စက်တင်ဘာ ၂၅ – ၂၀၂၅
SN (VOM)
မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ မြင့်တက်မှု အခြေအနေတွေကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပဲခူးတိုင်း တောင်ငူမြို့နယ် မကွေးတိုင်း မင်းဘူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနဲ့အတူ မနေ့ စက်တင်ဘာ ၂၄ ရက်၊ ညနေပိုင်းကစပြီး အဲဒီ မြို့နယ်အတွင်းက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မနေ့ ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ တောင်ငူမြို့စွန်ရှိ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်နဲ့ မြစ်ရိုးတလျှောက်ရှိ သဖန်းပင်၊ အနောက်ဆင်၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ ရွှေချိုင်းရွာတွေမှာ ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လက်ရှိကတော့ မိုးတိတ်နေပါတယ်။ ဒါပေမယ့် စစ်တောင်းမြစ်ရေကလည်း လက်ရှိမှာ တက်နေတယ်။ မိုးသာ ထပ်ရွာဦးမယ်ဆိုရင်တော့ ရေအခြေအနေ ပိုဆိုးလာနိုင်တယ်။ စစ်တောင်းမြစ်ရေ တက်ချက်လည်း ရေတိုး အရမ်းမြန်နေတယ်” လို့ သူက ပြောပါတယ်။
တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၆၀၀ စင်တီမီတာရှိပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက်ပိုင်း ထုတ်ပြန်တဲ့ မြစ်ရေခန့်မှန်းချက်မှာ စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅၉၈ စင်တီမီတာမှာ ရောက်ရှိနေကာ နောက်တရက်အတွင်း စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်လို့ ဒေသအခြေစိုက် လူမှုကူညီရေး အသင်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ပဲခူးမြို့အနီးက ဇလက်ထော် အပန်းဖြေစခန်းဘက် သွားရာ လမ်းနေရာမှာ တံတားတစင်း ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြိုကျသွားတဲ့ တံတားဟာ ချောင်းကူး တံတားငယ်ဖြစ်ပြီး ပဲခူး – ဇလက်ထော် ဆည်မြောင်းလမ်းပေါ်မှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာလည်း မန်းချောင်း ရေကြီးနေတဲ့အတွက် ရွှေစက်တော်ဘုရား ပရဝုဏ်အတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိသလို မုန်းချောင်းတလျှောက်ရှိ နေအိမ်တွေနဲ့ မင်းကူး – စကု ကားလမ်းပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
“ရေက ဒီကနေ့ (စက်တင်ဘာ ၂၅ ရက်) မနက်အစောပိုင်း ၂ နာရီလောက်ကစပြီး တက်လာတာပေါ့။ ကားလမ်းကတော့ လက်ရှိမှာ ရေပြန်ကျသွားပါပြီ။ ရွှေစက်တော် ဘုရားဘက်မှာတော့ မုန်းချောင်းရေဆိုတော့ ရေကတင်နေသေးတယ်။ နည်းနည်းချင်းစီတော့ ပြန်ကျနေပြီ ဆိုပေမယ့် ရေကျန်နေသေးတယ်။ အထက်က မိုးရွာနေဦးမယ် ဆိုရင်တော့ ရေကတော့ တင်နေဦးမှာပဲ။ ရွှေစက်တော်မှာက ဒီတရက်၊ နှစ်ရက်ကတော့ ရေက ရှိနေဦးမှာ” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလိုပဲ နေပြည်တော်ကောင်စီ နယ်မြေအတွင်းက ဥတ္တသီရိမြို့နယ်၊ တောင်ညိုကျေးရွာဘက်မှာလည်း မိုးရွာသွန်းမှု များပြားခြင်းနဲ့အတူ ရေအနည်းငယ် မြင့်တက်လျက်ရှိတယ်လို့ သိရပြီး စိုးရိမ်ရတဲ့ အနေထားမျိုးတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ရေအခြေနေတွေနဲ့ ပတ်သက်လို့ အထက်ပိုင်း ဒေသတွေမှာ မိုးများနေပေမယ့် လက်ရှိ ပေါင်းလောင်းမြစ်ရေကတော့ ပုံမှန်အတိုင်းသာ ရှိနေဆဲဖြစ်ပြီး ငလိုက်ချောင်းရေဟာလည်း စိုးရိမ်စရာ မလိုသေးသလို ဆင်သေချောင်းရေကလည်း အထက်မိုးရွာသွန်းခြင်းကြောင့် ရေအနည်းငယ် တိုးနေပေမယ့် စိုးရိမ်စရာ လုံးဝ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့၊ ညပိုင်းကတော့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂၀ ကျော် ရွှေ့ပြောင်းခဲ့ရပေမယ့် နောက်တနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက်ပိုင်းမှာတော့ ရေပြန်ကျသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပန်းတော၊ မင်းလမ်း၊ ရွှေမင်းဝံနဲ့ ချင်းစုရပ်ကွက် အပါအဝင် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးမှုကြောင့် မင်းလမ်းရပ်ကွက်က အမက – ၁၁ မူလတန်းကျောင်း အပါအဝင် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး ရေတွင်းရေကန်တွေအပြင် အိမ်သာတွေအတွင်းကိုပါ ရေဝင်ရောက်နေတာကြောင့် သောက်သုံးရေနဲ့ ချက်ရေးပြုတ်ရေး အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း ဥရုချောင်းရေ မြင့်တက်နေတဲ့အတွက် အဲဒီ မြို့နယ်အတွင်းက ငှက်ပျောတော ရပ်ကွက်နဲ့ မြို့မရပ်ကွက်အတွင်း ရေဝင်ရောက်နိုင်တာကြောင့် သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
“လက်ရှိ အခြေအနေကတော့ စိုးရိမ်စရာ မလိုသေးပါဘူး။ မိုးသည်းလာရင်တော့ အခြေအနေ တမျိုး ပြောင်းသွားနိုင်တဲ့အတွက် ကြိုကြိုတင်တင် သတိရှိထားမယ် ဆိုရင်တော့ မမှားဘူးပေါ့” လို့ ဖားကန့် ဒေသခံတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်း အသိပေးချက်မှာ လက်ရှိ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေသလို လေထု မငြိမ်မသက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို မုတ်သုံလေ အားကောင်းမှု၊ လေထု မငြိမ်မသက်မှုတွေကြောင့်အပြင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိတဲ့ အပူပိုင်းမုန်တိုင်းငယ်မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းမှ အောက်တိုဘာ ၁ ရက်နေ့အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု အခြေအနေတွေနဲ့ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၁၀ ပေကနေ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးရွာသွန်းနိုင်တဲ့ ဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
Photo – CJ/ Si Thu Min Shein/ အလင်းရောင် ပရဟိတ လူမှုကူညီရေးအဖွဲ့
