သူတို့အိမ် အခန်း – ၁၃

ဆူးငှက်

 

အစ်မများနှင့် ဆရာကြီးဦးလှဝင်းကျောင်း
————————————–

ကျွန်တော်တို့အိမ်မှာ မောင်နှမ ၅ယောက်ရှိရာ အစ်မအကြီးဆုံးက စစ်ကြီးနှင့် ကြုံရသောကြောင့် အတန်းပညာ တပိုင်းတစနှင့် အိမ်ထောင်ကျသွားသည်။ ဒုတိယအစ်မ တတိယအစ်မ စတုတ္ထအစ်မတို့က သကျသီဟဘုရားမြောက်မုခ်က ဆရာကြီးဦးလှဝင်း၏ မူလတန်းကျောင်းမှာ ပညာသင်ကြသည်။ ထိုစဉ်က ဝင်းထဲရှိ ရပ်ဆွေ ရပ်မျိုးများ၏ သားသမီးအများစုက ဦးလှဝင်းကျောင်းမှာ ပညာသင်ကြသည်။ ဦးကြီးဦးလှတင်၏ သားသမီး အကြီးတွေလည်း ဦးလှဝင်းကျောင်းမှာ ထားသည်။ ဆရာကြီးဦးလှဝင်းက စာအသင်အပြကောင်းသလို ကျောင်းပြေး စာမကျက်လျှင် အရိုက်ကြမ်း သတဲ့။ အမေက အမြဲပြောသည်။ သူ ဆီရောင်းသွားစဉ် ဦးလှဝင်း ကျောင်းရှေ့အရောက် ကျောင်းသားလေး တစ်ယောက်ကို ဆရာကြီးက ကြိမ်နှင့် ရိုက်နေတာ တွေ့တော့ အမြင်မတော်တာနှင့် ဆီဗျပ်ချပြီး ဆရာကြီးရယ် တော်ပါတော့ ဆိုကာ ဝင်ဆွဲသတဲ့။ အဲ့ဒါမြင်ပြီး ကတည်းက သူ့သမီးတွေ ကျောင်းကနှုတ်ပါမယ်လုပ်လို့ အဘက ဟန့်ရသတဲ့။

 

ဒါလောက် က ချင်ရင် ပန်တျာကျောင်းတက်တော့
———————————————–

ဦးလှဝင်းကျောင်းမှာ ဆက်နေပြီး ၄တန်းအောင်တော့ အကြီး၂ယောက်က ရွှေကျီးမြင်ဘုရားအရှေ့ဘက်က အမျိုးသမီးကျောင်း (ယခု အ.ထ.က- ၄) သို့ဆက်တက်ကြသည်။ ဒုတိယအစ်မက ခုနစ်တန်းအောင် ၈တန်းအတက်မှာ အိမ်ထောင်ပြုလို့ အမေက တဖွဖွ အပြစ်တင်သည်။ တတိယအစ်မကလည်း ၇တန်းအအောင်မှာ ဈေးရောင်းမယ်ဟု ဆိုကာ ကျောင်းဆက်မတက်။ စတုတ္ထအစ်မက တစ်မိပေါက် တစ်ယောက်ထွန်းဟု ပြောရမတဲ့။ ငယ်ငယ်ကတည်းက ဝါသနာပါလိုက်သည့် အက။ သီချင်းသံ တီးလုံးသံ ကြားတာနှင့် ထ က သည်။ အိမ်မှာလည်း အဘပုဆိုးကြီး လိန်၍ ခေါင်းမှာစွပ် ဆံထုံးလုပ်ကာ စောင်ကို ပြန့်ထမီလိုဝတ်ပြီး က နေတော့တာပဲတဲ့။ ကတာကလည်း ငယ်စဉ်ကတည်းက အချိုးကျသတဲ့။

