စစ်ကိုင်း- စက်တင်ဘာ- ၂၈- ၂၀၂၅
SA(VOM)
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့မှာလည်း အဆောက်အဦးများစွား ပျက်စီးခဲ့ပြီး ပိတ်မိနေသူတွေထဲက ၃၇ ဦးကို စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့က အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒီကနေ့ စက်တင် ဘာ ၂၈ ရက်နေ့ ငလျင် ၆ လပြည့် အထိမ်းအမှတ်အဖြစ် ဆက်သွယ်လို့ရတဲ့ ပြည်သူနှစ်ဦးကို အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။
စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဟာ ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့တဲ့ အဆောက်အဦတွေထဲက ဒေသခံပြည်သူ ၃၇ ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ၃၇ ဦးထဲကမှ ၂ ဦးကိုသာ ဆက်သွယ်ရရှိခဲ့တာကြောင့် ဒီကနေ့ ငလျင် ၆ လပြည့်နေ့မှာ အထိမ်းအမှတ် အမှတ်တရလက်ဆောင်တွေပေးအပ်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးမှုး ဦးထက်အောင်က ပြောပါတယ်။
စစ်ကိုင်းခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနက စစ်ကိုင်းမြို့ပေါ်က ငလျင်ကြောင့် သေဆုံးသူ ၁၆၀ ဦးကို ထုတ်ယူပေးခဲ့ပြီး ၃၇ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့မှာတော့ ငလျင်ဘေးကယ်ဆယ်ရေး စခန်းတွေ အားလုံး မရှိတော့ပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်မှာ ဘာသာရေးအဆောက်အဦ ၃၉၄ လုံး၊ ဌာနပိုင်အဆောက်ဦ ၇၄၂ လုံး၊ လူနေအိမ် ၄၆၉၀၊ ပျက်စီးခဲ့ကာ ဗုဒ္ဓဘာသာ ၄၅၁ ဦး၊ အစ္စလာမ်ဘာသာဝင် ၁၃၈ ဦး၊ ဟိန္ဒူဘာသာဝင် ၁ ဦး စုစု ပေါင်း ၅၈၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာ ခန့်မှန်း ၉၂၆ ယောက်ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
မုံရွာမြို့မှာတော့ ဘာသာရေး အဆောက်အဦ မထိခိုက်၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံးပျက်စီး၊ သေဆုံး ၁ ဦး နဲ့ ထိခိုက်ဒဏ်ရာ မရှိ ဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
ရွှေဘိုမြို့မှာတော့ ဘာသာရေးအဆောက်အဦး ၁၂၀၊ ဌာနဆိုင်ရာ အဆောက်အဦ ၇၁ လုံး၊ လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ကာ ဗုဒ္ဓဘာသာ ၁ ဦး၊ အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရတာ ၁၉ ဦး ရှိတယ်လို့သိရပါတယ်။
ဝက်လက်မြို့နယ်မှာတော့ ဘာသာရေးအဆောက်အဦး ၁၀ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၈ ခု၊ လူနေအိမ် ၁၁ လုံးတို့ ပျက်စီးခဲ့ပြီး သေဆုံးထိခိုက် မရှိဘူးလို့ ၉ – ၄ – ၂၀၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီရင်ခံစာအရ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့ကစလို့ ဒီကနေ့ စက်တင်ဘာ ၂၈ က်နေ့အထိ မြန်မာနိုင်ငံအတွင်း ငလျင်အကြိမ်ပေါင်း ၂၃၅ ကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့ – SA(VOM)
