စက်တင်ဘာ ၂၄-၂၀၂၅
Shy V (VOM)
ရှန်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာ အုပ်စု၊ ပင်တီးရွာမှာ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးသွားတာရှိပြီး နားအိုက်ခန့်ရွာ ဝန်းကျင် ဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးကုတ် – ကျောက်မဲ လမ်းပေါ်ရှိ မိုင်းတင်း ကနေ နောင်ချို – ကျောက်မဲ လမ်းပေါ်ရှိ စခန်းသာ ကိုသွားတဲ့ ဖြတ်လမ်းပေါ်က ပင်တီး ရွာကို မွန်းလွဲ ၁ နာရီကျော် လောက်က ကြဲသွားတာ။” လို့ စစ်ရှောင်ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ အဲဒီ နေရာမှာတော့ တိုက်ပွဲ မဖြစ်သေးဘူးလို့ သူက ပြောပါတယ်။
“ကြက်ခြံနား ကျတယ်လို့ သိရတယ်။ ပင်တီးဘုန်းကြီးကျောင်းလည်း တော်တော် ပျက်စီးသွားတယ်လို့ ပြောတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေကြောင်း ဗုံးကြောင့် အေဆာက်အဦတွေ ထိခိုက်ပျက်စီးသွားတာ ရှိပေမယ့် လူ ထိခိုက်တာ မရှိဘူးလို့ ကြားသိရတယ်လို့ ဆိုပါတယ်။
ပင်တီးရွာမှာ နေ့လယ် ၁ နာရီ ၈ မိနစ်ကလေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းပေါ် ထိမှန်ကာ ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ဘက်က သတင်း ထုတ်ထားပါတယ်။
ကျောက်မဲ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ နလအ တပ်ဖွဲ့တွေက လမ်းကြောင်းတွေကို ဒရုန်းနဲ့ ရှင်းလင်းနေကြောင်း နလအ တပ်ဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲကတော့ လက်ရှိ နားအိုက်ခန့် အနီးဝန်းကျင်မှာ ဆက်လက်ဖြစ်ပွားနေပြီး ရှေ့တိုးလာတာတော့ မတွေ့ရသေးပဲ တိုက်ပွဲက ကြာရှည်မယ့် သဘော တေွ့ရတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တိုက်ပွဲရဲ့ နောက်ဆက်တွဲက တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နောင်ပိန်က ဆိုင်ခန်း၊ နေအိမ်တွေမှာပစ္စည်းေတွ ဖောက်ထွင်းခိုးယူခံနေရပြီး စစ်ရှောင်ဒေသခံတွေကိုလည်း ရွာထဲ ဝင်ခွင့်မပြုသေးဘူးလို့ သူကပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့ပေါ်မှာလည်း သူခိုးတွေ ပိုမို သောင်းကျန်းလာသလို သီပေါမြို့ပေါ်မှာလည်း သူခိုးတွေများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
