မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေ ရေကြီးရေလျှံမှု အထူးသတိပြုဖို့ လို

စက်တင်ဘာ ၂၇ – ၂၀၂၅
SS (VOM)
လာမယ့် အောက်တိုဘာလ ဒုတိယပတ်အထိ မြစ်ရေမြင့်တက်နိုင်မှု အခြေအနေတွေ ရှိနေသေးတဲ့အတွက် အထူးသဖြင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်းနဲ့ အောက်ပိုင်း ဒေသတွေအနေနဲ့ ရေကြီးရေလျှံမှု အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
အောက်တိုဘာ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ တောင်တရုတ် ပင်လယ်ပြင်ဘက်မှာ မုန်တိုင်း အနည်းဆုံး နှစ်လုံးလောက် ထပ်မံ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပြီး အဲဒီ မုန်တိုင်းတွေရဲ့ အကြွင်းအကျန် တိမ်တိုက်တွေအပြင် အရှေ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းမှု ဆက်လက် များပြားနိုင်သလို မြစ်ရေ မြင့်တက်မှုတွေလည်း ရှိလာနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
“မိုးများရင်တော့ ထုံးစံအတိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ အခုဆိုရင်ပဲ ဒီရက်ပိုင်း မိုးများနေတော့ စစ်တောင်းမြစ် တောင်ငူတို့၊ ပဲခူးတို့ ရေကပြန်တက်နေတယ်။ လာမယ့်ရက်တွေ အဓိက များနိုင်တာကလည်း အဲဒီနေရာတဝိုက်တွေပေါ့။ အထူးသတိထားရမယ်။ အရှေ့ဘက်လာတဲ့ လေပွေလှိုင်းတွေ အပေါ်တက်သွားရင်တော့ သတိထားရမယ့်အထဲ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ပါတာပေါ့။ ဒါပေမယ့် ပိုပြီး သတိထားရမှာကတော့ မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေ” လို့ သူက ပြောပါတယ်။
ရေကြီးရေလျှံမှုအတွက် အဓိကအားဖြင့် စစ်တောင်း၊ ငဝန်၊ ဘီးလင်း၊ ဘားအံ စတဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်း၊ အောက်ပိုင်း ဒေသတွေက မြစ်တွေ၊ ချောင်းတွေကတော့ စိုးရိမ်စရာ အခြေအနေမှာရှိနေပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကတော့ အထက်ဘက်က ရေကြီးမှသာ ဂရုပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆည်မြောင်း တာတမံတွေအနေနဲ့ ရေအားကြံ့ခိုင်မှုအတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုသလို စိုက်ပျိုးပြီးစ လယ်ယာမြေတွေအပြင် ရေကြီးရေလျှံမှုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း သတိပြုရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“စိုက်ပျိုးရေးသမားတွေ ကြောက်တာ နောက်မိုး။ နောက်ပိုင်းကျမှ ရွာတဲ့မိုးက စိုက်ရေးပျိုးရေးမှာ အခက်တွေ့နိုင်တယ်။ စပါးပင်တွေကလည်း ရှည်နေပြီ၊ မိုးကလည်းများတယ် ဆိုရင် သတိထားရမှာ။ အခုအခြေအနေက နောက်မိုးကောင်းတယ်လို့ ပြောလို့ရတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုအချိန်ဟာ မုတ်သုံရာသီ ဆုတ်ခွာနေတဲ့ ကာလ ဖြစ်ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ မုန်တိုင်း အခြေအနေတွေကြောင့် မုတ်သုံအထွက် ကြန့်ကြာမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“အခုဟာက မုတ်သုံက မြန်မာနိုင်ငံ မြောက်ပိုင်းကထွက်ပြီ၊ အလယ်ပိုင်းက မထွက်သေးဘူး။ စက်တင်ဘာ လကုန်တော့မယ်၊ အလယ်ပိုင်းက မထွက်နိုင်သေးဘူး ဖြစ်နေတယ်။ သူက တဆင့်ချင်းထွက်တော့ အလယ်ပိုင်း နောက်ကျရင် ကျန်တဲ့ အပိုင်းအခြားတွေလည်း နောက်ကျတာပေါ့။ မုတ်သုံ နောက်ကျရင်၊ မုတ်သုံရက် ရှည်လာရင် မိုးကတော့လာဦးမှာပဲ။ လာမယ့် အောက်တိုဘာ ပထမ ၁၀ ရက်ပတ်အတွင်းမှာတော့ မုတ်သုံက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်လောက်က ထွက်မယ်လို့တော့ ခန့်မှန်းရတယ်” လို့ သူက ပြောပါတယ်။
မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိမှာလည်း ဖိလစ်ပိုင် ပင်လယ်ပြင်မှာ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” (BUALOI) ဖြစ်ပေါ်နေတဲ့အပြင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့မှာလည်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
“မုန်တိုင်းက ဒီနေ့ပြီးရင် နောက်တခါ ထပ်လာဦးမှာ။ ဒီနှစ် မုတ်သုံ အဆုတ်မှာက system တွေ များတယ်။ လာမယ့် အောက်တိုဘာလထဲမှာကိုပဲ ခုဏကပြောသလို မုန်တိုင်း နှစ်လုံးက ထပ်ရှိနေသေးတယ်။ အကြွင်းအကျန်တွေ ရောက်လာနိုင်တဲ့ မုန်တိုင်းတွေပေါ့” လို့ သူက ပြောပါတယ်။
နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေဟာ အရှေ့လေ အားကောင်းလေ့ရှိတဲ့ လတွေဖြစ်တာကြောင့် အရှေ့ဘက်ကလာတဲ့ မုန်တိုင်းတွေ ရှိနိုင်ပေမယ့် မုန်တိုင်းဖြစ်တိုင်း မြန်မာနိုင်ငံဘက်ကိုသာ ရွေ့လျားတာမဟုတ်ဘဲ ဂျပန်ကျွန်းစုတွေဘက်ကို ရွေ့လျားသွားတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
“မုန်တိုင်းဖြစ်တိုင်း မြန်မာနိုင်ငံဘက်ကိုချည်း ရွေ့တာမဟုတ်ဘူး။ သို့သော်လည်း ဒီဘက်ကိုလာတဲ့ system တွေလည်း ရှိတယ်။ အနောက်ဘက်ကိုရွေ့တဲ့ system ပေါ့။ အရှေ့လေ အားကောင်းတော့ အနောက်ဘက်ရွေ့တယ်။ အနောက်ဘက်ဆိုတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုတို့ ဖြတ်ပြီးမှ မြန်မာနိုင်ငံဘက်ကို တိမ်တိုက်တွေ ရောက်လာတတ်တာ ရှိတယ်။ ဒါကြောင့်မို့ သတိပြုခိုင်းတာ” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုး/ဇလဌာနရဲ့ မနေ့ စက်တင်ဘာ ၂၆ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်ဘက်ကို ဆက်လက် ရွေ့လျားသွားနိုင်ကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌ တောင်ပိုင်းကမ်းလွန် – အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ) တို့မှာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမို အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ဩရိဿပြည်နယ်‌ တောင်ပိုင်း – အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာလည်း မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေ အားအသင့်အတင့် ရှိနေတယ်လို့ သိရပါတယ်။
ထူးခြားတဲ့ အခြေအနေအနေနဲ့ ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ဟာ အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီးနောက် အဲဒီကနေတဆင့် အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားကာ စက်တင်ဘာ ၂၈ ရက်နေ့၊ ညပိုင်းမှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေဒေသတွေကို ဖြတ်ကျော် နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် မနေ့ စက်တင်ဘာ ၂၆ ရက်နေ့၊ ညနေပိုင်းမှ ‌လာမယ့် အောက်တိုဘာ ၂ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးကြီးနိုင်တဲ့ ဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေ အနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင် ပြင်ဆင်ထားစေလိုတယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
Photo – DMH

Related posts

Leave a Comment

VOM News

FREE
VIEW