ဒီတော့ အမေက သူ့ကို အမေဆီရောင်းသည့်နေရာ ဖြစ်သော ညွန့်ပေါင်းဈေးနားက ပန်တျာကျောင်းသို့ ပို့မည်ဟုပြောသည်။ အဘ က ပန်တျာကျောင်းက ညွန့်ပေါင်းဈေးနားမှာ မရှိတော့ဘူး၊ ဟို ကျုံးအရှေ့ဘက်ထဲ ပြောင်းသွားပြီ။ နင့်သမီး အဝေးကြီး သွားရမှာ ဖြစ်ပါ့မလားဆိုတော့ အမေက အို တော်.. ဘတ်စကားတွေရှိတာပဲ၊ ကားစီးသွားလို့ ရတာပဲ၊ ကျုပ်တော့ မြို့ဂုဏ်ရောင်အရှေ့ဘက်က ဆရာမကြီး မသောင်းဆီ အပ်လိုက်ချင်တာပဲတဲ့။ ဆရာမကြီး မသောင်းဆိုတာကလည်း အမေ့ဆီဖောက်သည် ဖြစ်သည်။ ပန်တျာကျောင်းက အကဆရာမကြီး ဒေါ်သြဘာသောင်း ပေါ့။ အစ်မကလည်း အဘနှင့် အမေတိုင်ပင်နေကတည်းက ပန်တျာကျောင်းတက်မယ် ပန်တျာကျောင်းတက်မယ် ဖြစ်နေတော့ အဘလည်း မငြင်းသာတော့ပေ။ ဒါကြောင့် အစ်မငယ်က ဦးလှဝင်းကျောင်းက အပြီး ဆရာမကြီးဒေါ်သြဘာသောင်း ထံမှ တဆင့် ပန်တျာကျောင်းသို့ ရောက်သွားသည်။

 

ဦးပဏ္ဏဝံကျောင်းသား
———————-

ကျွန်တော့ကိုတော့ အမေကိုယ်နှိုက်က ဦးလှဝင်းကျောင်းသို့ မထား။ ဝင်းမြောက်ဘက် ဒက္ခိဏဝန် ကျောင်းတိုက် ထဲက ဦးပဏ္ဏဝံကျောင်းသို့ အပ်သည်။ ဦးပဏ္ဏဝံကျောင်းမှာက အရပ်ထဲက တော်တော်များများ ရှိသည်။ ဦးပဏ္ဏဝံအရင် ဦးသြဘာ လက်ထက်ကတည်းက အိမ်တော်ရာ ဝန်းကျင်ရှိ ရပ်ကွက်များ၏ စာသင်ကျောင်းဖြစ်ခဲ့သည်။ စကားစပ်လို့ ပြောရလျှင် ဆရာကြီးရွှေဥဒေါင်း ငယ်စဉ် မဲအိုးတန်းရပ်၌ နေစဉ် ဒက္ခိဏဝံတိုက်တွင် ကျောင်းတက်ခဲ့သည်။ အလားတူ ဆရာကြီး မန်းတင် ငယ်စဉ်ကလည်း ဒက္ခိဏဝံတိုက်မှာ ကိုရင်ဝတ်နှင့် စာသင်ခဲ့သည်။ ကျွန်တော့ကို ကျောင်းအပ်တော့ အစ်မကြီးက ရေမိုးချိုးပေကာ မျက်နှာကိုလည်း သနပ်ခါးလိမ်းပေးသည်။ အင်္ကျီသစ်လေး ဘောင်းဘီသစ်လေးဝတ်ပေးပြီး ခေါင်းကိုလည်း အုန်းဆီအရွှဲသားနှင့် ခေါင်းဖြီးပေးသည်။

အမေက လင်ပန်ထဲတွင် ဆန်လေးတစ်ပြီနှင့် ငှက်ပျောတစ်ဖီး ထည့်ကာ ခေါင်းပေါ်ရွက်ပြီး ကျွန်တော့လက်ဆွဲ၍ ဦးပဏ္ဏဝံထံ ကျောင်းအပ်သည်။ သြော် မေ့လို့ လင်ပန်းထဲက ဆန်မှာ ကျွန်တော့ ရက်ချုပ် ဇာတာလေးလည်း ထည့်ထားတာ မှတ်မိသည်။ အိမ်တော်ရာဘုရား တောင်ဘက်မုခ် အဆင်း အရှေ့ဘက်က ပွဲစားကျောင်းမှာ သီတင်းသုံးနေသည့် ဦးပဏ္ဏဝံရှေ့တွင် လင်ပန်းလေးချ ဝတ်ပြုပြီး တပည့်တော် ကိုလှသောင် ဆီစက်ဝင်းထဲကပါဘုရား၊ သားလေး ကျောင်းအပ်ချင်လို့ပါ ဟု လျှောက်တော့ ဘုန်းကြီးက ဘယ်နှနှစ်ရှိပြီလဲ ပြစမ်း မင်းလက်နဲ့ ခေါင်းပေါ်ကျော်ပြီး နားရွက် ကိုင်ကြည့် မှီပြီလား ဟု မိန့်သည်။ ကျွန်တော်က ညာဘက်လက်ကို ခေါင်းပေါ်က ကျော်ပြီး ဘယ်ဘက်နားရွက် ကိုင်ပြသည်။

