လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၁)

ဆူးငှက်
ဤသို့ဖြင့် မနက်ပိုင်း ရုံတော်ကြီးက မီးလောင်ထားသည့် နဂါးကမ္ဘာလုံးတိုက် ဆင်ဝင်အောက်က ကိုငယ်(ကျောက်ဆည်)၏ ရွှေအိန္ဒြေစာအုပ်ဆိုင်မှာ၊ ထို့နောက် လူထုတိုက်မှာ၊ ၈၃လမ်းပေါ်က ဆရာဝင်းစည်သူ၏ ရွှေသရဖူ ကျူရှင်ခန်းလေးမှာ၊ ညာဉ့်ဦးပိုင်း ၃၃လမ်းနှင့် လမ်း၈၀ထောင့်က ခရမ်းရောင်စာပေမှာ စသည်ဖြင့် ကျွန်တော်လေးစားသော စာရေးဆရာများ ဆုံကြကာ ကိုယ့်စာမူပါသည့် မဂ္ဂဇင်းတွေ လဲလှယ်ဖတ်ကြ၊ ရေးပြီးသားစာမူတွေ အချင်းချင်းပေးဖတ်ကြနှင့် ကျွန်တော်ကတော့ သောင်းပြောင်းထွေလာ၊ စံပယ်ဖြူ၊ သဘင် စသော မဂ္ဂဇင်းတွေမှာ ဆောင်းပါးလေးတွေ ကြိုးကြားပါစပြုကာ ထိုစဉ်က ဝန်ထမ်းအလုပ်အားလပ်ချိန် ထိုဝိုင်းတွေဆီ အပြေးကလေး သွားရောက် အားကျနေသည့် ကာလများဖြစ်ပါသည်။ သည်လိုနှင့် ထိုစကားဝိုင်းတွေမှာ ဝတ္ထုတိုလှိုင်းသစ်ဟူသော စာအကြောင်း ပေအကြောင်းထက် လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေအပေါ် ဝေဖန်ဆန်းစစ်သည့် စကားတွေပဲ ပြောဖြစ်နေကြသည်။ သည်လိုနှင့်…
၁၉၈၈ သြဂုတ်လ ၈ရက်နေ့မှာပဲ အားလုံးချိန်းချက်ထားကြသလို မန္တလေးမှာ လူထုလှုပ်ရှားမှုတွေ စတင်ပါပြီ။ မန္တလေးက နာမည်ကျော် မြတောင်ကျောင်းတိုက်၏ “အေ” လမ်းဘက်က တံတိုင်းနံရံမှာ ခံစားချက်က ပွင့်အန်ထွက်လာသော ပိုစတာတွေ ဖွေးဖွေးလှုပ် နေပါပြီ။ အလားတူ၊ အာဇာနည်လမ်းဖက်က ဂွေးချိုတိုက် တံတိုင်းနံရံ၊ မစိုးရိမ်တိုက်သစ်တိုက်ဟောင်း တံခါးတိုင်းနှင့်နံရံများ …။ ပြီးတော့ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အိမ်တော်ရာဘုရား၊ သကျသီဟဘုရား မုခ်တိုင်များ …။
မနက်ဆွမ်းစားအပြီးမှာတော့ ရဟန်းသံဃာတော်များ၏ ဦးဆောင်မှုပါဝင်မှု၊ စတင်မှုများကြောင့် တစ်မြို့လုံး ဝါဝါထိန်လာသည်။ ကနဦးအစနေ့ အာဏာပိုင်များ၏ရဲ့ ဖြေရှင်းပုံကလည်း သင်းလှသည်။ ဈေးချိုနာရီစင်အနီး ဆန္ဒပြပြည်သူရဟန်းရှင်လူများနှင့် လုံထိန်းတပ် ထိပ် တိုက်တွေ့ပြီး ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်လာသည်။ ပြည်သူများက ဖောင်ဖျက်ပြီးပြီ။ မထူးတော့ဘူး။ ရှေ့တိုးကြပြီ။ ရှေ့နေ၊ ဆရာဝန်၊ ကျူ ရှင်ဆရာဆိုသော ပညာတတ် အလွှာများလည်း ရှေ့တန်းက ပါဝင်လာကြပြီ။ သည်လိုနဲ့ သြဂုတ် ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက် …၊ ၁၂ရက်…။
သည်အချိန် … ဝတ္ထုတိုလှိုင်းသစ်နှင့် စုစည်းမိနေကြသော မန္တလေးစာရေးဆရာ လူငယ်များ နှလုံးသားမှလည်း သြဂုတ်လ ၈ ရက်ကတည်းက ဆန္ဒပြ ဒီရေမှာ စီးဝင်နေကြပြီ။ စုစည်းမှုတော့မရှိသေး။ ၄၅ တာ တရားပွဲမှာ၊ သံလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့် တရားပွဲ စားပွဲခုံမှာ …၊ နောက် လက်ဆည်ကန် လူထုသတင်းစာတိုက်ရှေ့ အရေးပေါ် စားပွဲခုံပေါ်က စင်မြင့်မှာ ..။ ဤကဲ့သို့ ရှေ့က ကြွေးကြော်သံတွေ အုန်းအုန်းကြွက်နေချိန်မှာပဲ၊ လူထုသတင်းစာတိုက်ထဲက အတွင်းဧည့်ခန်းမှာ စာရေးဆရာ သတင်းစာဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာ နှင့် အတူ လူငယ်စာရေးဆရာများ ခေါင်းချင်းဆိုင်နေကြသည်။ ဒေါ်ဒေါ်က သြဂုတ် ၈ ရက်နေ့မှသည်၊ သည်ကနေ့ သြဂုတ် ၁၂ ရက် အထိ လူထုအုံကြွမှု အပေါ် အစိုးရ၏ ဖြေရှင်းကိုင်တွယ်ပုံကို စိတ်မချမ်းမသာဖြစ်ကြောင်း တဖွဖွပြောနေသည်။ ပြည်သူလူထုကိုယ်စား ပြောသင့်ပြောထိုက်၊ တောင်းဆိုသင့် တောင်းဆိုထိုက်သည်များကို စာပေသမားများက “ပြည်သူ့စကား” လုပ်ရမည်ဟု ဒေါ်ဒေါ်က ယုံကြည်သည်။ ထို့ကြောင့် ဒေါ်ဒေါ် က “မန္တလေးဆိုတာ စာပေတင်မကဘူး၊ သဘင်၊ ဂီတ၊ ပန်းချီပန်းပုစတဲ့ အနုပညာရှင်အသီးသီးက ပြည်သူတွေရဲ့ ဆန္ဒတွေ၊ ပြည်သူတွေ ရဲ့ လိုလားချက်တွေကို ပြည်သူတွေကိုယ်စား ထုတ်ပြန်ကြရမှာကွယ့်၊ ဒီထုတ်ပြန်ချက်ကို တို့တစ်တွေအားလုံး လက်မှတ်ထိုးပြီး၊ ကမ္ဘာသိ အောင်၊ တစ်တိုင်းတစ်ပြည်လုံးသိအောင်၊ အာဏာရှိအစိုးရ၊ အာဏာရှိပါတီကအစ သိအောင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ဆိုသည်။
ထို့ကြောင့် ဒေါ်ဒေါ်က သဘောထား ကြေညာချက် အကြမ်းရေးရန် ပုံနှိပ်တိုက်က ရိုက်ပျက် စက္ကူချောတစ်ဖက်လွတ်ကို ယူပြီး ကျွန်တော့်ရှေ့ချပေးသည်။ ကျွန်တော် မျက်လုံးတွေပျာဝေ၊ ရင်တွေ တလှပ်လှပ်ခုန်လို့။ သည်ရက်ပိုင်း မီတာ၆၀ရေဒီယိုက ၊ စာတိုက်က ဘယ်သို့ဘယ်ပုံရောက်လာမှန်းမသိသော စာရွက်စာတမ်းတွေထဲက အချက်အလက်တွေ ခေါင်းထဲပေါ်လာသည်။ ပေါ်လာသမျှ အချက်အလက် စကားလုံးတွေကို ချရေးလိုက်သည်။
“မန္တလေးစာပေပညာရှင်များ၊ သဘင်ပညာရှင်များ၊ ဂီတပညာရှင်များ၊ ပန်းချီပန်းပုပညာရှင်များနှင့် ယဉ်ကျေးမှု မျက်နှာစာအသီး သီးမှ ပညာရှင်များ၏ ပြည်သူများ ကိုယ်စားတောင်းဆိုချက်” ဟု ခေါင်းစီးတင်လိုက်၏။ “မန္တလေးမြို့ရှိ၊ စာပေ သဘင် ဂီတ ပန်းချီ ပန်းပု စသော ယဉ်ကျေးမှု မျက်နှာစာအသီးသီးမှ ပညာရှင်များ ဝါသနာရှင်များ ဖြစ်ကြသော အောက်တွင် လက်မှတ်ရေးထိုးထားသူများက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ရန်ကုန်မြို့နှင့် အခြားနယ်မြို့ကြီး၊ မြို့နယ်များနှင့် ကျေးရွာများတွင် ပေါ်ပေါက်ခဲ့သည့် ပြည်သူတို့၏ အုံကြွမှု၊ ဆန္ဒပြမှု အရေးအခင်းများနှင့်ပတ်သက်၍၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ မေတ္တာရပ်ခံသြဝါဒပေးချက်များနှင့်အညီ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသော ပြည်သူတို့၏ ရပိုင်ခွင့်အရလည်းကောင်း၊ တရားဥပဒေဘောင်အတွင်းမှ အောက်ပါအတိုင်း ဆန္ဒသဘောထားရှိကြောင်း တင်ပြအပ်ပါသည်”ဟု ဆက်သည်။ တင်ပြသော အချက်များကိုလည်း အစိုးရက လိုက်နာ ဆောင်ရွက် ပေးပါရန် လေးလေးနက်နက် တောင်းဆို လိုက်ပါသည်လို့လည်း ပါရှိသည်။
ထိုအချက်များကား (၁)ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုတဲ့အချက်တွေကို အလေးအနက် အသိအမှတ်ပြုရမယ်။ (၂) ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မည်သည့်နည်းနှင့်မျှ လက်နက်နှင့်ဖြေရှင်းခြင်းမပြုရဘူး။ (၃) ပြည်သူတစ်ရပ်လုံးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို သေးသိမ် စေမယ့် တစ်ဖက်သတ်ဝါဒဖြန့်မှုတွေ၊ မမှန်မကန် လုပ်ကြံ သတင်းလွှင့်မှုတွေ အမြန်ဆုံးရပ်စဲရမယ်။ (၄) ဆန္ဒပြပွဲအတွင်း လက်နက်နဲ့ မတရား ပစ်ခတ်နှိမ်နင်းလို့ သေဆုံးခဲ့ရသူတွေအတွက် အာဏာရပါတီနဲ့ အစိုးရက ထိုက်တန်စွာ လျော်ကြေးပေးရမယ်။ (၅) ဆန္ဒပြပွဲတွေ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူမှန်သမျှ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်။ (၆) ဆန္ဒပြမှုအတွင်း ရက်စက်စွာ ဖြိုခွင်းမှု ကြောင့် သေဆုံးသူများစာရင်းကို အတိကျဆုံး အမြန်ဖော်ထုတ်ပေးရမယ်။ (၇) တစ်နိုင်ငံလုံးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အသေခံ အဖမ်းခံပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တစ်ပါတီစနစ် ဖျက်သိမ်းပြီး ပါတီစုံ စနစ်ထူထောင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ရမယ် ဆိုသည်များ ဖြစ်သည်။ ကြေညာချက်ကို အကြမ်းရေးပြီး နောင်တော်ဆရာများဆီကတဆင့် ဒေါ်ဒေါ့် အတည်ပြုချက်ယူသည်။ ဒေါ်ဒေါ်က အနည်းငယ်ပဲ ပြင်ဆင်ကာ လက်နှိပ်စက်ဖြင့် အချောရိုက်ခိုင်းသည်။ ထို့နောက် လက်လှမ်းမီသမျှ စာပေနှင့် အနုပညာရှင်များထံ ထောက်ခံလက်မှတ်များ တောင်းခံကြသည်။ ဆရာညီပုလေး၊ ဆရာသင့်နော်တို့နှင့် ကျွန်တော်လည်းလိုက်ပါကာ လက်မှတ်ကောက်ကြတာမှတ်မိသည်။
မန္တလေးနှင့် အနီးဝန်းကျင်က စာပေပညာရှင်တွေ၊ အနုပညာရှင်တွေဆီက ထောက်ခံလက်မှတ်တွေ အမြန်ကောက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက၊ အစိုးရ၊ ပါတီ၊ နိုင်ငံတော်ကောင်စီ၊ ပြည်တွင်းပြည်ပမီဒီယာများ သတင်းဌာနများ၊ သံရုံးများ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကော်မရှင်စသော အဖွဲ့အစည်းတွေ၊ မြို့ပေါ်က သပိတ်စခန်းတွေ အသီးသီးကို ပေးပို့ တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်ကို စာရေးဆရာ၊ ဆရာမကြီးတွေသာမက ပညာရှင်များ၊ သဘင်၊ ဂီတ၊ သုခုမနယ်ပယ်သာမက ပန်းချီ ပန်းပု ပန်းဆယ်မျိုး ပညာရှင်ကြီးတွေကလည်း အားတက်သရော လက်မှတ်ရေးထိုးကြသည်။
သြဂုတ်လ ၁၂ ရက် သဘောထား တင်ပြတောင်းဆိုချက်များ ထုတ်ပြန်အပြီး၊ စာပေနှင့်အနုပညာရှင်များအဖွဲ့ သပိတ်စခန်းဖွင့်ခြင်း၊ စာပေနှင့်အနုပညာရှင်များ စစ်ကြောင်းထွက်၍ ဆန္ဒပြခြင်းများကို သက်ဆိုင်ရာ စစ်ကြောင်းကြီးများ၏ သံဃာတော် များ ဦးဆောင်မှုနှင့် စံနစ်တကျ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြသည်။ ဒါပေမယ့် စာရေးဆရာ၊ အနုပညာရှင်များ၏ ပခုံးပေါ် ကျရောက်လာသော သမိုင်းပေးတာဝန်ကို ထမ်းဆောင်မှုကား လုံလောက်ပါရဲ့လား။ သြဂုတ်လကုန်ခါနီး ဆန္ဒပြ အရှိန်အဟုန် မြင့်မားဆဲကာလမှာပဲ ကျွန်တော်တို့ ခေါင်းချင်းဆိုင်ကြပြန်သည်။ သည်အချိန် ရန်ကုန်ဗဟိုပြုပြီး တစ်ပြည်လုံး အတိုင်းအတာအရ သတင်းမှန်များ တိကျစွာ အလျင်အမြန် အပြန်အလှန် ချိတ်ဆက်နိုင်ရေး၊ ထုတ်ပြန်နိုင်ရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ မူဝါဒကြေညာရေးများက အရေးအကြီးဆုံး ဖြစ်နေပါပြီ။ ကောလဟာလ သတင်း များနှင့် ဒေါသစိတ်၊ မာန်မာနစိတ်များဖြင့် ပေါက်ကွဲမှု သတင်းတွေလည်း ဗလောင်ဆူနေပြီ။ အဖြူအမည်း မသဲမကွဲဖွယ် သတင်းတု သတင်းယောင်များ စတင်ထိုးနှက်လာသော ထိုအချိန် ကျွန်တော် တို့တစ်တွေ သတင်းစာတစ်စောင် အမြန်ထုတ်ဝေဖို့ သဘောတူညီလိုက်ကြသည်။
ကျွန်တော်တို့ သတင်းစာထုတ်ကြမယ်ဆိုတော့ “မန္တလေးစာပေနှင့်အနုပညာရှင်အဖွဲ့” ရုံးစိုက်ရာ ၈၃လမ်း၊ ၃၂x၃၃လမ်းကြား မြို့လယ်ဆူးခါးတိုက် အနောက်ပေါက်မှာရှိတဲ့ ကျူရှင်ရုံးခန်းမှာ ခေါင်းချင်းဆိုင်ကြသည်။ ထိုရုံးခန်းက ကျူရှင်ဆရာ ဦးခင်မောင်အုန်း (အင်္ဂလိပ်စာ) နှင့် ဆရာဦးစိန်မောင်ဝင်း (မြန်မာစာ) တို့၏ ကျူရှင်သင်တန်းခန်းမဖြစ်သည်။ ဦးစိန်မောင်ဝင်း(မြန်မာစာ) ဆိုတာ စာရေးဆရာ ဝင်းစည်သူပါ ပဲ။ ဒီမှာ ခေါင်းချင်ဆိုင်ကြတော့ အယ်ဒီတာချုပ်အဖြစ် ဆရာဝင်းစည်သူနှင့် အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဆရာညီပုလေး၊ ကျွန်တော် (အဲဒီ ကာလက ဆူးငှက်မဖြစ်သေး၊ ဆန်းကျော်မောင်ပေါ့)၊ ဆရာချမ်းမြေ့အေး(ယခုကွယ်လွန်၊ အငြိမ့်အော်ပရာတွေလည်း ရေးသားတင်ဆက်သူ)၊ ဆရာကိုငြီးချမ်း (သူက သဘင်ဆောင်းပါးတွေရေးသူ)၊ ဒီဇိုင်းက မောင်မောင်ချိုဦး (သူက ဇေသော်နာမည်နဲ့လည်း ရုပ်ပြဝတ္တု ဇာတ်လမ်းတွေရေးသူ)၊ အယ်ဒီတာအဖွဲ့ကို ကြီးကြပ်သူတွေကတော့ ဆရာသိုက်ထွန်းသက်၊ ဆရာကျော်ရင်မြင့်၊ ဆရာရဲသျှမ်း တို့ပါပဲ။ သတင်းစာဝိုင်းတော်သားတွေအဖြစ် ကာတွန်းမောင်ဝင်းအောင်(မန္တလေး)၊ ကိုငယ်(ကျောက်ဆည်)၊ ကိုသန့်ဇော်(သန့်ဇော်- မြို့မ)၊ ကိုရွှေမိုး စသူတွေပါပဲ။ မန္တလေးစာပေနှင့် အနုပညာရှင်များအဖွဲ့ (နောင်သမဂ္ဂ)မှာ ဥက္ကဋ္ဌအဖြစ်ကို ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က တာဝန်ယူခဲ့သည်။ ဆရာကြည်အောင်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမ နုနုရည်(အင်းဝ)၊ ဆရာညိုထွန်းလူ၊ လူရွှင်တော်ချစ်စရာ၊ ဆရာ ကံချွန် တို့ကတော့ မြို့လုံးပတ်လည် ဟောပြောပွဲများကို တာဝန်ယူကြသည်။
သတင်းစာထုတ်ကြမယ်ဆိုတော့ ရှေ့မှာ ပထမဦးဆုံး ဈေးဦးပေါက် သတင်းစာက ဥတ္တရလွင်ပြင် ကိုသန်းဌေး(ဆရာသင့်နော်) တို့၏ “အရေးတော်ပုံ” က ရှိနှင့်ထွက်နှင့်နေသည်။ နာမည်ကလည်း အားကောင်းသည်။ ကိုသန်းဌေးကလည်း လုပ်တတ်ကိုင်တတ်မို့ အရေးတော်ပုံက ထွက်ကတည်းက ပေါက်သည်။ အဖွဲ့အစည်းနှင့် လုပ်ကြမည့် ကျွန်တော်တို့သတင်းစာကို ဝါရင့် သတင်းစာဆရာ စာရေးဆရာကြီး ဆရာကြည်မြရှေ့မှာပင် တိုင်ပင် နာမည်ရွေးကြတော့ တော်တော်နှင့် စိတ်ကြိုက်မရ။ “အောင်စည်” ဆိုတာ ကြိုက်ပေမယ့်၊ ရှေးက “ရွှေမန်းအောင်စည်” အမည်နှင့် သတင်းစာထုတ်ခဲ့ဖူးလို့ လက်ရှောင်လိုက်ကြသည်။ နောက်ဆုံး လူထုကြားမှာ ရေပန်းစားနေသော နာမည် ဖြစ်သည့် “ရှစ်လေးလုံး” ပဲ ရွေးလိုက်ကြသည်။ သတင်းစာဆိုသော်ငြား ထိုအချိန်ကာလ အခြေအနေအရ ၈လက်မခွဲ ၁၃ လက်မ စက္ကူ တစ်ဝက်ချိုးဆိုဒ် ၄ဖောင် ရှစ်မျက်နှာပဲရှိပြီး လက်ရေးစာလုံး စာစီကာ ဓာတ်ပုံကို ဖြတ်ညှပ်ဒီဇိုင်းဆင်ရသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ ၃၀ ရက်၊ ၁၃၅၀ ပြည့်နှစ် ဝါခေါင်လဆုတ် ၁၄ ရက် ဗုဒ္ဓဟူးနေ့ကစပြီး အမှတ်စဉ် ၁` ကို ထုတ်ဝေခဲ့သည်။ အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၉ ရက်နေ့မှာအထိ ပစ်သံခတ်သံတွေကြားမှာ သတင်းစာကို ပြေးရင်းလွှားရင်း ထုတ်ခဲ့ကြ ပါသေးသည်။ သတင်းစာအစောင် ၂၀ သက်တမ်းရှိခဲ့တာပေါ့လေ …။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW