စက်တင်ဘာ ၂၃၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်၊ ကျောက်သွေးဝောာင်ရွာ ကွက်သစ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကျည် ကျလို့ သားအဖနှစ်ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆိုင် ဘက်လာကျတာ။ ဆိုင်ခန်းမှာ ထိမှန်သွားတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်နက်ကျည် ထိမှန်တာကြောင့် သားအဖ နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီး ဒရုန်း ဗုံး ဖြစ်တယ်လို့ သိရပြီး နှစ်လုံး ကျကွဲခဲ့တာလို့ သူက ပြောပါတယ်။
ဒေသခံ တချို့ တိမ်းရှောင်နိုင်ကြပြီ ဖြစ်ပေမယ့် မရှောင်နိုင်သူတွေ ရှိသေးသလို ဖားကန့် တပ်မကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ဒရုန်း လို့ ယူဆရတဲ့ ပစ်ခတ်သံတွေ ညလုံးပေါက် ကြားနေရတယ်လို့ ဆိုပါတယ်။
အဲဒီ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရွာဘက်ကိုလည်း နလအ တပ်ဖွဲ့ဘက်က ထိုးစစ်ဆင်လာဖို့ အနေအထား တွေ့ရတယ်လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
“အခု ဆိုင်းတောင်ဘက် ပြန်ထိုးဖို့ ပြင်ဆင်နေတယ်ထင်တယ် စစ်တပ်က။ ဆိုင်းတောင်က လူတွေ အများစု ရှောင်ကြကုန်ပြီ။ ကျနော့် အသိတွေလည်း ဒီနေ့ မြစ်ကြီးနား ဆင်းတော့မယ်ပြောတယ်။” လို့ သူက ပြောပါတယ်။
ဆိုင်းတောင်ဘက် လက်နက်ကြီးကျည် မကြာခဏ ကျရောက်နေတာကြောင့် ကျောင်းတွေကိုလည်း တလ ပိတ်ထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ဆော့လော်မြို့နယ်၊ လန်ဆယ်ဘက်မှာ လေကြောင်းဗုံးကြဲလို့ နေအိမ်ပေါ် ထိမှန်ကာ ကလေး နှစ်ယောက် ထိမှန် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူတွေတွေလည်းရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နလအ နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က လတ်တလော KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေ တချို့တွေဘက် တန်ပြန်ထိုးစစ် ဆင်လာတာ တွေ့မြင်ရပါတယ်။
Photo Crd# ဒေသခံ