 

ကျုပ်က မိန်းခလေးမှတ်နေတာတဲ့
———————————

ဆရာတော်က ဆန်ထဲထိုးစိုက်ထားသော ဇာတာလေးယူကြည့်ပြီး ၁၉ခုဖွားဆိုတော့ အခု ၂၄ခု၊ အင်း ၅နှစ်ပြည့်ပါပြီ။ မှန်း နံမယ်က မောင်ချစ်ထွန်းတဲ့လား၊ ကျုပ်က သနပ်ခါးတွေ အဖွေးသား ပါးကွက်နဲ့ဆိုတော့ မိန်းကလေးမှတ်နေတာ ဟု မိန့်ကာ ရယ်သည်။ အမေက မောင်ချစ်ထွန်းက ဇာတာထဲက ပုဏ္ဏားပေးတဲ့ နာမည်ပါဘုရား၊ အိမ်နာမည်က မောင်ကျော်ဆန်းပါဘုရား ဟုပြန်လျှောက်သည်။ ဆရာတော်က ကျော်ဆန်း၊ အေး ကျော်ရ ဆန်းရမှာပေါ့ကွာ ကျောင်းနေပြီး စာသင်မှာမဟုတ်လားကွ ဆိုတော့ ကျွန်တော်က ဟုတ် ဟု ခေါင်းညိတ်တော့ အမေက ဟဲ့ တင်ပါ့ဘုရားလို့ လျှောက်ရတယ်ဟု ပြောသဖြင့် လက်အုပ်လေးချီကာ တင်ပါ့ဘုရားဟု ပြန်လျှောက်သည်။

ဆရာတော်က အနားရှိ ကြိမ်လုံးကြီးနှင့် ကြမ်းပြင်ကို တဘုန်းဘုန်းရိုက်ပြီး ကိုရင်ဟု ခေါ်တော့ အသားညိုညိုနှင့် ကိုရင်တစ်ပါး လက်အုပ်ချီဝင်လာသည်။ ဆန်တွေ စဉ့်အိုးထဲပေါင်းထား၊ ငှက်ပျောဖီးကို ကျက်သရေခန်း ထဲထားလိုက်၊ ကလေးကို ခေါ်သွားပြီး ကိုရင်ညိုဌေးဆီပို့ထား ပြီးမှ ငါလာခဲ့မယ်။ ကိုင်းဒကာမကြီး ကလေးကိုထားခဲ့တော့၊ ဒကာမကြီးသားက ကျောင်းပျော်မှာပါဗျ ဟု မိန့်တော့ အမေက လင်ပန်လေးထဲ ဇာတာလေး ထည့်ပြီး ဆရာတော်ကို ဝတ်ပြုသည်။ ကျွန်တော်က ကိုရင်ပုခုံးဖက် ခေါ်သွားသည့် ကျောင်းထဲ လိုက်သွားရင်း အမေ့ကိုလှည့်ကြည့်သည်။ အမေကလည်း ကျောင်းလှေခါးကအဆင်း လင်ပန်းလွတ်လေး ရွက်ကာ လှမ်းကြည့်သည်။ ကိုရင်က ခပ်သွက်သွက် လှမ်းလို့ အမီလိုက်ရင်း ရွယ်တူကလေးတွေ ဖျာတစ်ချပ်ပေါ်ထိုင်ကာ စာသင်နေကြသည့် ထဲနောက်က ဝင်ထိုင်သည်။ ရှေ့မှာ သင်ပုန်းတစ်ချပ်ထောင်ထားပြီး စာလုံးတွေ မြင်နေရသည်။ အသားညိုညို ကျောက်ပေါက်မာ သက်သက်နှင့် ကိုရင်ကြီးတစ်ပါးက ကြိမ်တချောင်းနှင့် သင်ပုန်းပေါ်က စာတွေ ထောက်ပြရင်း လိုက်ဆိုခိုင်းနေသည်။ ကျွန်တော့ ကျောင်းတော်သား ပထမဆုံးနေ့က ဒါပါပဲလေ ဘာမှ မခမ်းနား။

 

တပေါင်းလ အလှူ
—————–

ထိုနှစ်က ကျွန်တော့အတွက် ထူးခြားသည့် နှစ်ဟု ဆိုရမည်။ ငယ်ငယ်ရွယ်ရွယ်နှင့် စိန်ပန်းဂတ်တဲမှာ ညအိပ်ရသည်။ နောက် ၄လလောက်နေတော့ ကျောင်းစတက်ရသည်။ ဟော.. နွေရာသီ တပေါင်းလ ကျောင်းပိတ်ရင် ရွာက ဦးကြီးချစ်တီးက လှူမှာတဲ့၊ ကျွန်တော်က မောင်ရှင်လောင်းဝတ်ပြီး ကိုရင်ဝတ်ရမှာတဲ့။ ဦးကြီးချစ်တီးဆိုတာ အဘနှင့် ညီအစ်ကိုဝမ်းကွဲတော်သည်။ အဘက သူ့ဖခင် ဦးလူနီ၏ အိမ်ရှိသော်လည်း ရွာပြန်တိုင်း ဦးကြီးချစ်တီး အိမ်မှာပဲ စတည်းချသည်။ အဘက ကိုချစ်တီးဟုခေါ်ပြီး အဘနှင့် သားရေးသမီးရေး လုပ်ငန်းကိုင်ငန်းက အစ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်သည်။

ဦးကြီးချစ်တီး ဇနီးက ဒေါ်အေးညွန့်တဲ့။ သူတို့မှာ သမီးတစ်ယောက်ပဲရှိသည်။ မဝါတဲ့။ ကျွန်တော်တို့က မမဝါဟုခေါ်သည်။ ဦးကြီးဦးချစ်တီးနှင့် မျက်နှာချင်းဆိုင်မှာ ဦးကြီးဘရင်ရှိသည်။ ဦးကြီးဘရင် ဇနီး ဒေါ်အေးတင်နှင့် ဦးကြီးချစ်တီး ဇနီး ဒေါ်အေးညွန့်က ညီအစ်မ အရင်းဖြစ်သည်။ ဦးကြီးဘရင်မှာလည်း သမီး၂ယောက်ပဲရှိသည်။ မဝင်းတဲ့ မကြည်တဲ့။ အဘက ရွာရောက်လျှင် ဦးကြီးချစ်တီးနှင့် ဓာတ်ကျသလို ကျွန်တော်က ရွာရောက်တာနှင့် ဦးကြီးဘရင် အနားကမခွာ။

 

ရွှေမြင်တင ်တောင်တကြောမှာ
———————————–

ဦးကြီးချစ်တီးက စွပ်ကျယ်လက်စက သို့မဟုတ် ဖျင်အင်္ကျီကိုဝတ်ကာ ခေါင်းပေါင်းကြီးအမြဲပေါင်း၍ ဆေးပေါ့လိပ် ဒါမှမဟုတ် ပြောင်းဖူးဖက်ကြီး မီးမပြတ်တမ်းဖွာနေတတ်သည်။ ဦးကြီးဘရင်က ဘယ်တော့မှ သူ့ကိုယ်ပေါ်မှာ အင်္ကျီမရှိ၊ ဖျင်ပုဆိုးပိုင်းတစ်ထည်ပဲ ပုခုံးပေါ်သိုင်းထားသည်။ အနားမှာ ဆေးရွက်ကြီးဘန်းထားကာ ဆေးရွက်ကြီးပဲ တဗျစ်ဗျစ်ငုံသည်။ ကျွန်တော်က ဦးကြီးဘရင်အနားကပ်နေသည်မှာ သူ့အိမ်တံ့စက်မိတ်တွင် ဝါးလေးတွေ စိပ်ကာ ပြုလုပ်ထားသည့် ငှက်အိမ်လေး ၂လုံးရှိပြီး အထဲမှာ ချိုးငှက်လေးတွေ တစ်ကောင်စီရှိသည်။ ချိုးလေးတွေက ယဉ်နေ၏။ ဦးကြီးက ကျွန်တော်လာလျှင် ကျွန်တော့်ကိုခေါ်ကာ ချိုးထောင်ထွက်သည်။

မွေးထားသော ချိုးငှက်ကလေးကို တောထဲယူပြီး ကူသံပေးစေကာ တောချိုးငှက် အရိုင်းကို ထောင်ဖမ်းသည်။ ဖမ်းပြီး ဦးကြီးက ဝါးအိမ်လေးပြုလုပ်ပြီး အိမ်မှာ အလှမွေးတာပါပဲ။ ဦးကြီး ချိုးထောင်သည့်နေရာက ရွာ၏ အရှေ့ဘက် ရွှေမြင်တင်တောင်ရိုးကိုပင် ကျော်သည်။ ဖိနပ်မပါ၊ ချည်ပုဆိုးကို တိုတိုဝတ်၊ ပုဆိုးတစ်ပိုင်း ပုခုံးမှာသိုင်း၊ ဓားမကြီး ခါးကြားထိုးကာ ချိုးလှောင်အိမ်ကိုင်လျှက် တောလှည်းလမ်းဟောင်းအတိုင်း ရှေ့ကသွားနေသော ဦးကြီးနောက်က ကျွန်တော့်မှာ ချွေးအရွှဲသားနှင့် မငြီးမငြူ ဒရွတ်တိုက်လိုက်မြဲဖြစ်သည်။ ဦးကြီးချစ်တီး အလှူပြန်ချိန်မှာတော့ ဦးကြီးဘရင်က ရဲကျော်ဆန်း ဒီနှစ် မင်းက ကိုရင်ဝတ်ရမှာဆိုတော့ ချိုးထောင်မသွားကြမှဖြစ်မှာကွ၊ ငရဲကြီးလိမ့်မယ်ဟု ဆိုသည်။

 

မန္တလေး မင်းသမီး
——————–

ဦးကြီးချစ်တီး အလှူက အိမ်ရှေ့မှာ ထန်းလက်မိုး မဏ္ဍပ်ထိုးပြီး ကျင်းပသည်။ သူ့မှာ သားတွေမရှိတော့ တူများ မြေးများကို လှူခြင်းဖြစ်သည်။ အလှူဝင်ညမှာ မဏ္ဍပ်ထဲ ခုတင်ကြီးနှစ်လုံးဆက်၍ စင်ထိုးကာ ရွာတီးဝိုင်းနှင့် ဧည့်ခံချိန် ပန်တျာကျောင်းသူ အသစ်ဖြစ်သည့် အစ်မ မခင်ဝင်း က မင်းသမီးဝတ်နှင့် ကသည်။ ရွာခံ လူရွှင်တော်များနှင့်ပင် အငြိမ့်ခန်းကသည်။ အဲ့ဒီအချိန် အစ်မက ၁၄နှစ်သမီးပဲ ရှိဦးမှာပေါ့။ ကိုပေါလူ မချောရင် သမီးလေး ခင်ဝင်းတဲ့ က တတ်လိုက်တာ တကယ့်မင်းသမီးကြီး အတိုင်းပဲဟု ရွာက အားပေးလိုက်သည့်ဖြစ်ခြင်း။ သူတို့ သမီးအတွက် အဘနှင့် အမေမှာ ပျော်မဆုံးတော့။

မှတ်မှတ်ရရ ကျွန်တော် ၆နှစ်သားက ကိုရင် စဝတ်သည့် ညမှာပင် မြောက်ရပ်ဘုရားပွဲ ရွှေမန်းကျော်တင် ဇာတ် ပွဲခင်းထဲ လှည်းဝိုင်းက အမေ့ရင်ခွင်မှာ ဆာလို့ ငိုသည်။ ဒီအချိန်ကြီး ဘာစားမှာလဲ ကိုရင်၊ ညစာမစားရဘူးလေဟု ဝိုင်းချော့တော့ အငိုမတိတ်ဘဲ မုန့်သိုင်းခြုံစားမှာ ဟုပူဆာသည်။ အဘက ကဲ.. ကလေးက ငယ်ပါသေးတယ်။ သင်္ကန်းနဲ့ ငရဲကြီးပါလိမ့်မယ် သင်္ကန်းချွတ်လိုက်တော့ဟု ဆိုပြီး မုန့်သိုင်းခြုံတွေ ဝယ်ကျွေးသည်။

နောက်ထပ် အမှတ်ရစရာ တစ်ခုက အလုပ်အကိုင် မရှိတော့ဘဲ ကြုံသလို လုပ်စားနေရလို့ အဆင်မပြေ သဖြင့် အဘ၏ ရွာက ပန်းချင်းယာခင်းကို ဦးကြီးဦးချစ်တီးထံ ငွေ၃၀၀ကျပ်နှင့် ပေါင်နှံခဲ့ခြင်းဖြစ်ပါ၏။

 

 

ဆူးငှက်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW