စက်တင်ဘာလ ၂၇၊ ၂၀၂၅
Shy V (VOM)
သိန္နီမြို့၊ ရပ်ကွက် ၄၊ ပန်လော့ဈေး ရင်ပြင်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း အများပြည်သူရှေ့ MNDAA သေဒဏ်ချမှတ်တဲ့ အထဲ တရုတ် ကျောင်းဆရာမကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အပါအဝင် ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ဓားပြတိုက် လူသတ်မှုတွေပါဝင်ကြောင်း ဒေသခံတွေနဲ့ MNDAA ဘက်က ထုတ်ပြန်ချက် အရ သိရပါတယ်။
“လီကြည်ဖူ ဆိုတဲ့ တယောက်က တရုတ်ကျောင်း ဆရာမကို မုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်တာလေ။ ပိုက်ဆံလည်း ယူလိုက်တယ်။ သတ်လည်း သတ်လိုက်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
သတ်ဖြတ် ခံခဲ့ရသူ ကျောင်းဆရာမရဲ့ လက်ထဲ ကိုင်ထားတဲ့ ဆံပင်ကို DNA သွားစစ်လိုက်တာမှာ လီကြည်ဖူ ဖြစ်နေတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
MNDAA ဘက်က အထူးဒေသ ၁ တရားစီရင်မှုကို သိန္နီ ရပ်ကွက် ၄ ရင်ပြင်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီခန့်က ဒေသခံ ပြည်သူ ရာချီ ရှေ့မှောက်မှာ မှုခင်းကြီး ၄ ခုကို စီရင်ချက်ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပထမမှုခင်းက ပြန်ပေးဆွဲမှုဖြစ်ပြီး ကုန်စုံဆိုင် ပိုင်ရှင်ကို ပြန်ပေးဆွဲကာ ငွေ ကျပ် သိန်း ၅၀၀ တောင်းခံခဲ့တာဖြစ်ပြီး အဓိက ဦးဆောင်သူ တင်မိုးဝင်းကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ယွမ်ငွေ ၆၀၀၀၊ ပါဝင်သူ သုတကိုကိုနဲ့ ကောင်းဒွေးကျော်ကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ယွမ် ၆၀၀၀ ချမှတ်ခဲ့ကြောင်း၊ ဖမ်းဆီချိန် တုံ့ပြန်တိုက်ခိုက်တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့လို့ ပြန်ပေးဆွဲ အဖွဲ့ဝင် ဇော်ညီဝင်း သေဆုံးခဲ့ကြောင်းလို့ ဖော်ပြထားပါတယ်။
ဒုတိယအမှုက ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာဖြစ်စေပြီး သေဆုံ;စေမှု ဖြစ်ပြီး အငြင်းပွားမှုကြောင့် ဓားနဲ့ လူသတ်မှု ကျူးလွန်ခဲ့သူ ကျော်နိုင်လတ်ကို သေဒဏ်ချမှတ်ခဲ့ပြီး ၂ နှစ်အတွင်း သေဒဏ်အတည်ပြုဖို့နဲ့ ပိုင်ဆိုင်မှု ပစ္စည်း အားလုံး သိမ်းဖို့ ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တတိယမှုက ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူ MNDAA တပ်သားဖြစ် လီကြည်ဖူဖြစ်ပြီး ယခင်ကွာရှင်း ပြတ်စဲသွားပြီ ဖြစ်ကြောင်း လိမ်လည် ပြောဆိုခဲ့ကာ ခင်ပွန်းပြန်လာမယ်လို့ ပြောတဲ့ ချစ်သူ မိန်းကလေး အပေါ် ဒေါသထွက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး တပ်မှထုတ်ပယ် သေဒဏ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်အမှုက သေနတ်နဲ့ ဓားပြတိုက် လူသတ်မှု ဖြစ်ပြီး ကုန်တင်ကားကို ဓားပြတိုက်ကာ လူ နှစ်ဦးကို သတ်ခဲ့ကာ ဖုန်း၊ ငွေ၊ တွေကို ယူဆောင်သွားတဲ့ MNDAA တပ်ဖွဲ့ဝင် ရှန်ရှင်းဖား ကို သေဒဏ်ချမှတ်ခဲ့ကာ ပါဝင်သူ MNDAA တပ်ဖွဲ့ဝင် ကိုက်ညွှန်းကို တပ်မှ ထုတ်ပယ်ကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဒဏ် ချမှတ်ခံရသူတွေကို သေနတ်နဲ့ ပြစ်ဒဏ်စီရင်ခဲ့ကြောင်း၊ လူမှုတရားမျှတမှု တည်ဆောက်ဖို့၊ ရာဇဝတ်မှု လျှော့ချဖို့၊ အများပြည်သူ ယုံကြည်မှု တည်ဆောက်ဖို့ ပြစ်မှုကျူးလွန် သူတိုင်းကို တရားဥပဒေ အရ တင်းကြပ်စွာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်တွေက လားရှိုး၊ သီပေါ နဲ့ သိန္နီမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး နေအိမ်ပြုပြင်မွမ်းမံတဲ့ အလုပ်လုပ်သူတွေနဲ့ MNDAA တပ်သားတွေဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
MNDAA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှု ကြီးကြီးမားမား ကျူးလွန်ခဲ့တဲ့သူတွေကို လားရှိုး၊ လောက်ကိုင်တို့မှာ လည်းသေဒဏ် စီရင်ခဲ့တာ ရှိခဲ့ပါတယ်။
Photo Crd# The Kokang
