးရောင်းထွက်ချိန်မှလွဲ၍ အမေ့ဘေးမှာပဲ တွဲလောင်းခိုနေတတ်သည်။ အမေက မနက် ၇နာရီလောက်တွင် ဆီဗျပ်ခေါင်းပေါ်တင်ပြီး ဈေးရောင်းထွက်သည်။ ထို့အတူ အဘ ကလည်း ဆီပုံး၂လုံး ထမ်းပိုးလျှို ထမ်းကာ ဈေးရောင်းသည်။

 

ကျွန်တော်ကို အတူနေ အစ်မကြီးအိမ်ထောင်သည်က မျက်နှာသစ် မုန့်ကျွေးသည်။ မနက် ၉နာရီလောက် အဘ က ဈေးရောင်းက ပြန်လာသည်။ အမေကတော့ ဖြည်းဖြည်းဆေးဆေး ရောင်းကာ အရပ်ထဲက ဖောက်သည်တွေ အိမ်မှာ နားနားနေနေနှင့်မို့ မွန်းတည့်လောက်မှ ပြန်လာသည်။ မလွန်ထဲက ထမင်းဆိုင်ဖွင့်သည့် ဒေါ်ပို၏ အိမ်မှာများ ဆိုလျှင် အမေ့ကို ဒေါ်ပိုက ထမင်းစားပြီးမှ ပြန်စေသည်။ ကျွန်တော်သည်ပင် တစ်ခါတရံ အမေ့ကို ဂျီတိုက်ရင်း ဈေးရောင်းရာ လိုက်သွားကာ ဒေါ်ပို့ဆီမှာ ထမင်းစားဖူးတာ အကြိမ်ကြိမ် ဖြစ်သည်။

 

ဆီသည်မ လက်သုတ်ပုဝါ
————————

အမေက မွန်းတည့်လောက် ဈေးရောင်းက ပြန်လာလျှင် သူ့ဆီဗျပ်ချကာ ဆီဗျပ်ထဲက လက်သုတ်ပုဝါ ဖွေးဖွေးခေါက်လေး အောက်က ဈေးရောင်းကြေးများ ထည့်ထားသည့် ကပ်ပီတန် စီးကရက်သံဘူးကို ယူသည်။ ကျွန်တော်ကြီးမှ စဉ်းစားမိတာ တစ်ခု ပြောပါရစေ။ မြန်မာစကားတွင် “ ဆီသည်မ လက်သုတ်ပုဝါ” ဟူ၍ ရှိပါ၏။ အသစ်မဟုတ်သော မသန့်ရှင်းသော နွမ်းကြေနေသော အခြေအနေတစ်ရပ်ကို ဆီကြေး အထပ်ထပ်နှင့် နွမ်းကြေနေသော လက်သုတ်ပုဝါကို ပမာပုံခိုင်းခြင်း ဖြစ်သည်။ သို့သော် အမေ့ဆီဗျပ်ထဲက လက်သုတ်ပုဝါက အဲ့လိုမဟုတ်။ အမြဲသစ်လွင် သန့်ရှင်းနေသည်။ လက်သုတ်ပုဝါကို တစ်ရက်ထက်ပိုမသုံး၊ အမြဲလျော်ဖွပ်ကာ သပ်ရပ်စွာ ခေါက်ထားသည်။ ဖွပ်လျှော်ပါများလို့ နွမ်းကျေလျှင် အသစ်လဲသည်။

 

ထို့ကြောင့် ဧည့်ကောင်းစောင်ကောင်း လာလျှင်ပင် လက်ဖက်ပွဲချရင်း “ ဟဲ့ ဆီဗျပ်ထဲက လက်သုတ်ပုဝါ ယူလိုက်” ဟု ခိုင်းတတ်သည်။ ပိုက်ဆံထည့်သော အမေ့ကက်ပီတန်စီကရက် သံဗူးလေးကလည်း ဝင်းပြောင်နေသည်။ အမေက ဘူးထဲက ပိုက်ဆံတွေ ထုတ်ရေသည်။ အနုတ်စေ့တွေကို သူ့အမျိုးအလိုက် ပုံသည်။ ငွေစက္ကူလေးတွေ ထပ်သည်။ အရင်းကို သပ်သပ်ဖယ်ကာ အဘက ဆီစက်သို့ သွားပေးသည်။ ကျန်သည့် အနုတ်နှင့် ငွေစက္ကူလေးအချို့က အမြတ်ပေါ့။ ပိုက်ဆံရေပြီးတာနှင့် အမေက အင်္ကျီချွတ်ကာ ရင်လျားနှင့် ခတင်ပေါ်လှဲကာ နှီးယပ်တောင်ကြီး ခတ်ရင်း နားသည်။ သည်ကတည်းက ကျွန်တော်က အမေ့ရင်ခွင်တွင် တိုးဝင်ကာ ချွဲနွဲ့နေတာ ည အိပ်သည်အထိပင်။ ဟင်းမကြိုက်လို့ ဘဲဥကြော်ခိုင်းတာမျိုး၊ ခရမ်းချဉ်သီး ငါးပိချက် ချက်ခိုင်းတာမျိုးအပြင် ဝင်းပေါက်က ဦးပုဆိုင်က ပဲဒလီး(ပဲဓားလှီး) မုန့်ဝယ်ရာ လိုက်ပို့ခိုင်းတာမျိုး၊ ကန်တော့ပါရဲ့ အိမ်သာတက်လျှင်လည်း အမေ့ကို လိုက်စောင့်ခိုင်း တာမျိုးနှင့် ပွတ်သီးပွတ်သပ် နေတော့သည်။ ဟိုအိမ်သည်အိမ်က ပစ္စည်းလေးတစ်ခုခု ယူခိုင်းလျှင်ပင် အမေလိုက်ခဲ့ဟု ဂျီတိုက်သည်။ “ဟဲ့ ငါလိုက်နေရမှတော့ နင့်ယူခိုင်းမလား၊ ကဲ ငါ့ဘာသာပဲ သွားတော့မယ်” ဟု ဆိုကာ ကိုယ်တိုင်သွားတော့လည်း နောက်က ထမီဆွဲ လိုက်တော့သည်။ ဒီလိုတွေ မြင်တိုင်း ဦးကြီးဘထွန်းက “ချောရင်ရာ နင့်သား နင့်ဗိုက်ထဲသာ ပြန်ထည့် ထားလိုက်တော့” ဟု ပြောလေ့ရှိသည်။

 

ဝင်းပေါက်အထွက် အရှေ့ဘက်မှာ ဦးပု ကွမ်းယာဆိုင်ရှိသည်။ ကွမ်းယာ မုန့်မျိုးစုံ ဘိလပ်ရည်နှင့် အအေးဖော်ရည်များ ရသည်။ ဦးပုဆိုင်အရှေ့ဘက်မှာ ဦးထင်လှ ဒေါ်ရင်၏ အိမ်ဆိုင်လည်းရှိသည်။ ကျွန်တော်က ဦးပုဆိုင်က ပဲဒလီးမုန့်ကိုကြိုက်သည်။ မုန့်ယူဖို့ ဖန်ပုလင်းဖွင့်လိုက်တာနှင့် မုန့်ရနံ့လေးက သင်းပျံ့လာသည်။ အမြဲ ပဲဒလီးချည်း စားလို့ မုန့်ဆိုင်ကို ကိုယ်တိုင်သွားဝယ်လည်း မလွဲမှာကို အမေလိုက်ခဲ့လို့ချည်း ခေါ်သည်။ ဦးပုဆိုင်က ဆိုင်မှာအမြဲရှိနေသည့် ဒေါ်အောင်မေ က “ဘာလို့ အမေ့ကိုခေါ်ချည်းလာရတာလဲဟဲ့၊ ဒီအရွယ်ရောက်တောင် အမေပါမှလားဟယ်” ဟု ဆိုသည်။ ဦးပုဆိုင်မှာတောင် တစ်ယောက်ထဲမသွားရဲမှတော့ ဦးထင်လှ ဒေါ်ရင်ဆိုင်၊ မျက်နှာချင်းဆိုင်က ဒေါက်တာ့ဆိုင်တို့ဆိုလျှင် ဝေးပေါ့။ ဒါကြောင့်လည်း အခြားမုန့်တွေ မတောင်းဘဲ ဦးပုဆိုင်က ပဲဒလီးကိုပဲ ပူစာခြင်း ဖြစ်သည်။

 

ညနေရောက်ရင်တော့ အိမ်ရှေ့က လက်ဖက်ရည်ကြမ်းဝိုင်းက လူကြီးစကားဝိုင်းဘေးက ငေးပေါ့။ ဒါက အကြာကြီးမဟုတ်။ လူကြီးတွေ စကားက နားမလည်တာတွေ များလာတော့ ငိုက်လာသည်။ ဒီတင် အမေက ပွေ့ခေါ်ပြီး အိပ်ရာထဲခေါ်သည်။ အိပ်ရာထဲမှာ ချက်ချင်းအိပ်တာ မဟုတ်။ အမေ့ရင်ခွင်ကြားမှ ဟိုအကြောင်းပြောပါဦး၊ ဒီစကားပြောပါဦးနှင့် အမေ့ကိုပူဆာသည်။ ဒါကလည်း အမေက အကျင့်လုပ်ထားလို့ ဖြစ်သည်။ အမေခမျာ စာမတတ်ရှာပါ။ သို့သော် တောမှာ ကြီးပြင်းလာတော့ ဇာတ်ထုပ်ဇာတ်လမ်းတွေ အတော်များများ အလွတ်ရသည်။ အိပ်ရာဝင်တိုင်း အရပ်ထဲက သူ့ဆီဖောက်သည်တွေ အကြောင်း၊ ရွာမှာ ပေါင်းပေါက် မြေပဲကောက်သည့်အကြောင်း၊ မျှစ်ချိုးသည့်အကြောင်းများ အပြင် မပဋာ ကိုဒါသ ဇာတ်၊ ဆားတောင်သူ မအောင်ဖြူဇာတ်၊ ဗျတ်ဝိ ဗျတ္တဇာတ်တို့ကို ဇာတ်သွားအတိုင်း အဆိုအပြောနှင့် ပြောလေ့ရှိသည်။ ဆားတောင်သူ မအောင်ဖြူ ဇာတ်တွင် သား မောင်အောင်ညွန့်ကို ဘုရားတွင် စတေးခန်း၌ ဇာတ်ပြောသူ အမေရော နားထောင်သူ ကျွန်တော်ပါ မျက်ရည်လည်ခဲ့ရသည်။ သားလေးက ရေဆာလို့ ငိုတော့ သားချော့သီချင်းကို အမေက ကျနစွာ သီဆိုပြသည်။

 

ကြောက်စိတ်လွှမ်းသော အလွမ်း
——————————-

“ လူကလေးရဲ့ငို ခိုဖမ်းလို့ပေး၊ ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး၊ လူကလေးတဲ့ ချော့စရာ သော့မကြာ ဖော့ပမာ စိတ်မကြည်စရာ ဉာဏ်မျှော် မထောက်ပေဘု၊ မိတ္ထီလာကန်တော်အောက်ကယ်က သနားသလောက် သားတစ်ယောက်ကယ်ကြောင့် ဖားကောက်ခဲ့ပါလေ့။ ဖားပါရင် တစ်ကောင်ပေးပါ့ စက်ဦးကွယ် မောင်မရှောင်နဲ့၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့၊ သားမောင်လှကလေး၊ ကစားရအောင်ပ မနှေး၊ ပတ္တမြားအရောင်က ပြေးတယ်နှင့်ကွယ် ဖားကောင်ကသေး.. .” ဟူသော သီချင်းက အမေ့အသံအေးအေးတွင် လွမ်းဆွတ်ဖွယ်ဖြစ်နေသည်။ အမလေး ဆက်နားထောင်တော့ ဘုရားထဲ စတေးခံရသော သား၏ ခြေကျင်းသံ လက်ကောက်သံလေးတွေကြားတော့ မအောင်ဖြူက ငိုတာတွေရောက်တော့ ကျွန်တော့်မှာ ကလေးအရွယ် မတန်တဆခံစားမှုကြောင့် ရင်ထဲလှိုက်ကာ ရှိုက်ငိုရသည်။

 

မပဋာ ကိုဒါသ ဇာတ်မှာလည်း ဘာထူးမှာလဲ၊ လင်မြွေပေါက် သားတွေ ရေနစ် စွန်ချီ၊ အိုးအိမ် မီးလောင်၊ မိဘတွေ သေဆုံးနှင့် မပဋာ မြေလူးရူးပုံတွေ အမေက ဇာတ်ကြောင်းပြန်တော့ ကြောက်စိတ်နှင့် အလွမ်း ရောယှက်ခံစားရတာ မှတ်မိနေသည်။ ဒါ့ကြောင့် အမေ့ရင်ခွင်ခွေ့ကာ ဒီဇာတ်ထုပ်တွေ အကြိမ်ကြိမ်ပြောခိုင်းပြီး အိပ်ရာဝင်တာ အကျင့် ဖြစ်သွားသည်။ ဒီလောက် အမေမှ အမေ သည်းသည်းလှုပ်မခွဲနိုင်သော သားကျွန်တော်မှာ တစ်ခါတော့ အမေနှင့် ခွဲအိပ်ရတော့မည်။ တစ်ညတည်းလား။ မသေချာ ၂ညလား မဟုတ်။ ဘယ်လောက်ကြာမလဲမသိ။

 

တကယ်တော့ ၄နှစ်သားအရွယ်က အိမ်တော်ရာဘုရားထဲ ဆော့ကစားနေကျ ၁၄ခန်းဇရပ်ကြီးမှာ၊ နေပူတိုင်း ရေလဲပုဆိုးလေးတွေယူ၍ သွားအိပ်နေကျ တောင်စောင်းတန်းထိပ်က သံဇရပ်မှာ စစ်သားတွေ ညအိပ်ညနေ ရောက်လာကြတာ ကြာပြီပဲ။ ကလေးမို့ ဘာမှမသိ။ ထို့အတူ မိဘ အသိုင်းအဝိုင်းကလည်း လက်လုပ်လက်စားတွေချည်းမို့ မနက်စောစော ဦးကြီးလှတင် လမ်းလျှောက်လာရင်း ပြောသည့် သတင်းစကားတွေက စက်ပိုင် ဦးလေးသောင်တို့လို ပညာတတ်တွေပဲ နားလည်မည်ဟူသော အသိကြောင့် ကိုယ်နှင့် မဆိုင်သလို မသိလိုက် မသိဖာသာ ဖြစ်ခဲ့ကြသည်။ မီးဆိုတာ ကိုယ့်ပေါ်ကျမှ ပူမှန်းသိကြရတဲ့ သူတွေလေ။

 

၁၉၆၂၊ မတ် ၂ရက် နောက်ပိုင်း
—————————–

အဲ့သည်ရက်ပိုင်းက ဦးကြီးလှတင် မနက်စောစော လမ်းလျှောက်ရင်း အိမ်ကိုဝင်ကာ မြန်မာ့လမ်းစဉ် သတင်းစာ ကိုင်ပြီး အဘနှင့် စကားပြောနေသည်။ ခဏနေတော့ စက်ပိုင် ဦးလေးသောင်လည်း သူ့တိုက်ပေါ်က ဆင်းလာကာ ၃ယောက်သား စကားတွေ တိုးတိုးပြောကြသည်။ ကျွန်တော်က ကလေးပီပီ စိတ်မဝင်စား။ အဲ့ဒီရက်ပိုင်းက မှတ်မှတ်ရရ ဖျားနေလို့ အမေလည်း ဈေးရောင်းမထွက်တော့ အမေ့နားပဲ ကပ်နေသည်။ ညပိုင်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာလည်း အဘတို့ သည်အကြောင်းပဲ ပြောကြလိမ့်မည်။

ကျွန်တော် အဘတို့အနား မသွားဘဲ အမေ့ဘေးမှာ ဗျတ်ဝိ ဗျတ္တ ဇာတ်ထုပ် နားထောင်နေတာ ဖြစ်မည်။ အဘတို့ ဝိုင်းသို့ ကျွန်တော်သွားလည်း သည်

တစ်ခါ အဘတို့ စကားတွေ ကျွန်တော် နားလည်မှာ မဟုတ်။ နောက်နေ့တွေ နောက်ဝင်းက ဦးကြီးစာဗျောသား ကြည်လွင်နှင့် အိမ်တော်ရာဘုရားထဲ သွားကစားကြတော့ ကြည်လွင်က ဘုရား အနောက်မုခ်မှာ အမြှောက်ကားတွေရှိတယ်၊ သွားကြည့်ရအောင်လို့ ပြောတာ နားမလည်ဘဲ မသွားချင်ဘူးကွာ ဟုပြောပြီး ခုနစ်နေ့ ခုနစ်နာမ်ဇရပ်ထဲမှာပဲ ပိုလိုကား ရိုက်ကြသည်။ နောက်ရက်တွေမှာ ကြည်လွင်က ၁၄ခန်းဇရပ်ထဲမှာ စစ်သားတွေကွ၊ စက်သေနတ်တွေရောပါတယ် ဟု ပြောသည်။ ကြည်လွင်က ငယ်ငယ် ကတည်းက အမြှောက်တွေ စက်သေနတ်တွေ ဝါသနာပါတော့ သိနေသည်။ ကျွန်တော်က ဘာမှ မသိ။

 

ဆက်ရန်

 

ဆူးငှက်

××××××××××

 

 

Related posts

Leave a Comment

VOM News

FREE
VIEW