တန့်ဆည် ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှု ခုနှစ်ယောက်သေပြီး ၁၂ယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၆ ၊၂၀၂၅
CC (VOM)
စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်ထဲက PDF ထိန်းချုပ်ထားတဲ့ ကံထူးမရွာကို ဒီနေ့စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ခွဲလောက်မှာ ကံထူးမရွာရှိ စက်သုံးဆီအရောင်းဆိုင်နဲ့ စားသောက်ဆိုင်ပေါ်ကို လေကြောင်းကြဲချခံရတာဖြစ်တယ်လို့သိရပါတယ်။
” ကံထူးမဘက်က ငြိမ်နေတာကြာပြီ။ငြိမ်နေတော့ ပြန်ပြီးစည်ကားလာတယ်ဆိုပြီးသိရ လို့စိုးရိမ်နေတာ။အခုတော့လေကြောင်းကြဲခံရတယ်။သိရသလောက်ခုနှစ်ယောက်သေတယ်။သေဆုံးသူထပ်တိုးနိုင်တဲ့အခြေအနေရှိတယ်လို့လည်းမြေပြင်ကပြောပြချက်အရ သိရတယ်။” လို့ စစ်ရှောင်အရေးကူညီနေသူ တယောက်ကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိနေတာကြောင့် လက်ရှိမှာ ဆေးဝါးကုသမှုခံယူနေကြောင်း ၊ သေဆုံးသူတွေထဲမှာ အမျိုးသားတွေများတယ်လို့ ကနဦးသတင်းအရသိရပါတယ်။
လူသေဆုံးမှုအပြင် နေအိမ်အချို့လည်းမီးလောင်ပျက်စီးမှုရှိတာကြောင့် မြေပြင်ရှင်းလင်းရေးလုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ ကံထူးမရွာမှာ နယ်မြေရဲစခန်းရှိပြီး PDF တွေက ၂၀၂၄ ခုနှစ် မတ်လမှာ ကံထူးမရွာကို ထိန်းချုပ်ခဲ့တာ ဒီနေ့ထိဖြစ်တယ်လို့သိရပါတယ်။
ကံထူးမရွာကို ထိန်းချုပ်နိုင်ဖို့အတွက် PDF တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဲဒီနောက် နလအဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
ကံထူးမရွာတိုက်ပွဲမှာ PDF နဲ့ စစ်တပ်နှစ်ဘက်လုံးမှာ အကျအဆုံးတွေရှိခဲ့သလို အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်ကလည်း တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်အကြား စိန်းနန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW