ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီး ဦးဇင်းတပါးနဲ့ မိသားစုဝင်သုံးယောက် သတ်ဖြတ်ခံရ

စက်တင်ဘာ ၂၇၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအနီး တောင်ယာခြံမှာ စက်တင်ဘာလ ၂၄ ရက်နေ့က ဦးဇင်းတပါးနဲ့ မိသားစုဝင် သုံးယောက် သတ်ဖြတ်ခံရကြောင်း ဒေသခံတွေနဲ့ SSPP/SSA၊ ရှမ်းကျောင်းသားများ သမဂ္ဂ တို့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းက နားအိုက်ခန့်ရွာအနီး ယာတောတဲထဲ စစ်ရှောင်နေကြတဲ့ ဦးဇင်း တပါး အပါအဝင် သားအမိ သုံးယောက်တို့အား ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အသတ်ခံရတာတော့ အမှန်ပါ၊ ဒါပေမယ့် ဘယ်ဖက်က လာသွားတာလဲဆိုတာ မသေချာဘူး။ စက်တင်ဘာ ၂၄ ရက်နေ့ နေ့ခင်းပိုင်းက ဖြစ်ခဲ့တာ။ သေဆုံးသူတွေထဲမှာ ဦးဇင်းတပါးနဲ့ မိသားစုဝင် သုံးယောက် ပါတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။
နားအိုက်ခန့်ရွာမှာ တိမ်းရှောင်နေသူတွေ အများစုဟာ အဲဒီနေ့ ရွာစွန့်ပြီး ထွက်ပြေးကြရပြီး ကျန်နေတဲ့ မိသားစု တချို့ကတော့ မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားခဲ့ကြတယ်လို့ ဒေသခံတွေက ဖော်ပြပါတယ်။
သက်ဆိုင်သည့်အဖွဲ့အစည်းတွေကလည်း “တဲထဲမှာ စစ်ဆင်ရေးဆိုင်ရာ ယူနီဖောင်းတွေ ကျန်ခဲ့တယ်” ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျောက်မဲမြို့နယ်မှာ တလကျော်ကြာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေပြီး ဒေသခံသောင်းချီ ရွာစွန့်တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က စတင်ပြီး ကျောက်မဲမြို့နယ်ကို စစ်တပ်က စစ်အင်အား ထောင်ချီနဲ့ တန်ပြန်ထိုးစစ်ဆင် ဝင်ရောက်လာပြီး TNLA နဲ့ လက်ရှိအချိန်ထိ တလကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အဆောက်အဦးတွေ ပျက်စီးကာ ဒေသခံ တသောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရကာ တိုက်ပွဲအတွင်း ဒေသခံတွေဟာ နှစ်ဖက်တပ်ဖွဲ့ရဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ် တာပါ ကြုံတွေ့ခဲ့ရတယ်လို့လည်း ဖာ်ပြထားပါတယ်။
Photo Crd# SSPP/ SSA

Related posts

Leave a Comment

VOM News

FREE
VIEW